Saturday, September 3, 2011

နာဂါနို Nagano Trip တောင်ပေါ်ပြည်နယ်နာဂါနို

နာဂါနိုလို့ခေါ်တဲ့နေရာ ကိုကြည်ကြည်တအားရူးဖူးတယ်။ ပထမအချက် က ကြည်ကြည် ပထမတစ်ခါကျောင်းတတ်တုန်းက ပထမနှစ်ကျောင်းသူ ဘ၀ ၁၉၉၈ မှာ အိုလံပစ်ကို ဂျပန်မှာကျင်းပချိန်မှာ နာဂါနိုက မှာ စကီးပြိုင်ပွဲကိုကျင်းပတာကို တီဗီကနေ မြင်ဖူးခဲ့တယ်။ နှင်းတွေဖြူဖွေးနေအောင် ကျလွန်းတဲ့ နေရာ။
ဒုတိယ စိတ်ဝင်စားတာက နာဂါနိုဟာ ကုန်းပြင်မြင့် ပြည်နယ်ဖြစ်တယ်။ အေးချမ်းတယ်။ နောက် ဂျပန်ဆူရှိရဲ့ မရှိမဖြစ် ၀ါဆားဘိ စိုက်ခင်းတွေရှိတဲ့ပြည်နယ်ဖြစ်တယ်။ ဖူဂျီတောင်ဘက်ကနေစီးဆင်းလာတဲ့ စမ်းရေကြည်ကြည်လင်လင်မှာ ရေသန့်မှစိုက်ပျိုးလို့ရတဲ့  ၀ါဆားဘိ စိုက်ခင်းတွေကို စိတ်ဝင်စားလို့။
နောက်တစ်ချက်က နာဂနို ပြည်နယ်ဟာ ပထမဆုံးအဖြင့် ယိုးဒယားမှာရှိတဲ့ မြန်မာနိုင်ငံသား ၃၀ ကို နိုင်ငံရေးခိုလှုံခွင့် မနှစ်က စတင်ပေးခဲ့တဲ့ပြည်နယ်ဖြစ်တယ်။  နောက် မြန်မာပြည်ရဲံ့ ဘိန်းအစားထိုးစိုက်ပျိုးထုတ်လုပ်နေတဲ့ ပန်းဂျုံတွေကို နာဂါနိုဘက်ကနေ ပြန်ဝယ်ပြီးတော့ ဆိုဘ(ပန်းဂျုံ) ခေါက်ဆွဲ ထုတ်လုပ်ပေးနေတယ်။
ဒါကြောင့် နာဂါနိုကို ကျွန်မ စိတ်ကူးယဉ်ခဲ့တယ် ။ အေးချမ်းပြီးသူက မေမြို့လိုမြို့ပေါ့။ ရှူခင်းတွေက လှပသလို ချမ်းသာတဲ့ ဂျပန်တွေရဲ့ နွေရာသီ အပန်းဖြေဖို့အိမ်တွေ ရှိကြတဲ့ ပြည်နယ်.
ကျောင်းက တစ်နှစ်တစ်ခါ ကျွန်မတို့ကို ခရီးစီစဉ်ပေးတယ် ။ ဌာနမှူး ပရော်ဖက်ဆာအပါအ၀င် မနှစ်ကလည်းထွက်ကြတယ်။ ဒီနှစ်တော့ ဂျပန်လည်း ဘက်ဂျတ်လျှော့ရတာများတော့ မနှစ်ကလို ရှင်ကန်ဆင်(ကျည်ဆံရထား) နဲ့ ခရီးကိုစီစဉ်မပေးနိင်ဘူးထင်တယ်။ နှစ်စဉ် ဟိုတယ် ကောင်းပေ့ဆိုတာမျိုးမှာပေးထားပေမယ့် ဒီနှစ်ကတော့ ဘုရားစူး ခရီးဖြစ်အောင်သာစီစဉ်ပေးသလိုပဲ။ စင်းလုံးငှား bus နဲ့ ဟိုတယ်ကလည်း Business level ဟိုတယ်လောက်မှာပဲ ထားတော့တယ်။ (ကျွန်မတို့ကလည်းကြီးကျယ်သွားတာကိုး)။ ဒါပေမယ့် အစားအသောက်ကိုတော့ဟိုတယ်အကြီးကြီးတွေမှာ Buffet ကျွေးရှာပါတယ်။ တစ်ခုလျှော့တော့လည်းတစ်ခုကောင်းအောင်လုပ်ပေးတယ်ထင်ပါတယ်။
ဒီနှစ်တော့ဒီလောက်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။

