Saturday, June 18, 2011
မ တို့ ပန်းရောင် ၀တ်ပါ။
     ကျွန်မ ဘာအရောင်ကြိုက်လည်းမေးရင်တော့ မဖြေတတ်ပါဘူး။အဖြူရောင် အိပ်ရာခင်းတွေ နဲ့ အဖြူရောင် ညအိပ်ဝတ်စုံတွေကိုတော့  နှစ်သက်ပါတယ်။ အသားမဖြူသူမို့ သိပ်တောက်တဲ့အရောင်တွေကလွဲရင် အသက်အရ အရောင်နုနုတွေကို လည်းနှစ်သက်လာပါတယ်။ သိပ်ပြီးမ၀တ်တာ အနီရောင်နဲ့ ပန်းရောင်ပါပဲ။
ကျွန်မရဲ့ ဆိုက်ကိုက (ငယ်ငယ်တုန်းက)ပန်းရောင် ခြင်ထောင်တို့ အိပ်ရာခင်းတို့ ခင်းထားရင် လုံးဝ
ဝင်မအိပ်တာပါပဲ။ အဲ့လိုပဲ ပန်းရောင်အ၀တ်အစားတွေကို သိပ်ပြီးမသုံးတတ်ခဲ့ပေမယ့် သမီးလေးမွေး တဲ့အချိန်မှာတော့ ပန်းရောင်ကိုချစ်တတ်လာသလို သူ့အခန်းလေးကို ပန်းရောင်လေးတွေဆင်ပေးပြီး နုငယ်တဲ့မိန်းကလေးနဲ့  ပန်းရောင်ဟာ သိပ်ကိုလိုက်ဖက်ကြောင်း လက်ခံမိလာပါတယ်။
ဟော အခု ပန်းရောင်ကို မိမိပတ်ဝန်းကျင်မှာထားဖို့ အကြောင်းအရာတစ်ခု ကြည့်လိုက်ရတယ်။
မိန်းကလေးတွေ ဟာ မိမိပတ်ဝန်းကျင်မှာ ပန်းရောင် တွေနဲ့အဆင်တန်ဆာဆင်ခြင်းဖြင့် မိန်းကလေးဟော်မုန်းက ပိုကြွလာပါတယ်လို့ အလှအပရေးရာ အရေပြားဆရာ
အရင်က အနက်ရောင် အတွင်းခံတွေက ပိုပြီးဆွဲဆောင်မှု့ရှိတယ်လို့ ထင်ခဲ့ကြပါတယ်တဲ့။ အမျိုးသား ၁၅ ယောက်ကို စစ်တမ်းကောက်တဲ့အခါမှ အနက်ရောင်ကို ကြိုက်တယ်လို့ပြောတာ ၂ ယောက၊် အဖြူရောင်ကိုကြိုက်တယ်ပြောတာ ၁ယောက်နဲ့ အနက်ရောင်ဝတ်တာကိုမနှစ်သက်ဘူးလို့ ပြောတာ ၁၀ယောက်နဲ့ အဲ့၁၀ယောက်ကပဲ ချစ်သူ မိန်းကလေးကို အတွင်းခံပန်းရောင် နဲ့ဆို ပိုနှစ်သက်တယ်  လို့အဖြေပေးကြပါတယ်။
လုံးဝဆွဲဆောင်မှု့ မရှိတာကတော့ အဖြူရောင်ပါတဲ့။ ကဲ….
တစ်ဆက်တည်းမှာပဲ ဆရာဝန်မက အလှအပနဲ့ပတ်သတ်တာလေးတွေကိုဖတ်မှိရင် note book မှာကိုယ်တိုင်ချရေး ပြီးမှတ်ထားတာက လည်း ဦးနှောက်ကို အလှအပနဲ့ပတ်သတ်တဲ့ sense ကသွားပြီး ပိုပြီး လှဖို့ဂရုစိုက်မိပါတယ်တဲ့။
ကဲ ပန်းရောင်မကြိုက်တဲ့ မမများ ပန်းရောင် မ၀တ်ချင်ရင်တောင် ပန်းရောင် အဆင်တန်ဆာလေးတွေ မိမိပတ်ဝန်းကျင်မှာထားသင့်ပြီ။
နွေရာသီ မိန်းကလေးနှင့် အနံ
ဂျပန်မှရယ် မဟုတ်ပါဘူး။ အနံအသက်ဆိုတာ ဂရုစိုက်မိကြမှာပါပဲ။ တစ်ချို့သောလူမျိုးတွေ တစ်ခါတစ်လေ ဓတ်လှေကားထဲတောင် အနံမခံနိုင်တာတွေ ရှိပါတယ်။ ဂျပန်ရဲ့ကွန်မြုနတီမှာတော့ အနံအသက်ပြင်းတာဟာလည်း လုပ်ငန်းခွင်မှာ မျက်နှာသာပေးမခံရတာတွေ ရှိတဲ့အတွက် အနံအသက်ဖြစ်စေတဲ့ ဂျိုင်းအောက်က ဂလင်းတွေ ကိုခွဲထုတ်တဲ့ ဆေးခန်းတွေ ဆိုတာလည်းများပါတယ်။
