Friday, December 30, 2011
မီးဘေးသင့် မိသားစုများအတွက် စောင်သွားလှုပါတယ်။
ကျွန်မတို့ထက်ဝေးတဲ့နေရကာလူတွေတောင်သိကြ ကြားကြတယ်။
လူတိုင်းကြားကြပေမယ့် ကျွန်မတို့ သားအမိတွေမကြားကြဘူး။ အောက်ထပ်မှာ အမေကြီး နဲ့ကောင်မလေးတွေ အပေါ်ထပ်မှာ ကျွန်မနဲ့ ခလေးနှစ်ယောက် မိုးလင်းတော့မှ ဂိတ်စောင့်ကြီးပြောမှသိကြတယ်။  ဘာသတင်းမှ အတိအကျမသိသေးချိန်ဆိုတော့ ဗုံးပေါက်တာလို့ပဲပြောတာကိုး ။
ဖြစ်ဖြစ်ချင်းနေ့ကပဲ လှူဖို့စိတ်ကူးလိုက်တာက စောင်ပါ။ ဒီလိုရာသီမှာ ဘုန်းကြီးကျောင်းဘိလပ်မြေကြမ်းခင်းမှာ အိပ်ရမှာ အေးကြရှာမှာပဲလို့။
ရုံးက ခလေးတစ်ယောက်က အဲ့ဒီ့ဘက်မှာ နေဖူးသူဆိုတော့ အတော်ကိုစိတ်ထိခိုက်နေရှာတယ်။
ကားလမ်းတွေကျပ်တယ် အဲ့ဒီ့ဘက်  လှုဖို့လာတဲ့ကားမှန်း သိပီး အသိစိတ်ရှိသူတွေက ကားကိုရပ်ပေးပေမယ့် မသိတတ်တဲ့ ဘတ်စကားတွေကတော့ လုံးဝမရပ်။ ကွေ့ကားကွေ့မရတော့ကားတန်းကြီးဖြစ်။ တစ်စီးစီအလှည့်ကျသွားပေးကြမယ်ဆိုတဲ့စိတ် ဝေးကြသေးတယ်။
ကဲ ကိုယ်ပဲကမကထလုပ်တော့ ခလေးတွေ စောင်သွားဝယ်ပေးကြတယ်။ တစ်ထည်ကို ၂၂၀၀တဲ့ ၂၅၀၀ တန်ကိုလှုမယ်ဆိုလို့ လျှော့ပေးတယ်တဲ့ ။ ၁၄၀၀ တန်စားရှိတယ်တဲ့ ကြိတ်သားပုံစံမျိုးဂွမ်းစောင်တဲ့ အပေါ်မလုံအောက်မလုံတဲ့။ မနေ့ကတော့တွေ့ခဲ့တယ်။
အဆောင်တစ်ခုဆီကိုရောက်သွားတယ် အိမ်ထောင်စု ၄၀ ရှိတဲ့နေရာ စောင်က အထည်၆၀ ၀ယ်သွားတယ်။
တစ်အိမ်ထောင် ၁ ထည်နဲ့ မီးသင့်ခံရတဲ့ကျောင်းက သံယာအပါး ၁၀ ပါးတစ်ပါးတစ်ထည် ရတယ်။
ပိုတဲ့ အထည်ကို မိသားစုများတဲ့သူတွေပေးလိုက်မယ်တဲ့။
ကိုယ်တိုင်လှူခဲ့ရတယ်။
ဆေးပေးခန်းတွေ လည်းရှိတယ်။ အစားအသောက်က ပိုတောင်ပိုတယ်လို့ပြောနေကြတယ်။
တစ်ရက်တည်းမဟုတ်ဘူး။ ၂ ရက်တည်းမဟုတ်ဘူး။ သူတို့အတော်ကြာကြာနေရမယ်ဆို ရင် အလှည့်ကျက ပိုကောင်းလိမ့်မယ်။
မိဘမဲ့ကျောင်းမှာ လှုတာတို့ နာဂစ်တုန်းက သွားလှူချိန်တို့ လူတဲ့ပစ္စည်းသာ မှတ်တမ်းအနေနဲ့ထားသည်။
ဒီလိုနေရာမျိုးတွေသွားရင် ကျွန်မသိပ်ပီး ဓာတ်ပုံရိုက်လေ့မရှိ။ သူတို့မျက်လုံးတွေကိုပါရင်မဆိုင်ရဲ မျက်လုံးနဲ့ရင်ဘတ်နဲ့မှတ်တတ်သူမို့ ဓာတ်ပုံကတော့ ဒီလောက်ပါပဲ။
အမျိုးသမီးတွေလည်းများတယ်လေ။ ဘယ်လောက်ကြာကြာနေရအုန်းမယ်မသိတဲ့အတွက် အတွင်းခံဘောင်းဘီတို့ လစဉ်သုံးတို့လည်း လှုချင်တယ်။
ဘယ်လောက်ပဲဖြစ်ဖြစ်လှု ဖို့ အကူညီလိုရင် ကျွန်မ ကူညီပါရစေ။ သူများကိုယ်စားလှုပေးရမယ်ဆိုရင်တော့သေချာ မှတ်တမ်းမှတ်ရာနဲ့ ရိုက်ပို့ပေးပါမယ်ရှင်။
 လေးစားစွာဖြင့်
ကြည်ကြည်
Thursday, December 15, 2011
ကြည်ကြည်မဒေါ့ကွန်းတော့ဘူး
နေကောင်းကြလားကွယ်။ မတွေ့ရတာအတော်တောင်ကြာပေါ့နော်။
စက်တင်ဘာလလယ်လောက်ကတည်းက ဒေါ့ကွန်းဝယ်တယ်။နောက်ဆက်တင်လုပ်တယ်။ အတိုချူပ်ရရင်တော့ဘာတွေ ဖြစ်သွားလည်းမသိဘူးမရဘူးကွယ်။ ဒီလိုနဲ့ဘလော့ကနေဝေးနေမိတယ်။ နောက်ဘွဲ့ယူတယ်။ နောက် ပြန်လာတယ်။ ပြန်ရောက်တော့ အင်တာနက်သုံးမယ်စလုပ်တယ်။ရေအောက်ကြိုးတွေပြုပြင်လို့တဲ့သုံးလို့မရဘူး နှေးလိုက်တဲ့ကော်နက်ရှင်။
လုပ်ဒင်ဝိုင်းနေတာကိုကြည့်ပီး ငိုပဲငိုချင်သလို၊ ဖဘကလည်းဝင်ဖို့မလွယ်၊ သတင်းလည်းမသိ။အတင်းလည်းမသိ. ကိုယ်ပဲ ကမ္ဘာ့တစ်ဖက်ခြမ်းရောက်သွားသလို။
CDMA 800 တဲ့ဖုန်းကော်နက်ရှင်ကို notebook နဲ့တွဲသုံးကြည့်တယ်။ပိုဆိုး …
ရောက်ရောက်ခြင်းညကတော့ အိမ်နဲ့နီးတဲ့ မြကျွန်းသာရှေ့ကတည်းခိုခန်းသွားနေကြတယ်။ အသီးအရွက်မက်သူမို့ ဒီနေရာကတော့ဖြင့်လို့ စိတ်ချစွာစားလိုက်တယ်။ ထောင်းကနဲထလာတာက ဆေးနံပြင်းတဲ့ခရမ်းချဉ်သီး ။
အင်း အော်ဂဲနစ် စိုက်ပျိုးရေးလုပ်စားကောင်းမလားပေါ့။ မဖြစ်ပါဘူး မြေဆွရင်တီကောင်ထွက်လာမယ်။ တီကောင်ကြောက်သူကိုး။
ညဘက်၂ခါလောက် ဖုန်းတွေလာတာက ဦးသိန်းတန်ရှိပါသလားတဲ့။ အခန်းမှားနေပါတယ်ပေါ့။
နောက်နေ့မနက် ဘရိတ်ဖတ်စားသွားမယ်လုပ်တော့ ဆံပင်ကိုစက်ဆွဲထားသလားထင်ရအောင်ဖြောင့်ဖြောင့်ဂုတ်ဝဲနဲ့ bathrobe အဖြူရောင်ကြီးနဲ့ အခန်းပြင်မှာ ..
အော်  ဦးသိန်းတန်(မြန်မာပြည်) ပဲ .
၂ရက်လောက် စီးတီးမတ်ပတ်လိုက်တယ်ဆို တွေ့ပါပီ။အော်ဂဲနစ် ကြက်သွန်နီ. ခရမ်းချဉ်သီး ဗူးရွက် ၀မ်းသာလွန်းလို့ …မျက်ရည်များတောင်ကျ အဲ့လေ. ၀မ်းသာလွန်းလို့ လိပ်စာမှတ်ပီးလိုက်စုံစမ်းတာ ၅၂ လမ်းမှာမနက်စောစောဆိုရတယ်တဲ့ ဆိုင်အထိသွားကြည့်တယ်။ အော်ဂဲနစ်ဆန်ပါရသေး ဈေးကလည်းအပြင်နဲ့တူတယ်။ ယုံတယ် ယုံတယ် အော်ဂဲနစ်ဆိုတာ အနံအသက်ကင်းစွာ နဲ့ စားရတယ် သိသာတယ.်အရသာက.. စိုက်ပျိုးထုတ်လုပ်သူက ဂျပန်ပြန်ပဲ။ အသိရဲ့အသိတွေ . ပိုယုံသွားတယ်။ ကိုယ်ချင်းကိုယ်ချင်းး)
ရန်ကုန်ရဲ့Life မှာ
ဟယ်………….
ဟာ……………..
ဟင်……
ဘယ်လိုလုပ်တာလည်း
အံသြစရာတွေ၊ ခံပြင်းစရာတွေ၊ ပျော်စရာတွေ၊ စိတ်ကသိကအောက်များစွာတွေ၊ ဈေးကြီးလွန်းတာတွေ.
မြန်မာပြည်မှာပေးရတဲ့ပိုက်ဆံနဲ့တန်တာဆိုလို့ မရှိလည်းဖြစ်တဲ့ကျောက်မျက်ရတနာ ပဲရှိတယ်။
လတ်တစ်လောမှာတော့
မိန်းကလေးတွေ၊လူကြီးတွေလူငယ်တွေ ရန်ကုန်မှာမမြင်ရတာကြာပီဖြစ်တဲ့ဆိုင်ကယ်တွေကို တောင်ဥက္ကလာဘက်၊ရန်ကင်းဘက်တွေမှာ
ညဘက်တွေမှာထွက်စီးလာတာတွေ့ရတယ်။ လမ်းမီးမှောင်မှောင်မှာ အန္တရယ်များလိုက်တာ။
လောလောဆယ်စီးပွားရေးမှာ ငွေများရာငွေလာ. ငွေလည်တဲ့သူမှငွေပေးလှည့်လို့ရတဲ့အနေထားတွေ..။ (သထေးဆိုရင်ငွေပိုချေးလို့ရသလိုပဲ မြင်ရတာ) ငွေလိမ်သွားတာလည်း အဲ့ဒီ့သထေးလို့ထင်ခံနေရသူတွေပဲ။
ဟောပြောရင်းဆိုရင်း ရုံးချိန်မှာ ဘလော့ရေးနေတဲ့ကျွှန်မကို EPC ကကြည့်မရလို့တဲ့.
စားသောက်ဆိုင်တွေ ကော်ဖီဆိုင်လှလှတွေလည်းပေါလာတယ်။ ပုဂ္ဂလိကကျောင်းတွေဖွင့်ခွင့်ရတာတော့ အကြိုက်ဆုံးပဲ။ ကျောင်းတွေပေါလာပီး အပြိုင်ဆိုင်တွေများလာရင် ဈေးတွေကျလာနိုင်ကောင်းပါရဲ့။
ကြော်ငြာလိုက်တဲ့နိုင်ငံခြားဆေးရုံတွေ  ...မြန်မာပြည်မှာဆေးရုံဆေးခန်းမရှိတော့တဲ့အတိုင်းပဲ။
ပေါလာလိုက်တဲ့ spa တွေ ဈေးတော့မပေါဘူး။ ဘာလီကတောင် သက်သာတယ်။ ဒီကြားထဲ ကိုယ့်ကိုလုပ်ပေးနေသူက လက်ဖက်သုပ်လေးစားထားလို့ဆိုလို့ကတော့ သွားပေတော့။
အတုကို အတုမှန်းသိတဲ့အတုပေါပေါတွေ ၊.good quality အတုတွေ.၊ အစစ်ပါလို့ပြောနေတဲ့အတုတွေ၊
အတုကို အတုလို့မပြောပဲ အစစ်ဈေးလည်းမကျ အတုဈေးလည်းမက လုပ်ရောင်းနေသူတွေ။
ရှော့ပင်းစင်တာတွေမှာ ပလူပျံနေတဲ့ Coach, Gucci, LV တွေကိုကြည့်ရင်း ကိုယ့်ပစ္စည်းလေးတွေ သိမ်းလိုက်တယ်။
ဘာတံဆိပ်မှမပါတဲ့ အိတ်တစ်လုံးထဲ ပစ္စည်းတွေပြောင်းထဲ့လိုက်တယ်။ နယ်ကအဒေါ်တတ်လာတုန်း
လက်ထဲပိုက်ဆံ ၈သောင်း ထည့်ပေးပီး ငါ့ကိုညည်းလိုအိတ်တစ်လုံးလိုက်ဝယ်ပေးတဲ့။ အဒေါ်ဘယ်လိုလုပ်ရမှာတုန်းလို့ ပြောတော့ မျက်စောင်းခဲတယ်။
ညနေ ပြန်လာတော့ လက်ထဲအိတ်တစ်လုံးထုတ်ပြတယ်။ တွေ့လားနင့်အိတ်နဲ့ ဘာကွာလည်း ၅သောင်းနဲ့ရလာတယ်။
တူဝရီးချင်းချင်းေ-ာက်ကြီးကျယ်တယ်တဲ့ ကဲ…..