ပထမဆုံး Citizen နာရီစက်ရုံလေ့လာရေးလုပ်ရတယ်။ သွားကြည့်ရတဲ့ စက်ရုံက Citizen ရဲ့ Luxury နာရီ ပဲထုတ်တဲ့နေရာ။ စက်တွေနဲ့ ထုတ်တာထက် Hand made ကိုဦးစားပေးတဲ့ Plant ဖြစ်တယ်။
ကမ္ဘာ့ လက်ပတ်နာရီ ဈေးကွက်မှာ ဂျပန် ရဲ့ လက်ပတ်နာရီ ( Seiko တို့ Citizen တို့ ဘာတို့ ညာတို့ ) က ၁၁ ရာခိုင်နှုန်းပဲ မားကတ်ရှယ်ယာရှိပါတယ်တဲ့။ ရှယ်ယာအကြီးဆုံးကတော့ Swiss မိတ်ပါပဲတဲ့။ ဂျပန်လက်ပတ်နာရီ ရဲ့ ကမ္ဘာ့ဈေးကွက်မှာရထားတဲ့ ၁၁ ရာခိုင်နှုန်းထဲကမှ Citizen ကတော့ ၆ ရာခိုင်နှုန်းနီးပါးရရှိထားပါတယ်တဲ့။ ဒီထဲကမှ Citizen ရဲ့ Luxury watch က ဘယ်နှရာခိုင်နှုန်းဆိုလား ကိုယ်လည်းအမှီလိုက်မှတ်ရတာ ..း)

စိတ်ဝင်စားဖို့ကောင်းတာက စူပါမာစတာ . မာစတာ . ဘာညာဘာညာ လယ်ဗယ်တွေခွဲထားတယ်။ သဘောကတော့ ကျွမ်းကျင် အဆင့် ၁ ၊ ၂၊  ၃ ပေါ့လေ။ ကျွမ်းကျင်အဆင့် ၁ ဆိုသူဟာတဲ့ အနည်းဆုံးလုပ်သက် ၁၃ နှစ်အထက်ရှိရပြီး လက်မှတ်ပေါင်းများစွာ ပိုင်ဆိုင်ရမယ်တဲ့ ။သဘောကတော့ အင်္ဂလိပ်စာအနေနဲ့ပြောရရင်တော့ TOEIC, TOFEL, IELTS ဘာညာဘာညာ အများကြီးရထားတဲ့သူလိုပေါ့ကွယ်။ သူက Hand Made ထုတ်တဲ့နေရာကိုပြောနေတာနော်။
နာရီတပ်ဆင်တဲ့နေရာကိုမှန်ခန်းကြီးနဲ့ပြထားပြီး စူပါမာစတာ ၊ မာစတာ စသည်ဖြင့် အလုပ်ခုံတွေကကွဲပြီး အဲ့ဒီ့ခုံတွေကလည်းသိပ်ကိုဈေးကြီးသတဲ့ကွယ်။  Hand Made ထုတ်နေတဲ့နေရာမှာ အယောက် ၅၀ကျော်တွေ့ရပြီ အများစုက အမျိုးသမီးတွေ ။ စူပါမာစတာ ကြီးရဲ့ခုံကို တော့ ထင်းထင်းရှင်းရှင်းကြီးမြင်နေရပြီးတော့  စူပါမာစတာဆိုသူက အမျိုးသမီးကြီးဖြစ်နေလို့ပါပဲ။ လုပ်သက်ကလည်း နှစ် ၃၀ကျော်ပြီးတော့ သူ့မှာရထားတဲ့ နာရီနဲ့ပတ်သတ်တဲ့ ဖြေဆိုထားတဲ့ လိုင်စင်စာမေးပွဲတွေကလည်းမနည်းဘူး။ Plant တစ်ခုလုံးမှာ စူပါမာစတာဆိုတာတစ်ယောက်ပဲရှိတယ်တဲ့ ။ သူ့အောက်မှာမှ မာစတာ အဆင့် က  ၁၀ယောက်လောက် နောက် ပြီးအဆင့်ဆင့်ပေါ့ ။ စက်နဲ့တပ်ဆင်တဲ့နေရာတွေမှာတော့  လူအနည်းစုတွေ့ရပါတယ်။ စက်တွေကပဲ အဓိကလုပ်နေတာကိုး။
ကျွန်မတို့ တိုယိုတာ ကားစက်ရုံအကြီးကြီးသွားတုန်းကလိုပေါ့ လေ ယနေ့ စတီးပြား မနက်ဖြန်ကားတဲ့. ကားတစ်စီးထုတ်ဖို့ ၂၄ နာရီပဲ လိုတယ်။ စက်ရုပ်တွေနဲ့ အလုပ်လုပ်နေတာ ရုပ်၇ှင်တွေထဲကအတိုင်း ။နောက်ကြုံမှ အဲ့ပိုစ့်ကို ရေးမယ်နော်.