တစ်ချို့အကျိုးပေးကြောင့်လို့ပဲ သဘောထားပေးရမှာပါပဲ.။ကိုယ်တိုင်အနံရှိတယ်ဆိုတာကို လက်ခံမှသာပြုပြုင်ယူလို့ရမှာကိုး။ ကျွန်မသူငယ်ချင်းတစ်ယောက်ဟာ အတော်ကို သန့်ရှင်းပါတယ်။ ဒါပေမယ့်သူ့ရဲ့ချွေးနံက အတော်ကိုပြင်းလို့ သူ့ခမျာ အမြဲတမ်း တစ်နေ့သုံးခါလောက် ရေအိမ်ဝင်ပြီး wet tissue နဲ့ သန့်ရှင်းရေးလုပ်ရှာပါတယ်။ နောက်တစ်ယောက် မြန်မာသူငယ်ချင်းမကတော့ အနံအသက်ဆိုးတဲ့သူမဟုတ်ပဲ သူကတော့တစ်ကိုယ်ရေ သန့်ရှင်းမှု့အားနည်းလို့ဖြစ်တဲ့အနံအသက် ကရှိပါတယ်။
ဂျပန်မှာခုနောက်ပိုင်းက ဆေးထိုးတယ်တဲ့။ ဂျိုင်းက ချွေးနံ ရယ်ထွက်တဲ့ ချွေးကနေ
အ၀တ်အစားကို မစွန်းထင်းအောင်တဲ့။
အောက်ပါအချက်များကို ဖြည့်စွက်ကြည့်ပါ။
၁။ ချွေးသာမန်ထွက်သူ။
၂။ဂျိုင်းအောက်ကနေ စိုတိုတိုနဲ့ ရှိတတ်သူ။
၃။ ဖိနပ်စိုနေတတ်သူ။
၎။ အနံပြင်းတယ်လို့ထင်တဲ့သူ။
၅။ဂျိုင်းချွေးနံက ပြင်းတယ်လို့ထင်မိသူ။
၆။အ၀တ်အစားတွေရဲ့ဂျိုင်းနားမှာ အ၀ါရောင် ရှိတတ်သူ။
၇။ရေကို တစ်နေ့တစ်ခါ ပဲ ချိုးတတ်သူ ( မြန်မာလူမျိုးတွေက တော့ ရေချိုးများတယ်လို့ ထင်ပါတယ်)။
၈။ အနှစ်များများနဲ့ ဟင်းတွေအစားများပြီး သရေစာလည်းစားတတ်သူ။
၉။ဂျိုင်းမွှေး မရိတ်၊ မနှုတ်သူ။
၁၀။ အသီးအနှံနှင့် အသီးအရွက် အစားနည်းသူ။
အဖြေ ၀- ၂ အထိ  အနံအသက် မစိုးရိမ်ရပါ။
     ၃-၅  ချွေးထွက်များသူမို့လို့ ဂျိုင်း အနံ ထွက်မည့်သူဖြစ်ဖို့ ရာခိုင်နှုန်းများပါသည်။
    ၆-၁၀  အနံအသက်အထူးကို ဂရုပြုပြီး. ဆေးထိုးရမည်။ သို့မဟုတ် ဂျိုင်းအား ခွဲ စိတ်ကုသမည့်နည်းလမ်း၇ှာပါတဲ့။
(INRED magazine July 2011) 30 dai no joshi zashi
နောက်ကျွန်မတို့မြန်မာမိန်းကလေးတွေ(ယိုးဒယား၊စင်္ကပူမိန်းကလေးများလည်းတွေ့ခဲ့ပါတယ်)ရဲ့ မှားယွင်းတဲ့ ဖိနပ်စီးမှု့ပါပဲ။pumps လေးတွေ  ခုနောက်ပိုင်းမှာရန်ကုန်မှာလည်း အတော်များများစီးလာကြပါတယ်။ ဒါပေမယ့်ခြေအိတ်နဲ့တွဲ မစီးတာတွေဟာ သာမန်အနံမရှိတဲ့သူတောင် လည်သာ အပိတ်နဲ့ရာသီဥတု ကြားမှာတစ်နေကုန်သာ
ဝတ်ထားရင် ဖိနပ်ချွတ်လိုက်တာနဲ့ ချွေးနံက ထွက်တာပါပဲ။ ပူတယ်ဆိုပြီး ဒီအတိုင်းဝတ်တာက ပိုပြီးတော့ဖိနပ်ကိုလည်း ညစ်ပတ်စေသလို ဖိနပ်အတွင်းသားလည်းကြာကြာမခံတတ်ပါဘူး။ ဂျပန်မိန်းကလေးကလွဲရင် နွေရာသီမှာ pumpsကို အသားကပ်နဲ့တွဲဝတ်တာ ကိုကျွန်မတို့အရှေ့တောင်အာရှနိုင်ငံများက မ၀တ်ကြပါဘူး။
ပုံ။ google photo .ခုနောက်ပိုင်း socks လေးတွေက pumpsအပြင်မထွက်ပါဘူး ခြေအိတ်
ဝတ်ထားတယ်လို့မထင်ရလောက်အောင် ပါးပြီး တိုပါတယ်။