ဘာပဲဖြစ်ဖြစ် ..ဘလော့စပေါ့နဲ့ပြန်ရေးတယ်။ ဒေါ့ကွန်းရေသွားတော့လောလောဆယ်။
ဘလော့တွေအကုန်လိုက်ဖတ်ဖို့မလွယ်တော့ပေမယ့် အား….လုံးကိုလွမ်းတယ်။ အလုပ်ကိစ္စ၊ အိမ်ကိစ္စ၊ ခလေးကိစ္စ နဲ့ အိမ်မက်ကမ္ဘာကနေ ခုမှ ပြန်လည်အသက်ဝင်လာသလိုပါပဲ။
FYI. အရင်လိုမ၀တော့ပေမယ့် အရင်လိုမလှတော့ဘူးကွယ် (အဟုတ်ပြောတာ)
Saturday, September 10, 2011
ကန်ဆိုင်းက အစားအစာများ (kansai အစားအစာ)
ရန်ကုန်အကြွား မော်လမြိုင်အစား မန္တလေးစကားလို့ဆိုကြတယ်မို့လား ။ ဒီလိုပဲ ဂျပန်မှာလည်း နာဂိုယာအကြွား အိုဆာကာ စကား လို့ပြောကြတာပဲ ။အိုဆာက က စကားက သာမန်ဂျပန်စကားထက်နည်းနည်းလေး
 အသံဝဲတာတို့နောက်အသုံးနှုန်းနည်းနည်းကွာတာလေးတွေရှိတယ်။
ဂျပန်လိုကျေးဇူးတင်တာကို. Arigatou လို့ ပြောကြပေမယ့် အိုဆာကာဘက်ကြတော့ Domo Okini လို့ပြောကြတာကို။
ဒီတစ်ခါတင်ပြချင်တာက အစားအသောက်ပေါ့။ (အစားသောက်ဘလော့တွေသွားပီးသရေကျရတာများလွန်းလို့)။
ကျွန်မတို့ကျိုတိုဘက်က ဟင်းတွေက ပေါ့ပေါ့လေးတွေများတယ်။ ဒီတစ်ခါတော့ဟင်းတွေထက် ချဉ်ဖတ်ကိုအထိကထားပီးရေးချင်တယ်။ ဂျပန်တွေလည်း ချဉ်ဖတ်ကိုအမျိုးမျိုးချဉ်ပါတယ်။ ဆားနဲ့ချဉ်တယ်။ ရှာလကာရည်နဲ့ချဉ်တယ်။ ဖွဲနုနဲ့ချဉ်တယ်။နောက်တစ်ခုကတော့ မီဆိုးပေါ့လေ မီဆိုးနဲ့ချဉ်တယ်ပေါ့။
ဟော ကျိုတိုနားက နာရာကြတော့ အရက်နဲ့ချဉ်တဲ့ချဉ်ဖတ်ကနာမည်ကြီးသလိုအရသာကြတော့ အတော်ကိုလေးတယ်။ ဂျပန်လူမျိုးတွေက စစ်ပီးခေတ်မှာ စားစရာမရှားလွန်းလို့ ထမင်းဖြူနဲ့ ချဉ်ဖတ်ကိုသာအဓိကစားခဲ့ကြတယ်တဲ့ကွယ်။
နာရာ မုန်လာဥချဉ်ဖတ်
နာဂိုယာကြတော့ ဘာလုပ်လုပ် မီးဆိုးသိပ်ထည့်သလိုပဲ အရသာတွေလည်းသိပ်ပြင်းတယ်။ ကြည်ကြည်တော့မစားနိုင်ဘူး။ ကျောင်းကိစ္စနဲ့သွားရတိုင်းဆရာတွေ အသိတွေက ခေါ်သွားတာက တစ်ကယ့်နာဂိုယာစတိုင်စားသောက်ဆိုင်. ကြက်တောင်ပံကြော်ကနာမည်ကြီးတယ် အဲ့အပေါ်မှာ မီဆိုးအနှစ်ကို ပျစ်ပျစ်ကြီးဆမ်းထားတာ. ဘယ်လိုမှ စားရတာအဆင်မပြေ.
ဒါက၀က်သားပြားကျော် မီးဆိုးအရာသာမီဆိုးကလည်းဆမ်းထားသေးတယ်
တစ်လောက တိုကျိုကအမက လာလည်တော့ ကျိုတို ISETEN အောက်မှာဝယ်လိုက်တဲ့ ကျိုတိုချဉ်ဖတ် အဲ့ဒါတွေကို အမှတ်ရတော့ ဓတ်ပုံမရိုက်လိုက်ရတာကို နှမျောနေတယ်။ ဒီတော့ ဂူဂယ်ကနေ ရှာလိုက်တာပေါ့.
သခွားသီးချဉ်ဖတ်ကတော့ ဂျပန်ရဲ့ထမင်းပွဲတိုင်းမှာထည့်ပေးလေ့ရှိတယ်လေ။ အရောင်လေးတွေသာကွာတာ ..
မုန်လာဥချဉ်ဖတ်ကလည်း ဂျပန်ရဲ့အဓိကလို့ဖြစ်နေပြန်ရော။
နောက် ကျွန်မတို့ဘက်က အစားများတာက ခရမ်းသီးချဉ်ဖတ်
ကဲကြည်ကြည်တို့ မြန်မာတွေ ကြောင်ရှာသီးချဉ်ဖတ်ရှိတယ်နော်။ ကြက်ဟင်းခါးသီးချဉ်ဖတ်တော့မရှိဘူးထင်တယ်နော်။ ဂျပန်လည်းကြက်ဟင်းခါးသီးကို စားတာ ဆယ်စုနှစ်တစ်ခုလောက်ပဲရှိအုန်းမယ် အရင်တုန်းကသိပ်မရှိဘူး။ သူက အပူပိုင်းအသီးကိုး။ ၁၉၉၀ လောက်အထိ အိုကီနာဝါမှာပဲ အထိကစိုက်ခဲ့တယ်လို့သိရတယ်. ခုချိန်မှာကြက်ဟင်းခါးသီးကို ဂျပန်လို GO-YA လို့ခေါ်ကြတယ်။ ဒါကလည်း အိုကီနာဝါမှာ GO-YA လို့ခေါ်လို့တဲ့။ သူတို့စာထဲမှာလည်း ကြက်ဟင်းခါးသီး = အိုကီနာဝါမှလာသော ခါးသောသခွားသီးအမျိုးစားလို့ရေးထားတာကိုး။
ကျိုတိုမှာတော့ ကြက်ဟင်းခါးသီးကို ငရုတ်သီးလေးနည်းနည်း ရှာကလာရည်ရယ် လယ်မွန်ရယ်နဲ့ချဉ်ထားတာလေးတွေ့ခဲ့တယ်။
နောက်တစ်ခုက ဖရုံသီးကင်းလေးတွေ ချဉ်ဖတ် သူကတော့ သိပ်စားမကောင်းသလိုပဲ ကြိုက်ဘူး။
စားကြည့်လို့ မဆိုးဘူးလို့ထင်လိုက်တာက ဖရဲသီးကင်းလေးတွေချဉ်ဖတ် ..
ဖရဲသီးချဉ်ဖတ်
ဒါကတော့ ကျိုတိုလို့ပြောလိုက်တာနဲ့ နာမည်ကြီး Kabura ချဉ်ဖတ်. မုန့်လာဥ၀ိုင်းနဲ့လုပ်တာ
မြန်မာပြည်မှာတော့ ရှမ်းပြည်ကအန်တီတစ်ယောက်လုပ်ပေးလို့ ဘူးသီးချဉ်ဖတ်စားဖုးတယ်။ ဂျပန်တွေကဗူးသီးသိပ်မစားသလို တစ်ချို့ သိပ်တောင်မမြင်ဘူးတဲ့သူတွေရှိတယ်။
မနှစ်ကနွေရာသီတုန်းက ကျိုတို Botanical  garden ထဲမှာ ဗူးသီးတွေ ကိုစင်ထိုးပီးစိုက်ပြထားတာ. ဗူုးသီးကြီးတွေလည်းကြီးမှကြီး အဲ့ဒါကိုတစ်ကူးတစ်က သွားကြည့်တဲ့သူတွေ များသား ကန်ဆိုင်းသတင်းထဲမှာတောင်ပါတယ်း)
ဂျပန်တွေ စားရကောင်းမှန်းမသိတာကတော့ ဗူးရွက်နုနဲ့ ဖရုံရွက်နု ပါပဲ ။
ကျိုတိုဟာ နိုင်ငံခြားသားတွေအတွက် လည်ပတ်စရာများလွန်းတဲ့မြို့ပါပဲ အနုပညာ၊ လက်မှု့၊
သမိုင်းအမွေနှစ် စသည်ဖြင့် ကြွယ်ဝလွန်းတဲ့မြို့ဖြစ်သလို အစားသောက်နာမည်ကြီးတွေကလည်းရှိတာကိုး။
ကျိုတိုလာတိုင်း လူတိုင်းစားကြတဲ့မုန့် လက်ဆောင်ဝယ်ပြန်တဲ့မုန့် ..မန္တလေးသွားလို့ ထိုးမုန့်ဝယ်သလိုမျိုးပေါ့လေ (ကြည်ကြည်တော့ ထိုးမုန့်၊လမုန့် မကြိုက်) …
NAMAYATSU HASHI တဲ့ သူကအခြောက်လည်းရှိသလို အစိုလည်းရှိတယ်။
ကောက်ညင်းနဲ့အပြင်သားကိုလုပ်ထားပီးအထဲမှာတော့ စတော်ဘယ်ရီ အရသာ၊ ကျိုတိုနာမည်ကြီး UJI လက်ဖက်ခြောက်အရသာ၊ ပဲအရသာစသည် ဖြင့်လုပ်ထားပီး အပြင်ဘက်ကိုတော့ သစ်ဂျပိုးမှု့န်လေးပါးပါးလေးဖြူးထားတဲ့အရသာပါ။
                                      နာမရစု ဟရှိ namayatsu hashi
အိုဆာကာ ကြတော့ Takoyaki လို့ခေါ်တဲ့မုန့်လင်မယား အလုံးပုံမျိုးထဲ
ကိုရေဘ၀ဲအသားလေးတွေတုံးပီးထည့်ထားတာကို အပေါ်ကနေ ငါးမှု့န့်ဖြူးထားတာ။ (ကြည်ကြည်မကြိုက်)
ဟိရိုးရှီးမားကြတော့ Okonomiyaki . ဂျုံမုန့်နဲ့ပျစ်ပျစ်ဖျော်ပီး အကြော်သံပြားပေါ်တင်ပြီးဘိန်းမုန့်လုပ်သလိုလုပ်ပီးအပေါ်ကနေ အသားတို့ ဂေါ်ဖီတို့ ကိုပုံထားပီး အပူပေးတာပေါ့လေ. သူကတော့ Mayonnaise နဲ့ နောက်သူတို့ရဲ့ ဆော့်စ့်နဲ့စားကြတာပေါ့ ။(ဒါလည်းကြည်ကြည်မစားဖြစ်)
ကဲဒီလောက်ဆို ဂျပန်လာလည်လို့ ကျိုတိုဘက်လာလည်မယ်ဆိုရင်တော့ ဘာတွေစားပီးဘာတွေဝယ်မလည်း နည်းနည်းတော့သိသွားပီပေါ့ ဟုတ်တယ်နော်…
Photos from google
Monday, September 5, 2011
ဘ၀မှာ အချစ်ဆုံး အမျိုးသား
ကျွန်မ သားကြီးက ၇ နှစ်ပါ။ ကျွန်မဟာ အိမ်ထောင်ကျစောတယ်လို့ ပြောတဲ့သူကပြောတယ်။ သူငယ်ချင်းတွေကခုထိ မယူသေးကြဘူးလေ။ တစ်ချို့က အချိန်အခါ သင့်တော်ဆုံးပါလို့ပြောတဲ့သူက ပြောတယ်။
သားကြီးက နူးညံ့တယ်။ ကြင်နာတတ်တယ်။ ကစားမက်တယ်။စိတ်တော့ဆတ်တယ်။ ကျွန်မကိုတော့သိပ်ချစ်တယ်။ သူ့ကို ကဗျာလေးတွေ သီချင်းလေးတွေ ဆိုသိပ်ရင် မျက်ရည်လေးတွေဝဲတတ်တယ်။မင်းသားလေးက လွမ်းရတဲ့အခန်းဆိုရင် မျက်ရည်
လေးတွေဝဲလို့။
ကျွန်မပန်းပင်တွေ ကိုချစ်မှန်းသိတော့သူက ပါ မေမေ့ပန်းပင်တွေဆိုပြီးလိုက်ချစ်တယ်။
ကျွန်မကို ဖိနပ်ကအစစီးပေးတယ်။
ရန်ကုန်မှာရှိရင် ကျွန်မဘုရားရှိခိုးရင်သူက မီးအရမ်းထွန်းပေးချင်တယ်။ ကျွန်မက အိမ်တွင်းအုံးတော်ကို ယပ်ခတ်ရင်သူကပါ အင်္ဂါသားလေးမေမေ တင်္နလာသမီးကိုစောင့်
့်ေ၇ှာက်ပါလို့လိုက်ဆုတောင်းတယ်။ သူ့အဖွားဆုတောင်းတာ မြင်ဖူးတာကိုး။
လိုချင်တာရှိရင် လည်း သားကတော့လိုချင်တာပေါ့နော် မေမေ ..မေမေ အဆင်ပြေမှပါတဲ့. မေမေက မယူနဲ့ဆို ရပါတယ်လို့လည်း ပိုတတ်သေးတာ။
ကျွန်မ ရန်ကုန်ကို ပြန်တုန်းက မေမေ အသက်ကြီးမှ ဘာလို့ကျောင်းတတ်တာလည်း မေမေမရှိရင် သားမဖြစ်ဘူးနော်တဲ့ ကျွန်မ ပြန်ကိုမလာချင်တော့တာ ဒီကို အဲ့တုန်းက။ ...