နောက် သူတို့ရဲ့ အမှတ်တရ ဆိုင်မှာပြည်တော်ပြန်ရင်ပေးဖို့လက်ဆောင်နာရီ ဈေးအသက်သာဆုံး
တွေဝယ်ကြတယ်။ သူတို့ကလည်း ၃၀ရာခိုင်နှုန်းထပ်လျှော့တယ်။ Citizen တော့မရခဲ့ပါဘူး Citizen အောင်ကခွဲထွက်ထားတဲ့နာမည်တွေပဲ ၀ယ်ခဲ့နိုင်တယ်။

နောက်နေ့ မီဆိုး (miso) စက်ရုံသွားတယ် ။ နာဂါနိုက Traditional နည်းနဲ့လုပ်တုန်းတဲ့ နေရာတဲ့။ အဖြူရောင်မီဆိုးက ၁ နှစ်ဖြစ်ပြီး အနီရောက်ကတော့ ၃ နှစ်ထားတဲ့မီဆိုးတဲ့။ မီဆိုးက ဘယ်လောက်ပဲ ထားထားမပုပ်သွားပေမယ့် အရသာကတော့မကောင်းဘူးတဲ့။  ပဲနဲ့လုပ်တဲ့နေရာဆိုတော့လည်း သောက်လို့သာကောင်းတာ အနံကတော့ပြင်းတယ်။ ကျော်လိုက်မယ် ဒီအကြောင်းကို ….နော်
မိဆိုးစက်ရုံ

နောက်တော့ အိုလံပစ် စကီးတာဝါ ကိုသွားတယ် ဒါလည်းကျော်လိုက်မယ်။ အမြင့်ကြီးကို Lift နဲ့တက်ရသလို အမြင့်ကြောက်သူမို့ စိတ်ညစ်တယ် မပျော်ဘူး အပေါ်ကို လိုက်တက်ရတာ။ မိုးကလည်းစွေနေတယ်အဲ့နေက အားကစားသမားတွေ ကလည်းလေ့ကျင့်နေတယ်။ အပူချိန်ကတော့အတော်ကို သိသိသာသာ ကျတယ်။ မန်းလေးကနေ မေမြို့တက်ရင် ၂၁ မိုင်လောက်ကြရင် ရုတ်တရက်အပူချိန်ပြောင်းသွားသလိုမျိုးပေါ့။