သင်ဟာ pumps လေးတွေကိုနှစ်သက်စွာ စီးသူဆိုရင် ဖိနပ်တစ်ရံကို နှစ်ရက်ထက်ပိုပြီး ဆက်တိုက်မစီးပါနဲ့။အလှည့်ကြပြောင်းစီးပေးခြင်းဟာဖြင့် ဖိနပ်လေးအနားရပြီး အနံအသက်လည်း ကင်းစေပါတယ်။ ဂျပန်မှာတော့ ဖိနပ်ထဲကို မီးသွေးခဲ ထည့်ထားတတ်ပါတယ်။ အနံစုပ်တာကိုး ။ တစ်ချို့လည်း ဂျပန်ယန်း အကြွေစေ့ ကိုထည့်ပါတယ်။ ကျွန်မကတော့ ပိုက်ဆံကို ဖိနပ်ထဲမထည့်ချင်လို့
Rosemarry အရွက်လေးတွေကို အိတ်နဲ့ထည့်ပြီး ထည့်ပါတယ်။ ရန်ကုန်မှာ ဆိုရင်တော့ ပူစီနံကို ထည့်ထားတတ်ပါတယ်။
မျက်နှာလေး လှပယုံတင်မဟုတ်ပဲ။ ဂရုမထားမိတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးလေးတွေကနေ အလှပဆုံးဖြစ်နိုင်ကြပါစေ။
မှတ်ချက်။ ။  မမွန် (ကောင်းမွန်ဝင်း) loveyourself ကိုဖတ်ပြီး အတွေးရလို့ ရေးပါတယ်။
Tuesday, June 14, 2011
အိုင်ဒီယာ(၃)
ယခုခေတ်မှာ (ရန်ကုန်မှာလည်းရောင်းအားအကောင်းဆုံး)တရုတ်လို hotpot   ဂျပန်လို shabushabu လို့ ကျွန်မတို့ခေါ်နေကြတဲ့ ပူပူုလောင်လောင် အစားအသောက်လေး လူတိုင်းသိကြမှာပါ။  
ဟော့ပေါ့ဆိုတာနဲ့ စတီး ဇလုံကို အလယ်က နေခွဲထားပြီး အစပ်တစ်မျိုး၊ အချိုတစ်မျိုးထည့်တားတာကို ပြေးမြင်မိမှာပေါ့။ ဟိုးအရင်တုန်းကတော့ တစ်မျိုးပါပဲ။
အဲ့ဒီ့ဇတ်လမ်းရဲ့ အစက တော့ စီချွမ်ပြည်နယ်ကနေ မြို့တော် (ဂှန်ဟိုင်းလား၊ပီကင်းလားပဲ ခွင့်လွှတ် မေ့သွားပြီ) တတ်လာတဲ့ လင်မယားနှစ်ယောက်ဟာ ဆင်းဆင်းရဲရဲ နဲ့ ရွှေ့ ပြောင်းလုပ်သားများနည်းတူ အလုပ်ကိုကြိုးစားပြီးလုပ်ကြသတဲ့။  နောက်တော့ အမျိုးသားက စဉ်းစားတယ် ငါတို့ ဟော့ပေါ့လုပ်ရောင်းမယ်ပေါ့၊ ဒါပေမယ့်သူတို့ ဟော့ပေါ့က သူတို့ စီချွမ်ကအတိုင်း အစပ်ကိုအရမ်းထည့်ရောင်းတယ်တဲ့ ၊ အဲ့မှာသူဆီကို လာအားပေးတဲ့ ဘ၀တူ အလုပ်သမားတွေထဲက စီချွမ်ကနေ လာပြီးအလုပ်လုပ်တဲ့သူကတော့ စားလို့ကောင်းတယ်ပေါ့  ဒါပေမယ့်တခြား ပြည်နယ်က လာတဲ့သူတွေကတော့ မင်းတို့ ဟော့ပေါ့ စပ်တယ်လို့ပြောသတဲ့။ ဒါနဲ့ အမျိုးသမီးက နှစ်မျိုးစလုံး စားလို့ရအောင် အိုင်ဒီယာနဲ့ အဲ့ဒီလို ပုံမျိုး  ဇလုံကို အပ်လိုက်သတဲ့။ ပေါက်သွားတာပေါ့။ သူ့ဆိုင်သေးသေးလေးကနေ တဖြည်းဖြည်းကြီးလာလိုက်တာ။ .အခုဆို တရူတ် နိုင်ငံရဲ့ နာမည်ကြီး
မြို့ကြီးတွေ တိုင်း မှာလိုလို သူတို့ဆိုင်ကရှိနေပြီး စုစုပေါင်း ဆိုင်ပေါင်း ၃၅၀ ကျော်သတဲ့။ ၀င်ငွေဟာ ဂျပန်ယန်းတန်ဖိုးအနေနဲ့ဆိုရင် တစ်နှစ်ကို သိန်းထောင်ပေါင်း ၃၅၀ ကျော်သတဲ့။ သူ့ ဆိုင်ကနေ စလိုက်တဲ့ အဲ့နှစ်မျိုးထည့်ဇလုံကို သူဟာမူပိုင်ခွင့်လုပ်ဖို့စဉ်းစားလိုက်ပေမယ့် တခြားသူတွေ လိုက်တုတာ
သူ့ ကိုကြော်ငြာပေးနေသလိုတောင်ဖြစ်ပါတယ်ဆိုပြီး မူပိုင်ခွင့်မလုပ်ဘူးတဲ့။
ဇလုံ တစ်ခု အိုင်ဒီယာပြုလုပ်တာ ....