မြေးဦးမို့ တုန်ကြတယ် ကျွန်မဘက်က ပိုဆိုးတယ်။ သူက ကျွန်မဘက်က အဖွားကိုတော့ အတော်ချစ်တယ်။ သူ့အဖွားနေမကောင်းလို့ ဆိုရင် ဘယ်မှ သိပ်မထွက်ဘူး။ ဖွားဖွားနားမှာနေနေတယ် မေမေလို့ ဖုန်းဆက်တော့ပြောရှာတယ်။ သားက ရွံတာတော့အရမ်းရွံတတ်တယ်။ အိမ်ကို အကူညီပေးမယ့် ကောင်မလေးတွေ ရောက်လာရင်စစချင်းဆို သူက သိပ်အကပ်မခံသလို ထမင်းခူးပေးရင်လည်း ဘာမှမပြောပဲ သူ့အဖွားကိုပဲ ထပ်ခူးခိုင်းတယ်။ ၅ နှစ်သားထဲက ဖုန်းလာရင် ဟယ်လို အမိန့်ရှိပါခင်ဗျာလို့ပြောတတ်တဲ့သားကို ကျွန်မသူငယ်ချင်းတွေကလည်းချစ်ကြတယ်။
သား ၅ နှစ်သားလောက်က ကျောင်းကသူငယ်ချင်းတွေက သူတို့ မေမေတွေကို မားမား၊ပါးပါး ခေါ်တယ်မေမေ. Why I am not တဲ့ .သားရယ် we are Burmese လေ I prefer maymay ဆိုတော့ သိပ်တော့ဘ၀င်မကျသလို။ ကျောင်းသွားခါနီးတိုင်း သား what are we? ဆိုရင် လက်မောင်းပိန်ပိန်လေးကို မြောက်ပြီး we are Burmese . I am Burmese ဆိုပြီးတော့ သွားရှာတယ်။ ကျောင်းက သူငယ်ချင်းတွေက မြန်မာစာမသင်ဖူးတဲ့မေမေ . သားကဘာလို့ မြန်မာစာသပ်သပ်ထပ်သင်ရတာလည်းတဲ့။ မေမေတို့ က မြန်မာတွေလေ သားရယ်. သားမြန်မာလို ကာတွန်းတွေ မဖတ်ချင်ဘူးလားလို့ အလွယ်ကူဆုံးအဖြေတစ်ခုပေးထားခဲ့လိုက်တယ်။ ခုတော့ သားက သူ့သူငယ်ချင်းတွေကြားထဲမှာ မြန်မာလို တော်တာကို ပြုံးနေတတ်ပြီ။ ဒီကိုလာလည်တော့ မြန်မာကာတွန်းလေးကိုဖတ်လိုက် ကျွန်မသူငယ်ချင်းတွေကို ဘာသာပြန်လိုက်နဲ့လုပ်နေတဲ့သားကိုကြည့်ရတာ ကျွန်မကျေနပ်လိုက်တာလေ..
သားအကြောင်းတွေပြောရင်တော့ကုန်မှာမဟုတ်ဘူး။
အဓိက အကြောင်းကခုမှ ရေးမှာ
ကျွန်မ အိမ်ထောင်ပြုတာငယ်တယ်လို့ပြောကြသလို ငယ်ရွယ်သူမို့ စိတ်ကလည်း ထက်ခဲ့သလို စိတ်ကလည်းဆတ်ခဲ့တယ်။ ယေက္ခမဆိုတာ ချွေးမ နဲ့ဘယ်တော့မှ မတည့်နိုင်သူလို့လက်ကိုင်ထားခဲ့သူပေါ့။ လိုတာထက်ပိုပီးမပတ်သတ်ခဲ့သလို ၀င်ရောက်စွက်ဖက်မှာတွေ ကြောက်တယ်ဆိုတဲ့အတွေးနဲ့ သတိထားပီးနေခဲ့သူပေါ့။ ကိုကို က အငယ်ဆုံးသားလေ။ . သူ့အမေက သူ့ကို အသက်ကြီးမှရတာ. ချစ်လိုက်တာလည်းအရမ်းပေါ့။ ချွေးမကငယ်ငယ် ယေက္ခမကကြီးကြီးနဲ့ အဆင်ပြေဖို့ဆိုတာ လွယ်ပါ့မလားလို့တရားသေထင်ခဲ့တာ။ မေမေတို့အိမ်ကို နေ့တိုင်းရောက်ပေမယ့် ယေက္ခမအိမ်ကိုတော့ တစ်လတစ်ခါပဲရောက်တာများတယ်။ ယေက္ခမကြီးက တခြားမြေးတွေနဲ့နေတာလေ။ စီးပွာရေးကို ဦးဆောင်ခဲ့သူ အမျိုးတွေကို သြဇာညောင်းခဲ့သူမို့ နေရာတစ်ကာဝင်ပါမှာသိပ်ကြောက်ခဲ့တယ်။ ကိုကို က အရင်က တူတူနေပေမယ့် အိမ်ထောင်ကျတော့ကျွန်မတို့ အိမ်ခွဲခဲ့ကြတယ်။ တူတူမနေချင်ဘူးလို့ကို အကြောက်အကန်ငြင်းခဲ့တာကိုး ...
ဒီတော့အိမ်မှာ ယေက္ခမရယ် သူ့တူရယ်လက်တိုလက်တောင်းခိုင်ကြတဲ့သူ့မြေးမတစ်ယောက်ပဲကျန်ခဲ့တာပေါ့။
ကျွန်မတို့ အဲ့ဒီ့တုန်းကခွဲလိုက်တဲ့အိမ်က ၃ ထပ်ပဲ ဆိုပါတော့ အောက်ဆုံးထပ်မှာကားထားတယ် ။ ဒုတိယထပ်မှာကျွန်မတို့နေတယ်။ တတိယထပ်မှာတော့ အခန်း ၃ ခန်းသပ်သပ်၇ှိတယ်။ ကြင်စဦးမို့ အဖော်တောင်ခေါ်မထားပါဘူး။ ယေက္ခမကြီးက အိမ်ကြီးကအကျယ်ကြီး အမျိုးတစ်ယောက်နှစ်ယောက်ခေါ်ထားပါဆိုတော့ကျွန်မစိတ်ကောက်ပြန်ရော။
တစ်ပတ်ကို ၃ ခါ ယုံကြည်ရတဲ့ အမကြီးလာပီး အိမ်ကိစ္စတွေ လုပ်ကိုင်ပေးတယ်။ ဗီဒိုတစ်ခုကလွဲရင် အိပ်ခန်းထဲက အိပ်ရာခင်းကအစသူပဲဝင်လဲသွားပေးတာပေါ့လေ။ ကြင်စဦးဆိုပေမယ့် ထစ်ကနဲဆိုစိတ်ကောက်လိုက် စကားများလိုက်ပေါ့။ကိုကိုက သူ့အမေကို အိမ်ကိုခေါ်နေပါရစေတဲ့ ..သူ့အမေအိမ်မှာ မနေချင်ဘူးဆိုရင် ကိုယ်တို့အိမ် အမေ့ကိုခေါ်နေရအောင်တဲ့. တောင်းဆိုလာလိုက်တာ တစ်နှစ်တိတိ။
ကျွန်မ ကလည်း အဲ့လိုပြောတိုင်းစိတ်ကောက်တယ်။ မနေချင်ဘူးဆိုတာကြောင့် ကိုကို့မှာ စိတ်ညစ်ခဲ့ရတယ်ထင်ပါတယ်။ သိတာပေါ့။
ကျွန်မကိုယ်ဝန်ရင့်လာတော့ ယေက္ခမကြီးက အညာစာတွေ ချက်ပြုတ်ပြီး ချိုင့်ကြီးချိုင့်ငယ်နဲ့ပို့လည်း ကျွန်မကတော့ တုတ်တုတ်မလှုပ် ကိုယ့်မေမေမှ ကိုယ့်မေမေ။
သားကိုမွေးတဲ့အချိန်မှာလေ ကျွန်မမိခင်ဆိုတဲ့အသိနဲ့ ငိုမိတယ်ပျော်လွန်းလို့ပေါ့နော်..
နောက်တော့သားကိုကြည့်ရင်းကြည့်ရင်းနဲ့ ဆေးရုံကနေ ဆင်းမယ့်နေ့မှာပဲ အမေကြီးကိုခေါ်ထားရအောင်လေလို့ ပြောလိုက်တယ် ။ ကိုကိုက ပြုံးပြီး ကျွန်မကိုကြည့်နေတယ်။ အော် ကျွန်မယေက္ခမ ကြီး သူလည်း သူ့သားအငယ်ဆုံးချစ်ရှာမှာပဲ တူတူနေချင်ရှာမှာပဲလို့။
သားက ခုကျွန်မကို သိပ်ချစ်တယ်။ ၄ နှစ်သား ၅ နှစ်သားကတည်းက ကျွန်မကို ဆိုသိပ်လုပ်ပေးချင်တယ။် ကျွန်မ လက်မောင်းကို ညှစ်ညှစ်ပြီး အသည်းယားတဲ့ပုံ ကျွန်မက သူ့ပါးကို ကိုက်မယ်ဆိုရင် ကိုက်လေမေမေ မနာစေနဲ့နော်တဲ့။
သူ့ရင်ခွင်သေးသေးထဲကျွန်မ ခေါင်းထည့်ပြီးဝင်ရင် သွားကြီးဖြဲပြီးရီတယ်။ ရှက်နေတယ်ထင့်ပါ့။
ကိုကိုလည်း သူ့အမေကြီးကိုသိပ်ချစ်မှာပဲ။ တူတူနေရတဲ့သူတို့သားအမိကိုတွေ့တော့ကျွန်မလည်းပျော်တယ်။ အမေဆိုတာ သမီးနဲ့ပဲ နေချင်တာ။ ခု ချွေးမနဲ့လာနေတာ ကျွန်မ ဂုဏ်ယူတယ်။ သူဟာသူ့ သားကိုချစ်တော့ ဘယ်လောက်ပဲ စိတ်ထက်တဲ့အမျိုးသမီးကြီး ခုချိန်ထိ အမျိုးတွေပေါ် သြဇာညောင်းနေပါစေ သူ့သားနဲ့ပတ်သတ်ရင် သူက ဒုတိယနေရာမှာနေတယ်။
ကျွန်မ လည်းပဲ သားက တစ်ချိန်ချိန်မှာ သားချစ်သူပါမေမေလို့ မိတ်ဆက်ပေးလာခဲ့ရင် ကျေနပ်စွာ ကျွန်မဟာသားအတွက်ပထမဆိုတဲ့နေရာကနေ ဒုတိယနေရာကို ဆင်းပေးဖို့ စိတ်ကို ပြင်ဆင်ထားပါတယ်။
သားကိုသူတို့ကျောင်းကကောင်မလေးက သားကိုလိုက်နမ်းတယ်။သားက အနမ်းမခံတော့ ရိုက်လိုက်တာမြင်ရတော့စိတ်ထဲမကောင်းဘူး။ သားဘာလို့ပြန်မလုပ်တာလည်းလို့မေးတော့ သားက ကရာတေးသမားလေ (အဲ့အချိန် ၆ နှစ်) ရီချင်လိုက်တာအရမ်း။
သားပြန်ကစ်ရင် သူခံသွားရမှာပေါ့ မိန်းကလေးမို့ခွင့်လွတ်လိုက်တယ်မေမေတဲ့...
တစ်ချိန်မှာ မိန်းကလေးမို့လို့ဆိုပြီးသည်းခံပါများရင် ရောင့်တတ်လာတတ်တဲ့မိန်းမတွေရဲ့ သဘောကိုလည်းသားကို ကျွန်မ သင်ပေးရပါအုန်းမယ်။
၃ လပိုင်းရန်ကုန်ပြန်တုန်းက အပြင်သွားခါနီးရင် စကဒ်ကလည်းတိုတိုလေးကွာလို့ မေမေရာလို့ပြောတတ်တဲ့ သား။ သားသူငယ်ချင်းတွေက စကဒ်အောက်မှာ ဘောင်းဘီရှည်တစ်ထပ်နဲ့လှတယ်မေမေ မေမေရော
ဝတ်ပါလားလို့ဆိုတတ်တဲ့သေးတယ်.။ သူ့သူငယ်ချင်းပန်တဲ့ဘီးကုတ်လိုမျိုး သူ့အဖွားကို ၀ယ်ခိုင်းပြီး မေမေဒါလေး
ဝတ်လေလို့ပေးပြန်ရော။
မေမေက သားတီချယ်လို မချောဘူးနော် ဒါပေမယ့်သားကတော့သိပ်ချစ်တာပဲ လို့ပြောတတ်တဲ့သားရဲ့စကားတွေနဲ့ အားတွေဖြစ်နေမိပါတယ်။ ဘ၀ရဲံ့အရေးပါဆုံးယေကျာ်းတစ်ယောက် ဖြစ်တဲ့သားနဲ့ ကျွန်မအမြန်ဆုံးပြန်တွေ့ချင်နေပြီ..