ရေကာတာရဲ့အပေါ်ကလျှောက်လမ်းကိုမြင်ရလား အဲ့အပေါ်ကနေလည်းကြည့်ကြတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးက ဆောက်လုပ်ခဲ့ပြီး ယနေ့တိုင် ဂျပန်လူမျိုးတွေ ဂုဏ်ယူနေကြတဲ့ Kurobe Dam. အရမ်းလှပလွန်းသလို Kurobe Dam ကနေ ဂျပန်နိုင်ငံရဲ့ လျှပ်စစ်ဓတ်အားပေးစက်ရုံ ၁၁ ရုံကို ဓတ်အားတွေပေးဝေနေသတဲ့။ စစ်ပြီးခတ် ဂျပန်ပြန်လည်ထူထောင်ရေးမှာဆောက်လုပ်ခဲ့တဲ့ ဒီ ရေကာတာကြီးဟာ ဂျပန်နိုင်ငံရဲ့ မြင့်မားတဲ့နည်းပညာ စနစ်ကျမှု့ကို ယခုချိန်ထိ တွေ့မြင်နိုင်သလို  စဆောက်ကတည်းက observation area ထည့်ဆောက်ခဲ့တဲ့အတွက် အနီးကပ်အလှပကို ခံစားနိုင်တယ်။
သွားရတာကဝေးလွန်းလှပါတယ်။ တောင်ပေါ်ကစီးဆင်းလာတဲ့မြစ်ချောင်းတွေကို ပိတ်ဆောက်ထားပေမယ့် သူဆောက်ထားတဲ့နေရာက လူဦးရေ ထူထပ်တဲ့နေရာနဲ့ဝေးတဲ့ နေရာဖြစ်သလို ဂျပန်ပင်လယ်နဲ့လည်းနီးတဲ့နေရာပါ။ နောက်တောင်ပေါ်က စီးဆင်းလာတဲ့ဒီမြစ်ချောင်းကို အမှီသဟဲပြုနေတဲ့ မြို့တွေလည်းမရှိပါဘူး။ တောင်ပေါ်ထိကို ကားစီး ပြီးတော့မှ၁၅ မိနစ်ခန့် ဥမင်ထဲမှာ ကားပြန်ပြောင်းစီးရပါတယ်။ ဂျပန်လူမျိုးတောင်တက်သမားတွေနဲ့ ခရီးသွားတွေ တရုတ်လူမျိုးခရီးသွားတွေ ကိုတွေ့ခဲ့ပါတယ်။



ဆာမူရိုင်းနား အူငဲ ဘာလုပ်နေပါလိမ့် 

နောက်နေ့ ကတော့ နာဂါနိုကိုတစ်ကွေ့တစ်ပတ်ပတ်ပြီး မာဆူမိုတို Castle ကိုရောက်တယ်။ ရောက်ဖူးသမျှ Castle ထဲမှာ သဘောအကျဆုံးပဲ။  သူတို့မြို့နယ်ရဲ့ခရီးသွားမြင့်တင်ရေးရည်ရွယ်ချက်နဲ့ တက္ကသိုလ်မှာ
 တာဝန်ထမ်းဖူးတဲ့ဆရာတွေ အင်္ဂလိပ်စကားပိုင်နိုင်စွာပြောနိုင်တဲ့သက်ကြီးရွယ်အိုတွေက ဗော်လန်တီယာ ဂိုက်လုပ်ပေးတယ်။ သူတို့ကအဖွဲ့လေးတွေခွဲပြီး စောင့်နေတယ်။ နေ့စဉ်လာစရာမလိုဘူးတဲ့ ။အလှည့်ကျတဲ့ သူတို့က လိုက်ပြီးရှင်းပြတယ်။

မေ့တော့မေ့သွားပြီ  ကျွန်မဖတ်ဖူးခဲ့တဲ့ ၀န်းတွေနဲ့တည်ခဲ့တဲ့မင်းနေပြည်ဆိုတဲ့စာအုပ်ထဲကလိုပါပဲ။ အာရှက ဘုရင့်နန်းတော်တွေဟာ မွန်ဂိုဘုရင်တွေရဲ့ နန်းတော်ပုံစံကိုယူခဲ့တယ်ဆိုလား။ စတုရန်းပုံဆောက်လုပ်တယ်။ အပြင်ဘက်ကို ကျုံးနဲ့ ကာတယ်။ နန်းတော်ရဲ့အလယ်ကျဆုံးမှာ ဘုရင့်စံအိမ်လို့ပြောမလား ရှိတယ်။ ပြီးတော့ရာထူးပေါ်မူတည်ပြီး  အတွင်းလိုက်းအပြင်လိုင်း စသည်ဖြင့်
စတုရန်းပုံ ၀န်းရံပြီးပတ်လာတာလည်း မန်းလေးနန်းတွင်းလိုပါပဲ။  သာမာန်ပြည်သူတွေကတော့ ကျုံးရဲ့ အပြင်ဘက်ပေါ့။ မာဆူမိုတို Castle ကတော့ ၁၅၀၄ မှာဆောက်ပြီး ၁၈၆၈ ထိအသုံးပြုခဲ့တယ်တဲ့။ သူတို့ခေတ်မှာ ကျူံးက ၃ ပတ်ပတ်ထားတာ။ နောင်းလူတို့က မြေဖို့လိုက်သတဲ့။ ခုပြန်ပြီးဖော်ထုတ်ဖို့ကြိုးစားနေကြပါတယ်တဲ့။