နောက်တစ်ခုကတော့ ဂျပန်က အိုင်ဒီယာသမားပါပဲ။ ယိုကိုဟားမားရဲ့ ဆိပ်ကမ်း နားမှာ minato mirai ဆိုပြီး ရှိပါတယ်။ အဲ့ဒီ့နားမှာပဲ ရေပူစမ်းတစ်ခုရှိပါတယ်။ သူက အထပ်မြင့်ရေပူစမ်းပါ။ အထပ် ၁၀ထပ်ကျော်မှာတည်ရှိပါတယ်။
 ကျွန်မလည်း သိပ်တော့မမှတ်မိဘူး။ အဲ့အထပ်ပေါ်ကနေ အကုန်လုံးမြင်ကွင်းတွေ မြင်နေရတာတော့ အမှန်ပဲ။ သူက ကားပါကင်၊ နောက်စားသောက်ဆိုင် ၊ နောက်ရေပူစမ်း နဲ့ အပေါ်ဆုံးလေသာထပ် ဆိုပြီးခွဲထားပါတယ်။ရေပူစမ်းထဲမှာတော့ ကနေဘိုး၊ ရှိရှဲဒိုး နဲ့ ကိုဆေး အလှကုန်တွေကနေ လာတင်ထားတဲ့ နမုနာ မျက်နှာ လိုးရှင်းကနေ မျက်လုံးဆိုးဆေး အထိကိုစုံလင်စွာထားရှိပေးထားပါတယ်။
                                                              သွားထားကြောင်းအထောက်အထားဖြင့်
တစ်ယောက်ကိုယန်း ၂၇၀၀ နီးပါးပါ။ တစ်နေကုန် ကြိုက်သလောက်ဝင်လို့ရပါတယ်။
 ဒီမှာနည်းနည်းရှင်းပြချင်ပါတယ်။ ဒီကသဘာဝရေပူစမ်း ဆိုရင် ယန်း ၁၀၀၀ နဲ့အထက်မှာရှိပါတယ်။ ၂၄၀၀လောက်ကောက်တဲ့နေရာတွေကြတော့(suna ) တို့ steam room တို့မှာ ဆားနု တွေ နောက်အရွက်ပေါင်းထုပ်တွေ ပိုပြီးထည့်ထားပေးတတ်ကြပါတယ်။ ရန်ကုန်မှာတော့ အရွက်တွေ ဘာတွေ မထည့်သလို ဆားလည်းမတင်ထားပေးပါဘူး၊ စီဒိုးနား၊ ထရိတ်ဒါးနဲ့ ပတ်ခရွိုင်ရွယ်တို့မှာရှိပါတယ်။တစ်လောက တို့ အတင်းပြောထားတဲ့မင်းသမီးဆို suna ခန်းထဲ ဆီလိမ်း၍
မ၀င်ရဆိုတာကို နားမလည်ပါဘူး။ တစ်ကိုယ်လုံး ဆီတွေ လိမ်းပြီးမှ ၀င်ပါတယ်။(သိချင်လျှင်တိုးတိုးတိတ်တိတ်မေး )။
ဆက်ရအောင်
အဲ့လို အထက်မြင့်မှာ သဘာဝရေပူစမ်းဘယ်လိုများလုပ်လည်းပေါ့။ ဒီနားမှာပဲ တူးလားလို့ ကြည်ကြည်
တွေးခဲ့ဘူးပါတယ်။ လူတွေကလည်း သွားတိုင်းလိုလို စည်တယ်။  တစ်လောက တိုက်တိုက်ဆိုင်ဆိုင်  တီဗီအစီအစဉ်မှာလာရော။  ပိုင်ရှင်ဟာ နယ်က ရေပူစမ်း ပိုင်ရှင်ပါ။ ရေပူစမ်းနာမည်ကြီးတွေ ဆိုရင် ဂျပန်လူမျိုးတွေက တစ်ကူးတစ်က ကိုသွားဝင်ကြတာကိုး။ ဒီလိုနဲ့ သူက နယ်က ရေပူစမ်းရေကို မြို့ နေလူတန်းစား တိုကျို ယိုကိုဟားမား စတဲ့သူတွေကိုပါ အသုံးပြုစေချင်တယ် ဈေးကွက်ချဲ့မယ်ဆိုပြီး စဉ်းစားသတဲ့။  နေ့စဉ် ရေ ဂါလံ ၇၀၀ကျော်ကို သူ့ နယ်ကနေ ၂ နာရီခရီးနဲ့သယ်ပါတယ်တဲ့။ ရေသယ်ဖို့ ရေသယ်တဲ့အခါ ရေအပူချိန်(၇၀ဒီကရီ)  ပြောင်းမသွားအောင် အထူးစီမံထားတဲ့ tanker အရှည်ကြီးနဲ့ သယ်ပါတယ်။