သားရဲ့ဂီတ၀ါသနာက Drumတီးချင်တယ်တဲ့။ သားက အခုတော့အတော်ပိန်တယ်။ အစားသောက်ချေးများလွန်းလို့တဲ့....
.
ကျွန်မဟာ အသက်၂၀ မပြည့်ခင်မှာ ဂျပန်ဆိုတဲ့နိုင်ငံကိုခြေချခွင့် ပညာသင်ခွင့်ရခဲ့တယ်။ လုပ်ငန်းခွင်ကျေူးဇူးနဲ့ နိုင်ငံခြားခဏခဏသွားခွင့်ရခဲ့တယ်။
ကျွန်မရဲ့ခလေးတွေကို နိုင်ငံခြားပုံစံအတိုင်းလည်းမြေတောင်မမြောက်ဘူး။ လုံးလုံးမြန်မာပုံစံနဲ့လည်းမြေတောင်မမြောက်ဘူးလို့ ရင်ထဲမှာ ဆုံးဖြတ်ချက်ချထားတယ်။ကျွန်မဘယ်အတိုင်းတာထိ အောင်မြင်စွာ ခလေးတွေကို သွန်သင်နိုင်မလည်းဆိုတာ သူတို့ကိုဖြည့်ဆည်းပေးနိုင်မလည်းဆိုတာကတော့ ကိုယ်ကိုယ်ကိုယ် မယုံကြည်ရဲတာတော့အမှန်.
လေးစားစွာဖြင့်
ကြည်ကြည်
Saturday, September 3, 2011
နာဂါနို Nagano Trip တောင်ပေါ်ပြည်နယ်နာဂါနို
နာဂါနိုလို့ခေါ်တဲ့နေရာ ကိုကြည်ကြည်တအားရူးဖူးတယ်။ ပထမအချက် က ကြည်ကြည် ပထမတစ်ခါကျောင်းတတ်တုန်းက ပထမနှစ်ကျောင်းသူ ဘ၀ ၁၉၉၈ မှာ အိုလံပစ်ကို ဂျပန်မှာကျင်းပချိန်မှာ နာဂါနိုက မှာ စကီးပြိုင်ပွဲကိုကျင်းပတာကို တီဗီကနေ မြင်ဖူးခဲ့တယ်။ နှင်းတွေဖြူဖွေးနေအောင် ကျလွန်းတဲ့ နေရာ။
ဒုတိယ စိတ်ဝင်စားတာက နာဂါနိုဟာ ကုန်းပြင်မြင့် ပြည်နယ်ဖြစ်တယ်။ အေးချမ်းတယ်။ နောက် ဂျပန်ဆူရှိရဲ့ မရှိမဖြစ် ၀ါဆားဘိ စိုက်ခင်းတွေရှိတဲ့ပြည်နယ်ဖြစ်တယ်။ ဖူဂျီတောင်ဘက်ကနေစီးဆင်းလာတဲ့ စမ်းရေကြည်ကြည်လင်လင်မှာ ရေသန့်မှစိုက်ပျိုးလို့ရတဲ့  ၀ါဆားဘိ စိုက်ခင်းတွေကို စိတ်ဝင်စားလို့။
နောက်တစ်ချက်က နာဂနို ပြည်နယ်ဟာ ပထမဆုံးအဖြင့် ယိုးဒယားမှာရှိတဲ့ မြန်မာနိုင်ငံသား ၃၀ ကို နိုင်ငံရေးခိုလှုံခွင့် မနှစ်က စတင်ပေးခဲ့တဲ့ပြည်နယ်ဖြစ်တယ်။  နောက် မြန်မာပြည်ရဲံ့ ဘိန်းအစားထိုးစိုက်ပျိုးထုတ်လုပ်နေတဲ့ ပန်းဂျုံတွေကို နာဂါနိုဘက်ကနေ ပြန်ဝယ်ပြီးတော့ ဆိုဘ(ပန်းဂျုံ) ခေါက်ဆွဲ ထုတ်လုပ်ပေးနေတယ်။
ဒါကြောင့် နာဂါနိုကို ကျွန်မ စိတ်ကူးယဉ်ခဲ့တယ် ။ အေးချမ်းပြီးသူက မေမြို့လိုမြို့ပေါ့။ ရှူခင်းတွေက လှပသလို ချမ်းသာတဲ့ ဂျပန်တွေရဲ့ နွေရာသီ အပန်းဖြေဖို့အိမ်တွေ ရှိကြတဲ့ ပြည်နယ်.
ကျောင်းက တစ်နှစ်တစ်ခါ ကျွန်မတို့ကို ခရီးစီစဉ်ပေးတယ် ။ ဌာနမှူး ပရော်ဖက်ဆာအပါအ၀င် မနှစ်ကလည်းထွက်ကြတယ်။ ဒီနှစ်တော့ ဂျပန်လည်း ဘက်ဂျတ်လျှော့ရတာများတော့ မနှစ်ကလို ရှင်ကန်ဆင်(ကျည်ဆံရထား) နဲ့ ခရီးကိုစီစဉ်မပေးနိင်ဘူးထင်တယ်။ နှစ်စဉ် ဟိုတယ် ကောင်းပေ့ဆိုတာမျိုးမှာပေးထားပေမယ့် ဒီနှစ်ကတော့ ဘုရားစူး ခရီးဖြစ်အောင်သာစီစဉ်ပေးသလိုပဲ။ စင်းလုံးငှား bus နဲ့ ဟိုတယ်ကလည်း Business level ဟိုတယ်လောက်မှာပဲ ထားတော့တယ်။ (ကျွန်မတို့ကလည်းကြီးကျယ်သွားတာကိုး)။ ဒါပေမယ့် အစားအသောက်ကိုတော့ဟိုတယ်အကြီးကြီးတွေမှာ Buffet ကျွေးရှာပါတယ်။ တစ်ခုလျှော့တော့လည်းတစ်ခုကောင်းအောင်လုပ်ပေးတယ်ထင်ပါတယ်။
ဒီနှစ်တော့ဒီလောက်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။
ပထမဆုံး Citizen နာရီစက်ရုံလေ့လာရေးလုပ်ရတယ်။ သွားကြည့်ရတဲ့ စက်ရုံက Citizen ရဲ့ Luxury နာရီ ပဲထုတ်တဲ့နေရာ။ စက်တွေနဲ့ ထုတ်တာထက် Hand made ကိုဦးစားပေးတဲ့ Plant ဖြစ်တယ်။
ကမ္ဘာ့ လက်ပတ်နာရီ ဈေးကွက်မှာ ဂျပန် ရဲ့ လက်ပတ်နာရီ ( Seiko တို့ Citizen တို့ ဘာတို့ ညာတို့ ) က ၁၁ ရာခိုင်နှုန်းပဲ မားကတ်ရှယ်ယာရှိပါတယ်တဲ့။ ရှယ်ယာအကြီးဆုံးကတော့ Swiss မိတ်ပါပဲတဲ့။ ဂျပန်လက်ပတ်နာရီ ရဲ့ ကမ္ဘာ့ဈေးကွက်မှာရထားတဲ့ ၁၁ ရာခိုင်နှုန်းထဲကမှ Citizen ကတော့ ၆ ရာခိုင်နှုန်းနီးပါးရရှိထားပါတယ်တဲ့။ ဒီထဲကမှ Citizen ရဲ့ Luxury watch က ဘယ်နှရာခိုင်နှုန်းဆိုလား ကိုယ်လည်းအမှီလိုက်မှတ်ရတာ ..း)
စိတ်ဝင်စားဖို့ကောင်းတာက စူပါမာစတာ . မာစတာ . ဘာညာဘာညာ လယ်ဗယ်တွေခွဲထားတယ်။ သဘောကတော့ ကျွမ်းကျင် အဆင့် ၁ ၊ ၂၊  ၃ ပေါ့လေ။ ကျွမ်းကျင်အဆင့် ၁ ဆိုသူဟာတဲ့ အနည်းဆုံးလုပ်သက် ၁၃ နှစ်အထက်ရှိရပြီး လက်မှတ်ပေါင်းများစွာ ပိုင်ဆိုင်ရမယ်တဲ့ ။သဘောကတော့ အင်္ဂလိပ်စာအနေနဲ့ပြောရရင်တော့ TOEIC, TOFEL, IELTS ဘာညာဘာညာ အများကြီးရထားတဲ့သူလိုပေါ့ကွယ်။ သူက Hand Made ထုတ်တဲ့နေရာကိုပြောနေတာနော်။
နာရီတပ်ဆင်တဲ့နေရာကိုမှန်ခန်းကြီးနဲ့ပြထားပြီး စူပါမာစတာ ၊ မာစတာ စသည်ဖြင့် အလုပ်ခုံတွေကကွဲပြီး အဲ့ဒီ့ခုံတွေကလည်းသိပ်ကိုဈေးကြီးသတဲ့ကွယ်။  Hand Made ထုတ်နေတဲ့နေရာမှာ အယောက် ၅၀ကျော်တွေ့ရပြီ အများစုက အမျိုးသမီးတွေ ။ စူပါမာစတာ ကြီးရဲ့ခုံကို တော့ ထင်းထင်းရှင်းရှင်းကြီးမြင်နေရပြီးတော့  စူပါမာစတာဆိုသူက အမျိုးသမီးကြီးဖြစ်နေလို့ပါပဲ။ လုပ်သက်ကလည်း နှစ် ၃၀ကျော်ပြီးတော့ သူ့မှာရထားတဲ့ နာရီနဲ့ပတ်သတ်တဲ့ ဖြေဆိုထားတဲ့ လိုင်စင်စာမေးပွဲတွေကလည်းမနည်းဘူး။ Plant တစ်ခုလုံးမှာ စူပါမာစတာဆိုတာတစ်ယောက်ပဲရှိတယ်တဲ့ ။ သူ့အောက်မှာမှ မာစတာ အဆင့် က  ၁၀ယောက်လောက် နောက် ပြီးအဆင့်ဆင့်ပေါ့ ။ စက်နဲ့တပ်ဆင်တဲ့နေရာတွေမှာတော့  လူအနည်းစုတွေ့ရပါတယ်။ စက်တွေကပဲ အဓိကလုပ်နေတာကိုး။
ကျွန်မတို့ တိုယိုတာ ကားစက်ရုံအကြီးကြီးသွားတုန်းကလိုပေါ့ လေ ယနေ့ စတီးပြား မနက်ဖြန်ကားတဲ့. ကားတစ်စီးထုတ်ဖို့ ၂၄ နာရီပဲ လိုတယ်။ စက်ရုပ်တွေနဲ့ အလုပ်လုပ်နေတာ ရုပ်၇ှင်တွေထဲကအတိုင်း ။နောက်ကြုံမှ အဲ့ပိုစ့်ကို ရေးမယ်နော်.