ဒီ Castle နေရာဟာ စစ်မက်မဖြစ်ပွားခဲ့တဲ့နေရာဖြစ်တဲ့အတွက် တခြားသော Castle တွေလိုမီးလောင်ခြင်းလည်းမခံရပါဘူးတဲ့ ။ အတော်များများက အော်ရီဂျင်နယ်အတိုင်းရှိပါသေးသလို ပြန်ပြီးပြင်ဆင်ထားတာတွေကလည်းအတတ်နိုင်ဆုံးရှေးမူမပျက်ပြင်ဆင်ထားပါတယ်။
ဂျပန်က Castle အတော်များများဟာ တစ်ခုတည်းထီးထီးကြီးရှိပေမယ့် ဒီCastle ကတော့ ပင်မဆောင်ကြီးကို ဘေးဆောင်နှစ်ဘက်ကနဲ့တွဲထားပါတယ်။ Castle ဆိုတာ သူတို့ခေတ်က
ဆာမူ၇ိုင်းသို့မဟုတ် Tono လို့ခေါ်တဲ့ နယ်စား ဘုရင်ငယ်တွေစံအိမ်လို့ထင်ခဲ့တာ တစ်ကယ်တော့ ပင်မဆောင်ဟာ စစ်မက်ရေးရာ တိုင်ပင်ဖို့နဲ့ ရန်သူလာတိုက်လာရင်ပြန်တိုက်ရန် ပစ်ကွင်းကိုသေချာရွေးချယ်ပြီး တံခါးပေါက်ထက် လက်နက်ပစ်ခတ်ဖို့  တံခါးအပေါက်သေးလေးများသားရှိပါတယ်။
ဒီမာဆူမိုတို Castle  ထူထောင်ခဲ့တဲ့ နယ်စားခေတ်မှာ  ဂျပန်မှာ သမိုင်းတွင်ရမယ့် ပြည်တွင်းစစ်ပွဲ တစ်ပွဲဖြစ်ပါတယ်တဲ့။၁၅၀၀ နှောင်းပိုင်းမှာ ဂျပန်ဟာ သေနတ်ကိုစတင်သုံးနေပါပြီ။ တစ်ဘက် နယ်ကလာတိုက်တဲ့ သူတွေကို မာဆူမိုတိုဘက်ကပြန်တိုက်တာ ခေတ်မှီ လက်နက်ဖြစ်တဲ့ သေနတ်တို့ အမြောက်တို့ပါ။ တစ်ဖက်နယ်ကတော့ ဓါးနဲ့တိုက်နေတဲ့ပုံကို ရှေးဟောင်းပန်းချီကားချပ်ကြီးနဲ့သရုပ်ဖော်ထားတော့ ညွန့်ဝင်းရဲ့ ကားတစ်ကားကို အမှတ်ရပါတယ်။ အင်္ဂလိပ်က သေနတ်တွေစိန်ပြောင်းတွေနဲ့လာတိုက်ချိန်မှာ ကျွန်မတို့ရှင်ဘုရင်တွေက ဓါးနဲ့ပြန်တိုက်နေတဲ့ဇတ်ဝင်ခန်းပါ။