ဒီလိုနဲ့ သူရဲ့ လုပ်ငန်းကိုချဲ့ထွင်ခဲ့ပါတယ်။ သူဟာလည်း ဂျပန်မှာ အဆင့်တစ်ခုသတ်မှတ်ခံရတဲ့သဌေးနာမည်ထဲမှာပါပါတယ်။
သူဟာ တစ်လောက ငလျှင်ဒဏ်ခံရတဲ့ဒေသက လူတွေ ရေပူစမ်းဝင်လို့ရစေရန်ဆိုပြီး အဲ့ဒီ့
သူ့ ရဲ့ရေသယ်ကား နဲ့ပဲ ရေကိုသယ်  ယာယီရေစိမ်တဲ့ ဇလုံ အကြီးကြီးတွေ နဲံ့ ကုသိုလ်ယူနိုင်ခဲ့ပါတယ်။
တို့ ရွာက ရေပူစမ်း ..
ကြည်ကြည် ရန်ကုန်မှာ အလုပ်လုပ်တုန်းက မြစ်ကြီးနား၊ လားရှိုး ၊ အင်းလေးခရီးစဉ်ကို ဂျပန်စစ်ပြန်အဘိုးကြီး အဘွားကြီးတွေ နဲ့ ၂၀၀၂ လောက်တုန်းက ခရီးထွက်ဖူးပါတယ်။
ကန့် ဘလူ လားပဲ အဲ့မှာ ညအိပ်တော့ သူတို့ က ရေနွေးစိမ်ချင်တယ်။ ရေနဲ့ပဲ ချိုးနေရတာကိုး။ သံစည်ပိုင်းကို အောက်ကနေ မီးဖိုတည်ပြီး ၀င်ကြတယ်ရှင်။ ကြည်ကြည်ကတော့ ကြည့်လိုက် ငရဲသားတွေ မီးမြိုက်တာကိုမြင်ယောင်လိုက်နဲ့ ။
ခရီးစဉ်က ခေါင်တိုင်ကိုရောက်ေ၇ာ ညဘက်ကြတော့ ခေါင်တိုင်ဟိုတယ်ကနေ ရေပူစမ်းသွားပါရောလား။ သူတို့ထင်တဲ့ရေပူစမ်းမျိုးမှ မဟုတ်တာ။ အကုန်လုံး ရေကူးကန်လို ထဲကို ၀င်ကြပြီးတော့ ရေကန်ဘေး
အ၀တ်လျှော်နေကြလို့ တဲ့ အဖွားကြီးတွေ က မ၀င်ကြဘူး။
နောက်တော့ မန်းလေးပြန် မန်းလေးကနေ လားရှိုးကိုတတ်တော့ နိုင်ငံခြားသား ၆ ဒေါ်လာလားပဲ ရေပူစမ်း အံမယ်သူကတော့ အခန်းနဲ့ ရှင်၊၊ ဂျပန်တွေက ဂျပန်ရေချိုးနည်းတိုင်းချိုးလို့ ရပြီဆိုပြီး ပျော်နေရော။
ကြည်ကြည်လည်း တစ်ခန်းပေါ့။ ရေချိုးဇလုံ အဖြူကကွယ် အ၀ါရောင်ကိုညစ်လို့ ၊ အခန်းတွေကလည်း ညှီစို့စို့  စိုတိုတို။ တော်ပြီငါတော့ ဒီအထဲတော့ ၀င်မချိုးတော့ဘူးလုပ်နေတုန်း ဘေးခန်းက အဖွားကြီး အော်ပြီးတံခါးဖွင့်လိုက်သံကြားတယ်။
ရေပိုက်ခေါင်းဖွင့်လိုက်တော့ ရေပူမလာခင် ရေအေးတွေ ဆင်းလာတယ်။ ရေအေးနဲ့ အတူပါလာတာက တီကောင်တဲ့  .. အဖွားကြီး က နန်းဒေ၀ီ နဲ့း)
ချမ်းမြေ့ပါစေ။
Friday, June 10, 2011
သစ်တောနဲ့ သစ်ပင်ချစ်ခင်တဲ့လူမျိုး ......