နောက် သူတို့ရဲ့ အမှတ်တရ ဆိုင်မှာပြည်တော်ပြန်ရင်ပေးဖို့လက်ဆောင်နာရီ ဈေးအသက်သာဆုံး
တွေဝယ်ကြတယ်။ သူတို့ကလည်း ၃၀ရာခိုင်နှုန်းထပ်လျှော့တယ်။ Citizen တော့မရခဲ့ပါဘူး Citizen အောင်ကခွဲထွက်ထားတဲ့နာမည်တွေပဲ ၀ယ်ခဲ့နိုင်တယ်။
နောက်နေ့ မီဆိုး (miso) စက်ရုံသွားတယ် ။ နာဂါနိုက Traditional နည်းနဲ့လုပ်တုန်းတဲ့ နေရာတဲ့။ အဖြူရောင်မီဆိုးက ၁ နှစ်ဖြစ်ပြီး အနီရောက်ကတော့ ၃ နှစ်ထားတဲ့မီဆိုးတဲ့။ မီဆိုးက ဘယ်လောက်ပဲ ထားထားမပုပ်သွားပေမယ့် အရသာကတော့မကောင်းဘူးတဲ့။  ပဲနဲ့လုပ်တဲ့နေရာဆိုတော့လည်း သောက်လို့သာကောင်းတာ အနံကတော့ပြင်းတယ်။ ကျော်လိုက်မယ် ဒီအကြောင်းကို ….နော်
မိဆိုးစက်ရုံ
နောက်တော့ အိုလံပစ် စကီးတာဝါ ကိုသွားတယ် ဒါလည်းကျော်လိုက်မယ်။ အမြင့်ကြီးကို Lift နဲ့တက်ရသလို အမြင့်ကြောက်သူမို့ စိတ်ညစ်တယ် မပျော်ဘူး အပေါ်ကို လိုက်တက်ရတာ။ မိုးကလည်းစွေနေတယ်အဲ့နေက အားကစားသမားတွေ ကလည်းလေ့ကျင့်နေတယ်။ အပူချိန်ကတော့အတော်ကို သိသိသာသာ ကျတယ်။ မန်းလေးကနေ မေမြို့တက်ရင် ၂၁ မိုင်လောက်ကြရင် ရုတ်တရက်အပူချိန်ပြောင်းသွားသလိုမျိုးပေါ့။
ရေကာတာရဲ့အပေါ်ကလျှောက်လမ်းကိုမြင်ရလား အဲ့အပေါ်ကနေလည်းကြည့်ကြတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးက ဆောက်လုပ်ခဲ့ပြီး ယနေ့တိုင် ဂျပန်လူမျိုးတွေ ဂုဏ်ယူနေကြတဲ့ Kurobe Dam. အရမ်းလှပလွန်းသလို Kurobe Dam ကနေ ဂျပန်နိုင်ငံရဲ့ လျှပ်စစ်ဓတ်အားပေးစက်ရုံ ၁၁ ရုံကို ဓတ်အားတွေပေးဝေနေသတဲ့။ စစ်ပြီးခတ် ဂျပန်ပြန်လည်ထူထောင်ရေးမှာဆောက်လုပ်ခဲ့တဲ့ ဒီ ရေကာတာကြီးဟာ ဂျပန်နိုင်ငံရဲ့ မြင့်မားတဲ့နည်းပညာ စနစ်ကျမှု့ကို ယခုချိန်ထိ တွေ့မြင်နိုင်သလို  စဆောက်ကတည်းက observation area ထည့်ဆောက်ခဲ့တဲ့အတွက် အနီးကပ်အလှပကို ခံစားနိုင်တယ်။
သွားရတာကဝေးလွန်းလှပါတယ်။ တောင်ပေါ်ကစီးဆင်းလာတဲ့မြစ်ချောင်းတွေကို ပိတ်ဆောက်ထားပေမယ့် သူဆောက်ထားတဲ့နေရာက လူဦးရေ ထူထပ်တဲ့နေရာနဲ့ဝေးတဲ့ နေရာဖြစ်သလို ဂျပန်ပင်လယ်နဲ့လည်းနီးတဲ့နေရာပါ။ နောက်တောင်ပေါ်က စီးဆင်းလာတဲ့ဒီမြစ်ချောင်းကို အမှီသဟဲပြုနေတဲ့ မြို့တွေလည်းမရှိပါဘူး။ တောင်ပေါ်ထိကို ကားစီး ပြီးတော့မှ၁၅ မိနစ်ခန့် ဥမင်ထဲမှာ ကားပြန်ပြောင်းစီးရပါတယ်။ ဂျပန်လူမျိုးတောင်တက်သမားတွေနဲ့ ခရီးသွားတွေ တရုတ်လူမျိုးခရီးသွားတွေ ကိုတွေ့ခဲ့ပါတယ်။
ဆာမူရိုင်းနား အူငဲ ဘာလုပ်နေပါလိမ့် 
နောက်နေ့ ကတော့ နာဂါနိုကိုတစ်ကွေ့တစ်ပတ်ပတ်ပြီး မာဆူမိုတို Castle ကိုရောက်တယ်။ ရောက်ဖူးသမျှ Castle ထဲမှာ သဘောအကျဆုံးပဲ။  သူတို့မြို့နယ်ရဲ့ခရီးသွားမြင့်တင်ရေးရည်ရွယ်ချက်နဲ့ တက္ကသိုလ်မှာ
 တာဝန်ထမ်းဖူးတဲ့ဆရာတွေ အင်္ဂလိပ်စကားပိုင်နိုင်စွာပြောနိုင်တဲ့သက်ကြီးရွယ်အိုတွေက ဗော်လန်တီယာ ဂိုက်လုပ်ပေးတယ်။ သူတို့ကအဖွဲ့လေးတွေခွဲပြီး စောင့်နေတယ်။ နေ့စဉ်လာစရာမလိုဘူးတဲ့ ။အလှည့်ကျတဲ့ သူတို့က လိုက်ပြီးရှင်းပြတယ်။
မေ့တော့မေ့သွားပြီ  ကျွန်မဖတ်ဖူးခဲ့တဲ့ ၀န်းတွေနဲ့တည်ခဲ့တဲ့မင်းနေပြည်ဆိုတဲ့စာအုပ်ထဲကလိုပါပဲ။ အာရှက ဘုရင့်နန်းတော်တွေဟာ မွန်ဂိုဘုရင်တွေရဲ့ နန်းတော်ပုံစံကိုယူခဲ့တယ်ဆိုလား။ စတုရန်းပုံဆောက်လုပ်တယ်။ အပြင်ဘက်ကို ကျုံးနဲ့ ကာတယ်။ နန်းတော်ရဲ့အလယ်ကျဆုံးမှာ ဘုရင့်စံအိမ်လို့ပြောမလား ရှိတယ်။ ပြီးတော့ရာထူးပေါ်မူတည်ပြီး  အတွင်းလိုက်းအပြင်လိုင်း စသည်ဖြင့်
စတုရန်းပုံ ၀န်းရံပြီးပတ်လာတာလည်း မန်းလေးနန်းတွင်းလိုပါပဲ။  သာမာန်ပြည်သူတွေကတော့ ကျုံးရဲ့ အပြင်ဘက်ပေါ့။ မာဆူမိုတို Castle ကတော့ ၁၅၀၄ မှာဆောက်ပြီး ၁၈၆၈ ထိအသုံးပြုခဲ့တယ်တဲ့။ သူတို့ခေတ်မှာ ကျူံးက ၃ ပတ်ပတ်ထားတာ။ နောင်းလူတို့က မြေဖို့လိုက်သတဲ့။ ခုပြန်ပြီးဖော်ထုတ်ဖို့ကြိုးစားနေကြပါတယ်တဲ့။
ဒီ Castle နေရာဟာ စစ်မက်မဖြစ်ပွားခဲ့တဲ့နေရာဖြစ်တဲ့အတွက် တခြားသော Castle တွေလိုမီးလောင်ခြင်းလည်းမခံရပါဘူးတဲ့ ။ အတော်များများက အော်ရီဂျင်နယ်အတိုင်းရှိပါသေးသလို ပြန်ပြီးပြင်ဆင်ထားတာတွေကလည်းအတတ်နိုင်ဆုံးရှေးမူမပျက်ပြင်ဆင်ထားပါတယ်။
ဂျပန်က Castle အတော်များများဟာ တစ်ခုတည်းထီးထီးကြီးရှိပေမယ့် ဒီCastle ကတော့ ပင်မဆောင်ကြီးကို ဘေးဆောင်နှစ်ဘက်ကနဲ့တွဲထားပါတယ်။ Castle ဆိုတာ သူတို့ခေတ်က
ဆာမူ၇ိုင်းသို့မဟုတ် Tono လို့ခေါ်တဲ့ နယ်စား ဘုရင်ငယ်တွေစံအိမ်လို့ထင်ခဲ့တာ တစ်ကယ်တော့ ပင်မဆောင်ဟာ စစ်မက်ရေးရာ တိုင်ပင်ဖို့နဲ့ ရန်သူလာတိုက်လာရင်ပြန်တိုက်ရန် ပစ်ကွင်းကိုသေချာရွေးချယ်ပြီး တံခါးပေါက်ထက် လက်နက်ပစ်ခတ်ဖို့  တံခါးအပေါက်သေးလေးများသားရှိပါတယ်။
ဒီမာဆူမိုတို Castle  ထူထောင်ခဲ့တဲ့ နယ်စားခေတ်မှာ  ဂျပန်မှာ သမိုင်းတွင်ရမယ့် ပြည်တွင်းစစ်ပွဲ တစ်ပွဲဖြစ်ပါတယ်တဲ့။၁၅၀၀ နှောင်းပိုင်းမှာ ဂျပန်ဟာ သေနတ်ကိုစတင်သုံးနေပါပြီ။ တစ်ဘက် နယ်ကလာတိုက်တဲ့ သူတွေကို မာဆူမိုတိုဘက်ကပြန်တိုက်တာ ခေတ်မှီ လက်နက်ဖြစ်တဲ့ သေနတ်တို့ အမြောက်တို့ပါ။ တစ်ဖက်နယ်ကတော့ ဓါးနဲ့တိုက်နေတဲ့ပုံကို ရှေးဟောင်းပန်းချီကားချပ်ကြီးနဲ့သရုပ်ဖော်ထားတော့ ညွန့်ဝင်းရဲ့ ကားတစ်ကားကို အမှတ်ရပါတယ်။ အင်္ဂလိပ်က သေနတ်တွေစိန်ပြောင်းတွေနဲ့လာတိုက်ချိန်မှာ ကျွန်မတို့ရှင်ဘုရင်တွေက ဓါးနဲ့ပြန်တိုက်နေတဲ့ဇတ်ဝင်ခန်းပါ။
အေးချမ်းလှပတဲ့နာဂါနိပြည်နယ်ရဲ့ စိမ်းလန်းတဲ့ ပန်းဂျုံစိုက်ခင်းတွေ ချစ်စရာကောင်းတဲ့ အဆောက်အဦးတွေနဲ့  နာဂါနို ခရီးကတော့ ကျေနပ်စရာအလွန်ကောင်းခဲ့ပါတယ်။ အပြန်လမ်းမှာ တော့ အိမ်ကိုပြန်မလိုက်တော့ပဲ နာဂါနိုကနေ အမြန် ရထားနဲ့  ကျွန်မရဲ့ အိမ်မက်မြို့တော် တိုကျိုကို တစ်ယောက်တည်းချီတတ်ခဲ့ပါတော့တယ်။ သွားလည်းသွားနိုင်တဲ့ ကြည်ကြည်ပါရှင်။
လေးစားစွာဖြင့် 
ကြည်ကြည်  
Wednesday, August 31, 2011
ခိုရေ၀ နိပွန်းး) koreha nippon desu.