အေးချမ်းလှပတဲ့နာဂါနိပြည်နယ်ရဲ့ စိမ်းလန်းတဲ့ ပန်းဂျုံစိုက်ခင်းတွေ ချစ်စရာကောင်းတဲ့ အဆောက်အဦးတွေနဲ့  နာဂါနို ခရီးကတော့ ကျေနပ်စရာအလွန်ကောင်းခဲ့ပါတယ်။ အပြန်လမ်းမှာ တော့ အိမ်ကိုပြန်မလိုက်တော့ပဲ နာဂါနိုကနေ အမြန် ရထားနဲ့  ကျွန်မရဲ့ အိမ်မက်မြို့တော် တိုကျိုကို တစ်ယောက်တည်းချီတတ်ခဲ့ပါတော့တယ်။ သွားလည်းသွားနိုင်တဲ့ ကြည်ကြည်ပါရှင်။

လေးစားစွာဖြင့် 
ကြည်ကြည်  

10 comments:

  1. ကိုအောင်(ပျူနိုင်ငံ)September 3, 2011 at 11:01 AM

    အိဒြာက ဆာမူရိုင်းနံဘေး ရောက်နေတာကိုး ... :D

    ReplyDelete
  2. ကပ်စေးနည်းလိုက်တာ
    မျက်နှာအစစ်လေးကိုကြည့်ချင်တာကို။
    trip သွားရတာပျော်စရားကြီး။

    ReplyDelete
  3. ဒေသစုံ...နေရာစုံသွားဖို့ ဆိုတာတကယ်တော့မလွယ်ပါဘူး
ေ၇ာက်တုန်းအခိုက်အတန့်မှာမှတ်တမ်းလေးတွေနဲ့
    တင်ဆက်ထားပုံက ကြည်နူးစရာပါ....။

    ReplyDelete
  4. ညနေတုန်းက တီး ၄ ခွက်သောက်ထားတယ် ခုမျက်လုံးကြောင်နေတယ် ညစ်တယ်း)

    ဒီတော့ ဘယ်သူတွေလာလည်း တိတ်တိတ်လေးချောင်းနေတယ်း)

    ဖြိုးရေ >> အူဝဲ ကိုနာခေါင်းပြားပြီး နှုတ်ခမ်းပါးလိုက် နဖူးနည်းနည်းပြောင်လိုက် .. ကြည်ကြည်ပဲ အဟဲဟဲ ....

    ကိုအောင် ရေ ....ဆာမူရိုင်းလည်း အနေတော့ခက်နေပုံပါ။
ုကိုကိုစိမ်းရန်ကုန်ရေ ....ကျေးဇူးပါနော်.

    ReplyDelete
  5. အင်္ဂါဟူးSeptember 3, 2011 at 2:17 PM

    ဒေါ်လေးကြည်က ခြေထောက်မှာ ဗွေပါတယ်ထင်တယ်..။

    သူ့ကိုယ်လုံးကို အူငဲပုံကပ်ထားတယ်..။ ဟာဟ

    ReplyDelete
  6. ဂျပန်ပြည်အကြောင်း လာချောင်းသွားပါတယ်...သွားလည်းသွားနိုင်တဲ့ အမကြည်ကြည်ပါလား...နောက်ထပ် ပို့ စ်တွေ တင်ပါဦးဗျို့ ...

    ReplyDelete
  7. ဘယ်လို ရုပ်ပြောင်းသွားတာတုန်း

း-)

    ဆောင်း

    ReplyDelete
  8. စိတ်ဝင်စားစရာ ဗဟုသုတတွေ အများကြီးဖတ်သွားတယ်။ ကျေးဇူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. အဲ...မျက်နှာကိုပလတ်စတစ်ဆာဂျရီလုပ်လိုက်တာလား...အရင်ကလောက် မချောတော့ဘူး....:))) စီတီဇင်နာရီလေးများရမလားလို့......:D
    အိမ်မက်မြို့တော်အကြောင်း နောက်ရေးမယ်ပေါ့နော်...မျှော်နေမယ်ဗျိုးးးးးး

    ReplyDelete
  10. စိတ်ဝင်စားစရာပဲ၊
    ခရိးသွားပိုစ့်လေးတွေကို ဖတ်ရတဲ့အတွက် ကျေးဇူး။

    ReplyDelete

ဝေဖန်သွားပါအုန်းလား ။
အသိမှတ်ပြုတယ်ဆိုရင်ပဲ ၀မ်းသာလှပီလေ။