အမှန်တော့ခေါင်းစဉ်က မြန်မာ့အလင်းမှာ မိုးရာသီပါတတ်တဲ့ခေါင်းစဉ်လေးပါ။
သစ်တောနဲ့သစ်ပင်ချစ်ခင်တဲ့လူမျိုး၊ xxxxx ရွှေတိုက်ကိုစိုး ဆိုတာလေ အကုန်မမှတ်မိဘူး။
-------------------------
မြေသင်းနံဆိုတာလေး ကိုအတော်များများနှစ်သက်ကြမှာပါ။ စာတွေထဲမှာလည်းဖတ်ဖူးနေတာပဲလေ။ မိုးစပြီးရွာကစမှာ ရတတ်တဲ့အဲ့အနံလေး။  တစ်နေ့ကသူငယ်ချင်းတွေနဲ့စကားပြောရင်း  သတိထားမိလိုက်တယ်။ မုတ်သုံ ရာသီမှာ နေကြတဲ့ သူတိုင်း မြေသင်းနံကို ချစ်ကြတယ်လို့။
အနံတောင်ခွဲခြားလိုက်တာလို့တော့ မထင်ပါနဲ့ရှင့်။  ဂျပန်က မိုးရွာပြီးကာစ အနံ့ကတော့မကောင်းဘူး။ အထူးသဖြင့် ကျွန်မတို့လို နယ်မှာနေရတဲ့သူတွေပေါ့။ တောရိပ်တောင်ရိပ် တော့ရှိပါရဲ့။ မိုးရွာပြီးရင် အပင်တွေကနေရတဲ့ အနံက စိမ်းရွှေရွှေကြီး။
ဂျပန်မှာ ၀တ်မှုံအလာဂျီ အဖြစ်များတာက ၄ လပိုင်း အဓိကကတော့ sugi လို့ခေါ်တဲ့ ထင်းရှုးတွေပေါ့။ ဂျပန်ဟာ စစ်ပြီးကာလာမှ နိုင်ငံပြန်လည်တည်ဆောက်ဖို့အတွက်ဆိုပြီး အားလုံးလိုလိုတောတွေ၊ တောင်တွေမှာ ထင်းရှူးကို အင်တိုက်အားတိုက်စိုက်လိုက်ကြတာ ခုတော့ ထင်းရှုးတွေရဲ့ သက်တမ်းကလည်းရင့်လာရော် လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်ကနေစပြီးတော့ ဒီထင်းရှုးမှုန့် အလာဂျီဆိုတာကစတော့တာပါပဲ။ လက်၇ှိမှာ ဂျပန်နိုင်က ဟာ သစ်တောမြေကိုတော့နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ရှိပေမယ့် လယ်ယာမြေကတော့လုံးဝ နိုင်ငံခြားသားပိုင်ဆိုင်ခွင့်မရှိပါဘူး။ ဟိုကိုင်းဒိုး ကျွန်းရဲ့ အတော်များများသော တောတွေဟာ ခုချိန်မှာတရုတ်၊ ကိုရီးယားကနေ ပိုင်တာများပါတယ်တဲ့။ သစ်တော လုပ်ငန်းတွေ သိပ်မလုပ်တဲ့အတွက်
သစ်တောနဲ့ အသက်မွေးသူတွေ အလုပ်အကိုင်ရှားပါးလာပါတယ်။
(မြန်မာပြည်မှာတုန်းက မြန်မာပြည်က ထင်းရှုးတွေကို ထွက်သလောက်ယူမယ်ဆိုတဲ့ ကိုရီးယားတစ်ယောက်တွေ့ဖူးတယ်။ စပ်စုကြည့်တော့ ခေါင်းတလားလုပ်ဖို့တဲ့) ။
တရုတ်ကျောင်းသူနဲ့စကားပြောကြတော့ သူဟာဂျပန်နိုင်ငံရဲ့ လူနေအိမ်ဘေးမှာ လယ်ကွက်တွေ ရှိနေတာကို အံ့သြောပါတယ်တဲ့။ အဲ့ဒီ့မှာ ဆရာက ရှင်းပြတာက ဂျပန်ဟာ လယ်ယာမြေလို့ သတ်မှတ်ထားတဲ့နေရာကို လယ်မလုပ်တဲ့သူကို ပြန်မရောင်းရဘူးလို့ သတ်မှတ်ထားပါတယ်တဲ့။ လယ်ယာမြေကို ကုမ္ပဏီတွေက ၀ယ်တယ်။ လယ်ယာအတွက်အသုံးပြုခြင်းမရှိပဲ တစ်ခြားသော လုပ်ငန်းအတွက် လုပ်ကိုင်ခွင့်မရှိလို့ဆိုပါတယ်။