မြန်မာပြည်ရောက်ဖူးတဲ့ ဂျပန်တွေရော ဂျပန်မှာနေကြတဲ့ မြန်မာတွေရော ပြောတဲ့စကားရှိတယ်။ ဂျပန်မှာကြီးတဲ့ဟာတွေက မြန်မာပြည်မှာသေးတယ်တဲ့ မြန်မာပြည်မှာ ကြီးတာတွေက ဂျပန်မှာသေးတယ်တဲ့။
မြန်မာပြည်က မုန်လာဥတွေက သေးတယ်စပ်တယ်။ ဒီက မုန်လာဥတွေက မျိုးတွေပဲပြောင်းထားလို့ပဲလား ချိုပြီး နည်းတာကြီးတွေမဟုတ်ဘူး။ ဟော သခွားသီးလည်း ကြရော သေးသေးလေးတွေ ရှင်။ အရသာကတော့ အပြည့်ပေါ့ အဆူးလေးတွေတောင် ကျန်သေးတယ်။ မြန်မာပြည်က သခွားသီးကြတော့ကြီးကြီးတွေကိုး။
ဂျပန်က ငရုတ်သီးကို စပြီးစားပြီးလာတာ နှစ် ၂၀ တော့မပြည့်သေးဘူး။
ခုနောက်ပိုင်း ဂျပန်တွေ ငရုတ်သီးစားနိုင်ကြပေမယ့် လူကြီးတွေက မစားနိုင်ကြဘူး။ ငရုတ်သီး ၂ ကျပ်သား၁ဗူးလောက်ကို နှစ်ပေါက်အောင် ထားစားကြတာလေ။
၉၆ တုန်းကလောက်ဆို ငရုတ်သီးစပ်စပ်ဆိုတာ တီဗီအစီစဉ်တွေရဲ့
Quiz အစီအစဉ်တွေမှာရှုံးသူစားကြေး ဆိုတဲ့ အစားအစာ။ တဖြည်းဖြည်းနဲ့ ခေတ်ပြောင်းလာလိုက်တာ ခုများတစ်ခါတစ်ခါ သူတို့ခေါက်ဆွဲဆိုင်တွေမှာ ကိုယ်တောင်လက်ဖျားခါရအောင်စပ်တဲ့ မီနူး ရှိသရှင့်။
တိုကျိုလိုမြို့မှာတော့ ငရုတ်သီးစိမ်းဆိုတာမြင်နိုင်ပေမယ့် နယ်ဘက်မှာတော့ ငရုတ်သီးစိမ်း အစပ်ဆိုတာ ရာသီပေါ်ပဲ။
ဒီကြားထဲ တစ်ချို့ငရူုတ်သီးတောင့်ရှည်ကြီးတွေဆိုတာ စပ်မလိုလိုနဲ့ ချိုလိုက်တာ အရသာတော့ရှိတာပေါ့လေ။ ရောက်ခါစ မြန်မာတွေတော့ခဏခဏ မှားတာပေါ့လေ။ မြန်မာပြည်က တောရွာတွေမှာ ငါးလေး ဖားလေးရရင် မျှစားတယ်ဆိုတာကြားဖူးတယ်။ တို့တွေလည်း ဒီလိုပါပဲ။ ငရုတ်သီးစိမ်းအစပ်လေးဘာလေးရလို့ မျှစား အတော် မျက်နှာပွင့်တယ်။း)
ကြည်ကြည်က အစပ်ကြိုက်တယ်။
ငယ်ငယ်က အိမ်ဘေးမှာ ရခိုင်မိသားစုရှိတယ်။ သူငယ်ချင်းတွေ ရခိုင်သင်္ဘောသီးသုပ်ဆိုပြီး ငယ်ငယ်က သုပ်စားတာ အိမ်က အငယ်မ က ၆ တန်း ကိုယ်က ၁၀တန်း ရင်တွေပူုပြီး ငိုယိုလို့ ဘာမှမလုပ်တတ်ပဲ သူ့ကိုယ်ပေါ်ကနေ ရေတွေလောင်းချ ကိုယ်ပါ ရောငိုတာ ပြန်တွေးတိုင်းရီချင်တယ်။
တနေ့ကတော့ organic တွေ ရောင်းတဲ့ဘက် ခြေရှည်တော့ ငရုတ်သီး ရလာတယ်။ ငရုတ်သီးလှလှလေးတွေ ပါရလာတယ်။ အရှည်ကိုတော့စပ်တယ်တဲ့။ အပုလှလှလေးကိုတော့ သူလည်းမစားဘူးဖူးတဲ့။ ခုတစ်လောတင်တာတဲ့။ paprika အသေးစားနော်တဲ့။ အိမ်ရောက်တော့ ခေါက်ဆွဲကြော်ထဲ ကတ်ကျေးနဲ့ကိုက်ပြီးထည့်လိုက်တယ်။ ခေါ်ကြွေးတဲ့သူငယ်ချင်းလည်း ငို . ကိုယ်လည်းငိုး) ရင်တွေပူလွန်းလို့ ထမင်းပူမျိုချလို့လည်းမရ။ အာ် ဂျပန်ငရုတ် အထင်သေးမိလိုက်တာကိုး။
 တူတူဝယ်ကြတဲ့သူငယ်ချင်းတွေကို ငရုတ်သီး စပ်ကြောင်းဖုန်းနဲ့လိုက်ပြီးပြောရတာကိုက ပျော်စရာ ငရုတ်သီးရှားတာကိုး လို့ ။အညာက ငရုတ်သီးအပုမျိုးလားလို့  ကိုယ်လည်းအခြောက်ပဲမြင်ဘူးတာ။ ဆင်အော်ငရုတ်လို့ထင်တယ်။ မိုးယံပြောတာတော့ ကုလားအော်တဲ့။
ရေးချင်တာက တခြားအကြောင်းပါ။  ဂျပန်မှာတွေ့မြင်ရတဲ့ဆိုင်းဘုတ်လေးတွေက တစ်ခါတစ်ခါ ရီစရာကောင်းသလို စိတ်ဝင်စားစရာကောင်းတယ်။
ကျွန်မတို့နယ်ဘက်မှာ တိုကျိုကလို ဘဏ်ကြီးတွေက နေရာတိုင်းမှာမရှိဘူးလေ။ ဘဏ်တွေကိုလည်း Bank လို့မရေးဘူး သူတို့စာနဲ့ပဲ ginko လို့ရေးတယ်။ ကျောင်းသားတွေက အမြဲကွန်ပလိန်းလုပ်တယ်။ ဘဏ်ကိုတော့ဘဏ်လို့မရေးဘူးတဲ့ ဟော ဂျပန်က ဖုန်း ကုမ္ပဏီင်္ကြတော့ Soft Bank တဲ့။ ကျွန်မတို့ နေတဲ့နေရာက ကျိုတိုနဲ့နီးတယ် ။ ကျိုတိုဆိုတာ ကတော့ ပုဂံလိုပါပဲလေ။ နိုင်ငံခြားသားခရီးသွားက များတာကိုး။ တနေ့ကတော့ ဘူတာနားမှာကပ်ထားတဲ့စာတမ်းလေးတစ်ခု တွေ့တယ်။ အဲ့ဒီ့ကပ်ထားတာလေးအပြင် ဆိုင်အ၀င်ဝမှာလည်း ထပ်ပြီးအကြီးကြီးကပ်ထားတယ်။
We are selling Phone. တဲ့  Soft bank ဆိုတော့နိုင်ငံခြားသားတွေ ခဏခဏ ၀င်ပြီး ပိုက်ဆံထုတ်ဖို့ကြိုးစားကြလို့တူပါတယ်။
နောက်တစ်ခုက ဂျပန်က လေ ဆိုင်းဘုတ်လေးတွေကို ချစ်စရာကောင်းအောင်လည်းရေးတတ်ကြသလို သွယ်ဝိုက်စွာလည်း ရေးတတ်ကြတယ်။
မြန်မာလို ငှက်စာမကျွှေးရလို့ ရေးမယ် နေရာမှာ ဒီမှာတော့ ငှက်ပုံလေးဆွဲပြီး ငှက်ကလေးကပြောနေပုံနဲ့
တို့တွေကို အစာမကျွေးနဲ့နော် ကျေးဇူးပါတဲ့။
ကျွန်မတို့ မြိုက ရေကန်ကြီးရဲ့ဘေးမှာ ငါးကြင်းနီလိုငါးမျိုးတွေရှိတယ်။ ရေကန်ထဲက ငါးတွေကို ဂျပန်တွေက မျှားမျှားပြီး အမှိုက်ပုံးထဲပဲ ထည့်သွားကြတော့။  ငါးပုံလေးနဲ့ ကျွန်တော်တို့က စားလို့ကောင်းပါတယ်။ အိမ်ပြန်သယ်သွားပါလို့ ရေးထားတာလေးလည်းဖတ်ဖူးတယ်။
မြန်မာပြည် က ရေအိမ်တွေမှာ အား သန့်ရှင်းစွာ သုံးပါ ဆိုတာလေးတွေကို ဂျပန်မှာတော့ ဒီလိုရေးကြတယ်။
သို့
ဧည့်သည်
အမြဲတမ်း လှပသန့်ရှင်းစွာ သုံးပေးတဲ့ သင့်ကို ကျေးဇူးတင်ပါတယ်။ နောက်ဝင်မယ့်လူက ကျေးဇူးတင်ပါတယ်လို့ ဘေးနားမှာရေးထားသေးတယ်။ ဂျပန်မှာ ကာရာအိုကေ ဆိုင်က မြန်မာပြည်ထက်သက်သာတယ်။ ည၁၁ လောက်ကနေ မနက်၆ နာရီလောက်ထိကို တစ်ယောက်မှ ယန်းတစ်ထောင် ခုမြန်မာငွေနဲ့ဆို ၇၀၀၀ပေါ့ ။ အောက်ကပုံက အမျိုးသမီး ရေအိမ်တွေမှာ ထားပေးတတ်တဲ့ ဆားဗစ် ။ ဘာပဲဖြစ်ဖြစ် ကျေနပ်စရာ။
ဂျပန်ယာကူဆာကို ရကောက် လို့ ကျွန်မတို့မြန်မာတွေက အလွယ်တစ်ကူ ခေါ်ကြတယ်။ ဂျပန်တွေကတော့ ရာကူဆာလို့ မသုံးနှုန်းပဲ အကြမ်းဖက်အဖွဲ့စည်း လို့ သတင်းတွေမှာသုံးသလို public area မှာတော့ တတ်တူးထိုးထားသူလို့ ခေါ်လေ့ရှိတယ်။
ရေချိုးဆိုင်တွေ ရေပူစမ်းတွေ မှာ အမျိုးသမီးတွေ အခန်းမှာရော အမျိုးသားတွေ အခန်းမှာရော ကပ်ထားတတ်တာလေးရှိတယ်။
တတ်တူးထိုးထားသူများ ရေပူစမ်းဝင်ခြင်း အားနာပါ (သည်းခံပါ) တဲ့။
ရကောက်မှန်းသိရင် ကျန်တဲ့ဧည့်သည်တွေက မ၀င်ရဲကြတော့ဘူးလေ။ ခုချိန်ထိလည်း သူတို့ရဲ့ပါဝင်မှု့က ရှိနေသေးသကိုး။  ဂျပန်ပြည်က ပါချင်ကိုး လို့ခေါ်တဲ့ ဂိမ်းတွေ အရက်ဘားတွေ အိမ်ခြံမြေလုပ်ငန်းတွေမှာ လုပ်ငန်း ကြီးတွေမှာ သူတို့ပါသတဲ့။  
လေးစားစွာဖြင့်
ကြည်ကြည်
Monday, August 29, 2011
အမနို ဟရှိတတဲ့ (amano hashitade) သို့ တစ်ခေါက်  天橋立
ကျွန်မတို့နေတဲ့ ကန်ဆိုင်းဘက်က နာရသွားမလား ၊ ဖက်ရှင်တို့မြို့တော် ကိုဘေးသွားမလား၊ ယဉ်ကျေးမှု့. သမိုင်းဝင် နေရာတွေ ပေါများလွန်းတဲ့ ကျိုတို သွားမလား ဘယ်သွားသွားနီးနီးလေးရှင့်။
ဂျပန်မှာ ရှုခင်းအလှဆုံး နေရာ ၃ ခုရှိပါတယ်တဲ့။
ဟီရိုရှိးမား မြို့ရဲ့ ဘေးမှာ ရှိတဲ့ ရေထဲမှာရှိတဲ့ နတ်ကျောင်း (Miya jima)
မာဆုရှိမား (matsu jima) ကျွန်းစုများ
ကျိုတို ပြည်နယ်အစွန် ဂျပန်ပင်လယ်ဘက်မှာ ရှိတဲ့ အမနို ဟရှိတတဲ့ ပါ။
သာမာန်အားဖြင့်တော့ အမနို (amino gawa )ဆိုတာ နဂါးနွေ့တန်းကို ခေါ်တာပါ။
ခုသွားတဲ့နေရာလေးကို လည်းကြည့်လိုက်ပါအုန်း။ သူတို့ရဲ့ ခန်းကြီးနဲ့ကို အဓိပ္ပါယ် ဖွင့်ဆိုရင်တော့ ကောင်းကင်သို့ဆက်သွယ်သော တံတားတဲ့။
ဂျပန်မှာတော့ ကျောင်းပိတ်ရက်ရှည် သို့မဟုတ် အားလပ်ရက်ပိတ်ရက်ရှည်တွေဆိုရင် Bus ခရီးစဉ်တွေ တနေကုန်ပတ်လို့ရတဲ့ ဈေးသက်သာတဲ့ ရထားလက်မှတ်အစီအစဉ်တွေ ရှိပါတယ်။
ဂျပန်ရထား ကုမ္ပဏီရဲ့ (JR . Japan Railway ) နဲ့ဆို ဘယ်သွားသွား စီးနိုင်သလောက်စီး။ တနေကုန်လက်မှတ် ၂၃၀၀ တန်က တော့ ကျောင်းသားတွေ နဲ့ ပိုက်ဆံသိပ်မသုံးချင်သူတွေ အသုံးအများဆုံးပါပဲ။ သူ့ကို seishun 18 kippu လို့ ခေါ်ပါတယ်။ သဘောကတော့ လူငယ်လူရွယ် ၁၈ နှစ်အတွက် လက်မှတ်ဆိုတဲ့သဘောပါ။ ဒါပေမယ့် နာမည်ကသာ ၁၈ နော် ၈၁ တွေလည်းအသုံးပြုကြပါတယ်။ Limited express ဆိုတာသာ စီးလို့မရတာ .local train နဲ့ rapid တော့ စီးလို့ရတယ် တစ်ချို့နေရာတွေက limited express က ရထားလက်မှတ်အပြင် အမြန်စီးခွင့်ဆိုတဲံ့ဈေးသပ်သပ်ထပ်ပေးရတာကိုး ။
ဒီတော့အလွယ်တစ်ကူပြောရရင်တော့ ဒီလက်မှတ်က JR လိုင်းဘယ်လိုင်းမဆိုစီးလို့ရတယ်ဆိုတာသာမှတ်ထား။ နွေပိတ်ရက် ၂ လနီးပါးတော့အဲ့လက်မှတ် တွေရောင်းတာတွေ့ဖူးတယ်။ ကိုယ်လည်းဒါပထမဆုံးသုံးဖုးတာ။ တစ်ချို့များ ၁၂ နာရီနီးပါး အဲ့လက်မှတ်နဲ့ အိုဆာကာ တိုကျို သွားကြတယ်တဲ့။ သူကလည်း သူ့ရာသီမှသာသုံးလို့ရတာကိုး။ လမ်းမှာအဆင့်ဆင့်ရထားပြောင်းစီးရတဲ့ ဒုက္ခကတော့ကြီးတယ်။ ရထားတစ်စီးနဲ့တစ်စီးပြောင်းစီးချိန်က ၄ မိနစ်လောက်ပဲ အချိန်ရတဲ့အခါများဆို ပြေးပေတော့ ပလက်ဖောင်းမတူလို့ကတော့ ပိုဆိုးပေါ့။
၁၈ နှစ်မဟုတ်ပေမယ့် ကဲ ဒီလက်မှတ် နဲ့ ခရီးသွားခဲ့ကြပါတယ်။ အမြန်နဲ့စီးမယ်ဆိုရင် အသွားအပြန် ၈၀၀၀ ယန်းနဲ့ အသွား ၁ နာရီခွဲ အပြန် ၁ နာရီခွဲ ပဲ ကြာမယ့်ခရီးကို
ဒီဈေးပေါတဲ့ လက်မှတ်နဲ့ ပရိုတ်ဗိတ် ရထားလိုင်းပေါင်းစီးပြီး အသွားအပြန် ၃၅၀၀ ယန်းနဲ့ အသွား ၄ နာရီ အပြန် ၃ နာရီ နဲ့ ရောက်အောင်သွားခဲ့ကြပါတယ်။ အချိန်ကြာပေမယ့် နေရာရတော့ ရထားပေါ်အိပ်သွားယုံပဲ။ ရထားပြောင်းစီးခါနီး ဘူုတာမကျော်သွားအော် ဖုန်းမှာ alarm ပေးပြီး အိပ်တာပေါ့။
 တောင်ပေါ်ကို ဒီလို တက်တယ်။
အားလုံးအဲ့လို့ ကြည့်ကြတယ်
ဒီမော်တော်နဲ့ ပြန်ခဲ့တယ် ၇ မိနစ်လောက်ပါပဲ
ဝေးလွန်းပေမယ့် မြင်လိုက်ရတဲ့မြင်ကွင်းကတော့ တစ်ကယ်ကို တန်ပါတယ်။ ” ပ” ပုံဖြစ်နေတဲ့ ပင်လယ်ကမ်းနှစ်ဘက်ကို သဲလမ်းက ဆက်နေတာကိုး ဟိုဘက်ဒီဘက် ဆုံးအောင်လမ်းလျှောက်ရင် အသွား တစ်ကြောင်း မိနစ် ၅၀ အပြန်ကြတော့ ဟိုဘက်ကနေ ပြန်ပြီး စက်လှေစီး ကြတယ် ယန်း ၅၀၀ ပဲ ပေးရတယ်။ ၁၁ ယောက်မို့လို့ အဆစ်တောင်းကြည့်တော့ ၁၀ ယောက်စာပဲ ပေးရတယ်။ (ဟဲဟဲ)
ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ တောင် မြင့်မြင့်ရှိတယ် နှစ်ဘက်စလုံးကို ကေဘယ်ကား သို့မဟုတ် lift နဲ့တတ်ရတယ်။ အပေါ်ကနေ မြင်ကွင်းကို ကြည့်လို့ရအောင် လုပ်ပေးထားတာကိုး။ သူက အသွားအပြန်ယန်း ၈၀၀.