ဆရာ့ကို ကျွန်မက စောဒကတတ်လိုက်တာက ဆရာတို့ဂျပန်ဟာ ကိုယ့်သစ်တောတွေတော့ ထိန်းသိမ်းတယ်။ ဖွံဖြိုးဆဲနိုင်ငံတွေဆီကနေ သစ်တွေဝယ်တယ်။ ဒါဟာကော်ဖီတို့၊ ၀ါ တို့တွေ ၀ယ်သလို fair trade တော့မဟုတ်ဘူး။အဲ့ဒီ့အတွက်ဘယ်လို ပြန်ပြီးလုပ်ပေးပါသလည်းလို့ မေးမိပါတယ်။ ဒါနဲ့ဆရာက မလေးရှား၊ အင်ဒိုနီးရှားမှာ သူတို့တွေပြန်ပြီး အပင်စိုက်တဲ့လုပ်ငန်းရဲ့ အောင်မြင်မှု့၊ ပူးပေါင်းတဲ့ဒေသရဲ့ အကျိုးခံစားခွင့်၊ မပူးပေါင်းတဲ့ဒေသရဲ့ disadventages တွေကိုပြန်ပြီးရှင်းပြပါတယ်။
အင်ဒိုနီးရှားရဲ့သစ်တောပြုန်းတီးမှု့မှာ သူနိုင်ငံရဲ့စီးပွားရေးတော့တတ်သွားတယ်လို့ဆိုပါတယ်။ (သူငယ်ချင်းက အင်ဒိုနီးရှားပရော့ဂျတ်လုပ်နေသူ)။
သူတို့ဟာ Growth first, Clean up later စနစ်နဲ့အင်ဒိုနီးရှားနိုင်ငံကို  ပုံသွင်းခဲ့ကြလို့ ရေတိုမှာ အကျိုးခံစားလိုက်ရပေမယ့် ရေရှည်ရဲ့ ထိခိုက်မှု့ ကို ခံရတယ်ဆိုတာကို empirical result ဘက်ကနေ တင်ပြသွားပါတယ်။
ကဲ တောင်ကြီး ကလော လမ်းက ကတုံးဖြစ်နေတဲ့တောင်တွေ ...........တို့တွေဘာလုပ်ရပါ့မလည်း။
ကျွန်မတို့ ခုလို ခေတ်မှာ Growth first Clean up later ဆိုတာ ကိုက်ညီမှု့တော့မရှိတော့ဘူးထင်တယ်။
clean up လုပ်စရာ မရှိတော့တာလား....
ကျောင်းအပြန်လမ်းမှာသစ်တောတွေကိုငေးရင်း ...တွေးလာမိတဲ့အတွေးစတစ်ခု...
...
  ခေါင်းကို ခါလိုက်တယ်...အိုး ငါဟာ ထင်းတစ်ချောင်းပါလေ...အလွယ်တစ်ကူကျိုးမှာပဲလို့ ......
Friday, June 3, 2011
မတူတဲ့ သူတို့ဓလေ့၊ မြန်မာနဲ့တူတဲ့ သူတို့စကားပုံများ
လူမျိုးတွေရဲ့ ဓလေ့ထုံးစံ ယုံကြည်ရာတွေက တစ်ခါတစ်ခါ  ဖလှယ်တဲ့အခါမှာ စိတ်
ဝင်စားစရာလေးတွေ ၇ှိလာတတ်ပါတယ်။
ဂျပန်လိုသိပ်တော်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဂျပန်ကျောင်းဆရာဟောင်းနဲ့  မြန်မာစကားနဲ့ ဂျပန်စကားဘယ်စာလုံးပိုများလည်းဆိုတာတွေ ကြည့်ပြီး ကိုယ်လည်း ရေးချင်တဲ့ အကြောင်းရာလေးတွေပေါ်လာပါတယ်။
ကဲအဓိကကတော့ မတူတဲ့ ဂျပန်တွေရဲ့ ဓလေ့လေးတွေကို
မိတ်ဆက်ပေးချင်လို့ပါ။ ဂျပန်လူမျိုးတွေဆိုရင်  ဖိနပ်အသစ်စပြီး စီးတော့မယ်ဆိုရင် မွန်းလွဲမှာ ထုတ်မစီးကြဘူး။
ညဘက်ကြမှ အသစ် စီးမယ်ဆိုရင်လည်း မနက်ကတည်းက ဖိနပ်ချွတ်မှာ ချထားကြတယ်။
နောက် ဂျပန်အမျိုးသမီးတွေဟာ နာရေးဆိုရင် အနက်ဝတ်ပြီး ပုလဲလေးတစ်ကုံးဆွဲလေ့ရှိတယ်။ ၁ ကုံးပဲ ဆွဲရမယ်တဲ့။ နှစ်ကုံး မဆွဲရဘူး။ နှစ်ပူဆင့်တတ်တယ်တဲ့။
နောက်ပြီးတော့ ထမင်းစားနေရင်းနဲ့ ဥပမာ ဟင်းတစ်တုံးကို လူနှစ်ယောက်က သူတို့ တူတွေကိုယ်စီနဲ့ အတူတူခပ်မယူုဘူး။ တစ်ခါက သူများယုတဲ့ဟင်းတုန်းက ချော်သွားလို့ ကိုယ့်တူလေးနဲ့ဝိုင်းပြီးထိန်းပြီး သူ့ပန်းကန်ထဲအရောက် ထည့်လိုက်တော့ နောက်မှ ရှင်းပြရှာတယ်။ နာရေးပြီးလို့ အရိုးအိုးထဲကို အရိုးထည့်တော့မယ်ဆိုရင် မိသားစုက အဲ့လို တူတစ်စုံစီကိုင်ပြီး  အရိုးကိုဝိုင်းပြီး အတူတူ ဆယ်ပြီး အရိုးအိုး ထဲကို ထည့်ကြတာတဲ့။
ကျွန်မတို့ မြန်မာတွေ က အိမ်နောက်ဖေး ကျီးသာရင် ဧည့်လာမယ်လို့ ယူကြပေမယ့် သူတို့ ကတော့ အိမ်ခေါင်းမိုးမှာကျီးအုပ်ပဲ ဖြစ်ဖြစ် ကျီးဝဲတာကို မကြိုက်ကြဘူး ။နာရေးကြားတတ်တယ်လို့ ပြောကြတယ်။
ဂျပန်ဘုရားကျောင်းတွေရဲ့ အ၀င်ဝမှာလည်း ကျွန်မတို့လို့ ပဲ ခြင်္သေ့ ရှိပါတယ်။ ကျွန်မတို့ခြင်္သေ့နှစ်ကောင်က ပါးစပ်ဟကြပေမယ့် သူတို့ ကတော့ တစ်ကောင်က ဟ ပြီး တစ်ကောင်က ပါးစပ်ပိတ်ထားပါတယ်။ ဂျပန်အက္ခရာရဲ့ အ ဆိုတဲ့ အစနဲ့ အွန်းဆိုတဲ့ အဆုံးကို ယူထားပါတယ်။ အဓိပါယ်နောက်မှ၇ှင်းပါ့မယ်။
သူတို့တွေရဲ့ အိမ်ရှေ့လေးတွေမှာ ဖား ရုပ်ကလေးတွေချထားလေ့ရှိတယ်။ ဖားကို ဂျပန်လို (noun)အနေနဲ့ဆိုရင် kaeru လို့ခေါ်တယ်။ Verb အနေနဲ့ သုံးရင်တော့ kaeru ဆိုတာက  ပြန်လာတယ်။ ပြန်တယ်လို့ အဓိပ္ပါယ်ရတယ်။ ခန်းကြီးကွာပေမယ့် အသံတူ နေပါတယ်။  ဒီတော့ ခရီးထွက်တာပဲဖြစ်ဖြစ် အိမ်ကနေအပြင်သွားသူ အေးချမ်းစွာပြန်လာနိုင်ပါစေ၊ ကောင်းမွန်တဲ့အရာထွက်သွားတာမှန်သမျှ ပြန်
ဝင်လာပါစေဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့။ ကျွန်မကတော့ အခန်းကျဉ်းတော့ ဒီလိုသေးသေးလေးပဲချထားတယ်။
ကိုကိုရယ်၊ ကြည်ကြည်ရယ၊် သမီးရယ် သားရယ်ပေါ့။
သူတို့ စကားပုံ ……
ဂျပန် ခန်းကြီးတွေက ဆင်ဆင်တူတာတွေများတယ်။
ကျွန်မ ဂျပန်စာစ သင်ခါစက
ဖတ်လိုက်တဲ့ စာကို ဆရာမရီတာ မျက်ရည်တောင်ထွက်တယ်။
ပန်းကန်ကို ပန်းကန်နဲ့ဆေးပါတဲ့။ အမှန်က  သွေးကိုသွေးနဲ့ဆေး CHI WO CHI DE ARAU
သဘောက တော့ လှေမျော လှေနဲ့လိုက်။  ပန်ကန်ခန်းကြီးနဲ့ သွေးဆိုတဲ့ခန်းကြီးက အတော်ကိုဆင်တယိ။
ကျွန်မတို့ရဲ့ ကျွဲပါးစောင်းတီးကိုတော့  
သူတို့က မြင်း နားမှာ ဘုရားစာ တဲ့   UMANO MIMI NI NEN BUTSU
မိဘမျက်နှာ အိုးမဲသုတ်  ဆိုတာကြတော့
မိဘမျက်နှာ ပါ ပြေးကြည့်ချင်လာတဲ့ အရူး တဲ့  OYANO KAO GA MITAKU NARU YOU NA BAKA.
SEKEN SHIRAZU ဆိုတာ ကြတော့  လောကအကြောင်း မသိသူ
ကျွန်မတို့အနေနဲ့ဆို ရေအိုင်ကို ပင်လယ်ထင်တဲ့ ဖားငယ်ပေါ့လေ
လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ရပ်ပါရစေ။
ချစ်ခင်စွာဖြင့်
ကြည်ကြည်