ဖြစ်ပေါ်လာပုံက ဟိုဘက်က တိုက်လာတဲ့ လေက သယ်လာတဲ့သဲ ရယ် ဒီဘက်က တိုက်လာတဲ့သဲ ရယ်က ရေတိမ်တဲ့နေရာလေးမှာ လာပြီးပုံလာရကနေ ရေကြချိန်ဆို ရင် သဲလမ်းကြီးကြီး ပေါ်လာတယ်တဲ့ ဒါကို နှောင်းလူများက သဲလမ်းစပ်တွေကို တုတ်ရိုက် ပြီး ကမ်းစပ်မှာ ကျောက်တွေ ချလိုက်တယ်. နောက်သဲလမ်း ပေါ်မှာလည်း ထင်းရှုးတွေ စိုက်ထားတယ်။ ထင်းရှုးပင်တွေရဲ့သက်တမ်းကကို နှစ် ၂၀၀ကျော်နေတာတွေ ရှိတယ်။
နယ်မြို့သေးသေးလေး ဆိုတော့ ဆိုင်တွေလည်း ပိတ်တာစောတယ် ညနေ ၆ နာရီဆိုဆိုင်တွေ ပိတ်နေပြီ စားဖို့ဆိုင်တောင် သိပ်မတွေ့တော့ဘူး။ ဘာပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေ ကို ဦးဆောင်ပြီးခေါ်သွားရလို့ ပင်ပန်းပေမယ့် သူတို့တွေ ပျော်နေတာတွေ့တော့လည်း စိတ်ချမ်းသာတယ်။
လေးစားစွာဖြင့်
ကြည်ကြည်
Friday, August 26, 2011
မိကီမိုတို ပုလဲကျွန်းသို့တစ်ခေါက်
ရတနာမှာ ပုလဲနဲ့စိန်နဲ့တွဲထားတာကို အကြိုက်ဆုံးပါပဲ။
ခုတစ်လော ခရီးတွေ တအားများပါတယ်။ တစ်ရက်လောက်နားလိုက် ခရီးထွက်လိုက် နဲ့လိပ်ပတ်ကို မလည်ပါဘူး။ ပြန်ခါလည်းနီးပြီလေ။
မဖြစ်မနေသွားချင်ခဲ့တဲ့နေရာက ပုလဲကျွန်းပါပဲ။ ကဲ ဒီတစ်ခါတော့ရောက်ခဲ့ပါတယ်။
ကြည်ကြည်တို့နေတဲ့နေရာကနေ ကီလို ၁၆၀ လောက် သွားရပါတယ်။ သူငယ်ချင်းတွေ စုပြီးသွားကြတဲ့ခရီးပါ။
ကမ္ဘာပေါ်မှာ ဂျပန်ပုလဲဟာနာမည်ကြီးတာတော့ အားလုံးသိကြမှာပါ။ ကမ္ဘာပေါ်မှာ စိန်ဆိုရင် De Beers ၊ ပုလဲမှာ Mikimoto လို့ကိုပြောရလောက်အောင် နာမည်ကြီးတာကိုး။
ဂျပန်ရဲ့ နာမည်ကြီး ပုလဲ ကုမ္ပဏီ ၂ ခုကတော့ Tasaki နဲ့ Mikimoto (မိကိမိုတို) ပါပဲ ။ ဒီထဲက တစ်ခုက(နာမည်မမှတ်မိ) မြန်မာ့ပုလဲမွေးမြူရေးနဲ့ ဖက်စပ်လုပ်ဖူးပါတယ်။ ခုတော့မသိတော့ပါဘူး။
မိကိမိုတို ပုလဲကျွန်းရဲ့ ဗဟုသုတလေးနည်းနည်းမိတ်ဆက်ပေးပါရစေ။
ဂျပန်လုမျိုးတွေဟာ ပုလဲကို ဟိုးရှေးယခင်တုန်းက ရတနာအဖြစ်အသုံးမပြုခဲ့ကြပါဘူးတဲ့။ ဆေးဖော်ဖို့သာ အသုံးပြုခဲ့ကြပါတယ်တဲ့။
ပုလဲငုပ်သူတွေကို AMA ပင်လယ်ရဲ့ မိန်းကလေးလို့ ခေါ်ပါတယ်။ လက်ရှိမှာလည်း ပုလဲငုပ်သူအများစုဟာ အမျိုးသမီးများသာဖြစ်ပါတယ်။
၁၈၉၃ မှာ Mr. Koichi Mikimoto ဟာ မွေးပုလဲ  (ယခုကျွန်မတို့ဝတ်နေကြတဲ့ ပုလဲလုံးလုံးဝိုင်းဝိုင်း လေးတွေဟာ မွေးပုလဲတွေပါပဲ။ သဘာဝပုလဲဟာ  မလုံးဝိုင်းသလို အရွယ်ပုမာဏလည်းမကြီးမားပါဘုး။ ကျွန်မတို့မြန်မာပြည်က ကျောက်မျက်ပြတိုက်ထဲမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံးပုလဲ ဆိုတာပဲ ကြည့်လေ လုံးဝန်းမနေပဲ နဲ့ အဖုအထစ်တွေ နဲ့ပါ။ အာရှအလယ်ပိုင်းကသူငယ်ချင်းက မွေးပုလဲဆိုတာ ပုလဲအတုဆိုလို့ culturing pearls နဲ့ artifical pearls မတူဘူးဆိုတာမနည်းကို ရှင်းပြရပါတယ်။) ကိုအောင်မြင်စွာစမ်းသပ် ပြုလုပ်နိုင်ခဲ့ပါတယ်။ Mr Mikimotoဟာ အဲ့ဒီ့ခေတ်က ပုလဲလုပ်ငန်းရှင်တွေထဲမှာ အသက်အငယ်ဆုံးနဲ့ သူရဲ့ ရည်ရွယ်ချက်ကာတော့ ဂျပန်ပုလဲဟာ ဂျပန်နိုင်ငံရဲ့မြို့တော် တိုကျို ရဲ့ Ginzar ဂင်ဇာ လမ်းမကြီးပေါ်မှာ ကမ္ဘာ့အဆင့်မှီ ပုလဲတိုက်ကြီး အဖြစ် ရပ်တည်နိုင်ရမယ်ဆိုပြီး ကြိုးစားခဲ့တဲ့သူပါ။ အသက်၄၀ မပြည့်ခင်မှာပဲ သူဟာအောင်မြင်သူလုပ်ငန်းရှင်ဖြစ်ခဲ့ပါတယ်တဲ့။
သူ့ရဲ့မွေးပုလဲ လုပ်ငန်း ကိုစတည်ထောင်တဲ့အချိန်မှာ  ပုလဲငုပ်ခဲ့သူ အမျိုးသမီးတွေရဲ့ အခန်းက အရေးပါလာပါတော့တယ်။ ပုံမှန်ဝင်ငွေရတဲ့အလုပ်ကို ပုလဲငုပ်ခဲ့သူအမျိုးသမီးတွေ ရရှိသွားခဲ့ပါတော့တယ်။
ခုသွားခဲ့တဲ့ ပုလဲကျွန်းကတော့ ISE( ဂျပန်မှာနာမည်ကြီး ကျောက်ပုစွန်ထွက်တဲ့နေရာ) ခရိုင်မှာရှိတဲ့ Mikimoto ကုမဏီပိုင် ကျွန်းဖြစ်ပြီးတော့ ကျွန်းပေါ်မှာ ပုလဲအရောင်းဆိုင် . Mikimoto အမှတ်တရပြတိုက်နဲ့ ပုလဲဖြင့်လုပ်ထားတဲ့ ရှားပါးလက်ရာ လက်ဝတ်ရတနာများကို ပြသထားတဲ့ ပုလဲပြတိုက်တို့ဆောက်လုပ်ထားပါတယ်။
(ရှေးဟောင်းလက်ရာလေး ပုလဲလုံးသေးသေးလေးတွေနဲ့သိပ်အနုစိတ်လွန်းလို့)
ကျွန်းပေါ်ဝင်ကြေးကတော့ ယန်း ၁၅၀၀ ပါ။ ကျွန်းလေးက ကန်တော်မင်ပန်းခြံလောက်ပဲ ရှိပါတယ်။
 ဒါပေမယ့် တစ်နေ့ ၄ ကြိမ်နီးပါး ပုလဲငုပ်ပြတဲ့ show လေးကလည်း လာရောက်လည်ပတ်သူ ဧည့်သည်များကို ဆွဲဆောင်ထားပါတယ်။ သာမန်ကြည့်တဲ့နေရာနဲ့ အထူးခန်းဆိုပြီး ကြည့်တဲ့နေရာ ၂ နေရာခွဲထားပါတယ်။ အထူးခန်းက ဂျပန်လူမျိုးများကို ယန်း ၅၀၀ ထပ်ကောက်ပြီး နိုင်ငံခြားသားများကို အင်္ဂလိပ်လို သီးသန့်အသံသွင်းထားတဲ့ စကားပြောတိပ်ခွေကိုလွှင့်ပေးပါတယ်။ နိုင်ငံခြားသားကို ပိုက်ဆံလည်း မကောက်ပါဘူး။ (ကျေနပ်မိသား)
ပုလဲငုပ်သူဟာ ဘာကြောင့်အမျိုးသမီးများတာလည်းတဲ့ ?
အမျိုးသား ပုလဲငုပ်သူတွေလည်းရှိပေမယ့် ဒီနယ်မြေအမျိုးသမီး ပိုများပါတယ်။ အမျိုးသမီးတွေရဲ့ အရည်ပြားအောက်မှာ အဆီလွာ တစ်ရှူး အပို ပါရှိပါတယ်တဲ့။ ဒါကြောင့်အမျိုးသမီးတွေက အအေးဒဏ်ကို  ပိုခံနိုင်ပါတယ်လို့ ဆိုထားပါတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုအောင့်ထားနိုင်ပါတယ်လို့လည်း ရှင်းပြထားပါတယ်။ ဟိုးယခင်ကတည်းက ဂျပန်မှာအမျိုးသားတွေက ငါးမျှား နေတုန်း အမျိုးသမီးတွေက ပင်လောက်အောက်က စားလို့ရတဲ့ ရေမှော်တွေ နောက် ခရုတွေ ကို ကမ်းရိုးတန်းတစ်လျှောက်လိုက်ရှာရင်းနဲ့ ရေအောက်ငုပ်သူတွေမှာ အမျိုးသမီး ပိုများလာပါတယ်လို့လည်း ဆိုထားပါတယ်။
အမျိုးသမီး ဒိုင်ဗာ(diver)တွေ လည်ပင်းမှာကမာခွံလေးတွေ ဆွဲထားကြပါတယ်။ ကမာခွံထက် ကမာခွံကိုခြစ်ပြီးပုံဖော်ထားတာလေး တွေ သတိထားမိလို့မေးကြည့်တော့ အန္တရယ်ကင်းအဆောင်ပါတဲ့။
ဟိုးရှေးရှေုးတုန်းက မင်းသမီးတစ်ပါးဟာ ဒီ ISE အိဆေး နယ်မြေကိုရောက်လာပါတယ်တဲ့။ နေနတ်မင်းကြီး ဆက်လက်နေထိုင်ဖို့အတွက် နေရာလာရှာတာပါတဲ့။ အဲ့ဒီ့မှာ အမျိုသမီး ရေငုပ်သူ Ama တွေက ဒီနယ်မြေမှာနေထိုင်နေကြပြီး မင်းသမီးကို ကမာဆက်သပါတယ်တဲ့။ ကမာအသားကိုစားပြီးလိုက်တဲ့ မင်းသမီးဟာ အရသာကောင်းလွန်းတဲ့ ကမာသားနဲ့ နှစ်စဉ် နေနတ်မင်းကြီးကို ပူဇော်ဖို့ သူက အမိန့်ပေးခဲ့ပါတယ်တဲ့။ ဒါကြောင့် ယခုချိန်ထိ နှစ်စဉ် ရေငုပ်သူတွေဟာ ကမာတို့ ခရုတို့နဲ့ နှစ်စဉ်နတ်တင်ကြပါတယ်တဲ့။
ရေငုပ်သူတွေဟာ ဘာ လက်နက်ကရိယာမှမပါပဲ ရေအောက်ကို ငုပ်ပါတယ်။ ပြီးတော့ လက်နဲ့ပဲ ကောက်ယူခဲ့ပြီး တစ်ခုစီဆည်ပြီး ပြန်တက်လာကြပါတယ်။ သူတို့ဟာ ရေသံယာဇာတတွေ ကို မပျက်စီးစေရအောင် သဘာဝမဟုတ်တဲ့နည်းတွေနဲ့ မဖမ်းပါဘူးတဲ့။  ပုလဲငုပ်သူတွေဟာ အဖြူရောင်
Mr Mikimoto က မှာခဲ့တဲ့စကားရှိပါတယ်တဲ့။ အကုန်မစားပါနဲ့။ ဗိုက်မတင်းခင် စားနေတာကိုရပ်လိုက်ပါဆိုတဲ့ စကားကို လက်ကမ်း စာစောင်မှာရေးထားတာဖတ်ရပါတယ်။ သဘောကတော့ ရသမျှ အကုန် ထုတ်မသုံးပါနဲ့ဆိုတဲ့သဘောပါပဲ။  
သူတို့တွေ ဆောင်းမှာရော ငုပ်ကြပါတယ်။ ရေထဲမှာအနေကြာသူတွေ ဖြစ်တဲ့အတွက်  ရေပေါ်ပြန်တတ်လာတာနဲ့ မီးလှုံတဲ့ အလေ့အထကိုလည်းတွေ့ခဲ့ပါတယ်။
ယုံချင်ယုံမယုံချင်နေပါတဲ့။  သူတို့ပုလဲကျွန်းမှာ နဂါးရှိတယ်လို့ ယုံကြည်ကြပါတယ်တဲ့ မိကိမိုတိုပုလဲကျွန်းမှာ သဘာဝရေတွင်းရှိပြီး အနီးနားက ကျွန်းမှာလည်း သဘာဝရေတွင်း၂တွင်းရှိပါတယ်တဲ့ အဲ့ဒီ့တွင်း ၃တွင်းဟာ ဆက်နေပါတယ်တဲ့။
ပြတိုက်ထဲမှာတော့ လူကျလာတဲ့အပေါ်မူတည်ပြီး ၁၀ မိနစ်တစ်ခါလောက် ၀န်ထမ်းတစ်ယောက်က ပုလဲ ထုတ်လုပ်နည်းအဆင့်ဆင့်ကို ရှင်းပြပါတယ်။  
ထုတ်လုပ်ချင်တဲ့ပုလဲအရောင်ပေါ်မူတည်ပြီး ကမာခွံကိုရွေးသလို ပုလဲအမဲရောင်ထုတ်လုပ်မယ်ဆိုရင် ကမာ အတွင်းသားအမဲတစ်ဝက်လောက်ရှိတဲ့ကမာကို ရွေးပါတယ်တဲ့။ ပုလဲအနက်ရောင်စီးရီးထဲကနေဆိုရင်တော့ အစိမ်းရောင်ပုလဲထွက်လာရင်တော့ အကောင်းဆုံးပါတဲ့။ အဖြူရောင်စီးရီးထဲကနေတော့ ပန်းရောင်ပုလဲ ကဈေးအရ ဆုံးပါတဲ့။
ပုလဲဖြစ်စေအောင်လုပ်မယ့် ကမာကောင်ထဲထည့်လိုက်မယ့် အတွင်းသားကိုတော့ အမေရိကား မီစစ်စီပီ ကနေရတဲ့ ကမာခွံကို ဖြတ်တောက် လုံးဝန်းအောင်လုပ်ပြီး ပုလဲအဆံအဖြစ်ထည့်ပါတယ်။ လိုချင်တဲ့ဆိုက်ပေါ်မူုတည်ပြီး ထည့်ပါတယ်တဲ့။ စိတ်ထဲမှာ ပုလဲကြီးတာဟာနှစ်ကြာလို့မဟုတ်ဘူး အဆံကြီးကြီးထည့်ရင်ကြီးမှာပဲလို့ပါ သဘောပေါက်လိုက်ပါတယ်။
ပုလဲ ရဲ့တန်ဖိုးဟာ နှစ်ရှည်ရှည်ထားလေ ကောင်းလေ ကြီးလာလေ မဟုတ်ပါဘူး ။ အနည်းဆုံးတော့ ၃ နှစ် ကနေ ၅ နှစ်လောက်တော့ထားကြပါတယ်တဲ့။ ဖြတ်တောက်ထားတဲ့ကမာ(ပုလဲအဆံ) ကမာကောင်အသားရဲ့ဘေးသားးလေးတွေကို ၅ ဆင်တီလောက်စိတ် လှီးပြီး တစ်ခါတည်းတခြားသက်ရှိကမာကောင်ရဲ့အခွံကို ဟပြီး အထဲကို ဇာဂနာလိုမျိုးနဲ့ထည့်ပါတယ်။ ထည့်လိုက်တဲ့ ၅ ဆင်တီလောက်ရှိတဲ့ကမာသားရဲ့ ဆဲလ်တွေနဲ့ ပုလဲအဆံလို့ခေါ်ရမယ့် အရာက ထည့်ပြီးမှ အတူတူမပူးပေါင်းဖူုးဆိုရင်တော့အဲ့ဒီ့အကောင်ဟာ မအောင်မြင်ဘူးတဲ့။ အောင်မြင်မယ့်  ပုလဲကတော့ တစ်ပတ်လောက်အတွင်းမှာ ပုလဲအဆံကို
ဆဲလ်တွေက အလွှာ ၆၀ လွှာလောက် ဖုံးအုပ်ထားပြီးဖြစ်ပါတယ်တဲ့။ (ပုလဲဝတ်ရတာ ရင်တော့နင့်စရာနော်)
ပုလဲ၁၀၀ မှာ ၅ ရာခိုင်နှုန်းလောက်က ကွာလတီပုလဲ. ၂၀ ရာခိုင်နှုန်းက ရောင်းတန်းပုလဲ  ၃၀ရာခိုင်နှုန်းလောက်က အသုံးမ၀င်တဲ့ပုလဲနဲ့ ကျန်တဲ့ရာခိုင်နှုန်းက တော့ အညံတန်းပုလဲလို့ ပုံနဲ့တစ်ကွရှင်းပြထားပါတယ်။
ပုလဲအမျိုးမျိုးထွက်ရာ မြေပုံမှာ တို့နိုင်ငံလည်းပါတယ်ဆိုတာ လာကြည့်တဲ့သူတွေ သိမှာပါလေ
ပုလဲဆိုင်ကို ရောက်ပြီးသကာလမှာတော့ မြန်မာပြည်မှာဝယ်ဝတ်ရတာအတန်ဆုံးပါပဲလို့  ကျေနပ်စွာကောက်ချက်ချနိုင်ခဲ့ပါတယ်။
ဒါလေး ၀ယ်ခဲ့တယ်။ ရေချို ပုလဲ နားဆွဲ နဲ့ လော့ကတ်လေး ပါ. လိုချင်တာ ကတော့တခြားပါ ဒါလေးနဲ့ပဲ ကျေနပ်ခဲ့ပါတယ်။ တစ်စုံလုံးကို ယန်း ၆ထောင်ကျော်လောက်ပါပဲ။ ၀တ်စုံအနက်လေးနဲ့ဆို လှမယ်း)
အိမ်ပြန်ရောက်တော့ မြင်လာတဲ့ဈေးတွေနဲ့ ကိုယ့်နိုင်ငံမှာ
ဝယ်လို့ရတဲ့တန်ဖိုးတွေနဲ့ပြန်ယှဉ်ကြည့်မိတယ်။နောက် ကျေနပ်တယ်။တို့လူမျိုးတွေ ရတနာပို
ဝတ်နိုင်ကြတယ်လို့။ 
အောက်ပုံလေးကတော့ နှစ်သက်မိသောအရာထဲကတစ်ခုပါ။ညီမလေး ဆွဲပေးတဲ့ဒီဇိုင်းကို လုပ်ထားတာပါ ။ ကြိုက်လွန်းလို့ ပေါ့ပေါ့ပါးပါးပွဲလေးတွေဆိုဝတ်မိပါတယ်။ ဂျပန်မှာတော့ ဒီိလိုကြီးကြီးတွေကို အဖွားကြီးတွေပဲ ၀တ်ကြပါတယ်။
ကဲခရီးစဉ်တွေ တစ်ခုပြီးတစ်ခုတင်ဆက်ဖို့ အစီစဉ်ရှိပါကြောင်း
လေးစားစွာဖြင့်
ကြည်ကြည်
Thursday, August 11, 2011
ကိုယ်တို့မြို့လေးဆီ
ဂျပန်နိုင်ငံရဲ့ အကြီးဆုံးရေကန်ကြီး ရှိတဲ့ ကျွန်မနေတဲ့ပြည်နယ် ဟာ အဓိက ထွက်ကုန်ကတော့ စပါးပေါ့။ ရေကန်ကြီးဘယ်လောက်ကြီးသလဲဆိုရင်တော့ စင်္ကပူနိုင်ငံထက်ကြီးဆိုပဲ။ ရေကန်ကြီးကြောင့် ဒီပြည်နယ်ဟာ တိုးတက်သင့်သလောက်မတိုးတတ်ဘူးလို့လည်းဆိုကြပါတယ်။ ရေကန်ရဲ့ ဘေးမှာ ရှိနေတဲ့တောင်တန်းတွေကနေ စီးဆင်းလာတဲ့ မြစ်၊ ချောင်းတွေက နေ ကန်ရေကို ပြည့်နေစေပါတယ်။ ဒီရေကန်ကြီးကနေ အိုဆာကာ ပြည်နယ် နဲ့ ကျိုတို မြို့ ပတ်ဝန်းကျင်မြို့ပေါင်းများစွာကို ရေပေးဝေနေပါတယ်။ ကျွန်မတို့နေတဲ့မြို့လေးကတော့ ပြည်နယ်ရဲ့ မြို့တော်လို့ခေါ်ရတဲ့မြို့လေးကဆက်နေပါတယ်။ ရန်ကုန်လိုပြောရရင်တော့ ရန်ကင်းနဲ့တာမွေဆက်နေသလိုပေါ့လေ။
ရေကန်ကြီးနဲ့ နီးစပ်လွန်းသလို မြို့တော်ရဲ့ Landscaping တို့ ပန်းခြံတို့ကြောင့် ရေကန်ကမ်းနားလမ်းဘေး လျှောက်ရရင်ကို နိုင်ငံခြားရုပ်ရှုင်တွေထဲကလို သိပ်ကို လှပပါတယ်။  အေးချမ်းပြီး သန့်ရှင်းတဲ့အတွက်
လူဦးရေ ထူထပ်လာပါတယ် ဒီတော့  ကုန်ဈေးနှုန်းကလည်းကြီးလာပါတယ်လို့ ဆိုကြတယ်။ ကျွန်မတို့မြို့လေးကတော့ မဆိုးပါဘူး။
ရေကန်ကြီးကို Lake Biwa လို့ ခေါ်ပါတယ်။ ဂျပန်နိုင်ငံကိုတောင်နဲ့ မြောက်ခွဲလိုက်လို့ ကျွန်မတို့က တောင်ဘက်လို့သတ်မှတ်ရင် တောင်ဘက်မှာ အကြီးဆုံးသော ပြည်နယ်သူပြည်နယ်သားတွေ ဂုဏ်ယူရတဲ့ BIWAKO Hanabi မီးရှုးမီးပန်းပွဲကတော့ နာမည်ကြီးပါပဲ။ ၄ ပြည်နယ်လောက်ကနေ ရထားစီးပြီးလာကြည့်ကြသူတွေကအပြည့် နှစ်စဉ်လူ ၁ သိန်းကနေ ၁ သိန်းခွဲ နီးပါးလာကြည့်ကြတယ်လို့ သိရပါတယ်။ 
နှစ်စဉ်  ၈ လပိုင်း  ဒုတိယပတ်လောက်မှ ကျင်းပကြပါတယ်။ မီးရှုးမီးပန်းကတော့ တစ်ရက်ပဲ လုပ်ပေမယ့် ဘေးပတ်လည် မြို့နယ်လေးတွေကလည်း ကျင်းပကြတော့ ဒီပွဲကြီး နေ့မတိုင်မီမှာလည်း ကြိုကြားကြိုကြား အိမ်ပေါ်ကနေ ကြားနေမြင်နေရပါတယ်။  ကမ်းပတ်ပတ်လည်ကို မီးပန်းပွဲကျင်းပမည့် မနက်ကြတော့မှ နေရာဦးခွင့်ပေးပါတယ်။ မနက် ၅ နာရီ ၆ နာရီလောက်ဆို နေရာလာဦးကြတဲ့သူတွေ အစီအရီပေါ့။ ညနေ ၇ နာရီခွဲကနေ ၈ နာရီခွဲ ထိ တစ်နာရီတိတိ ကို မရပ်မနားဖောက်ကြတာကိုး။
 လာဟေ့ သွားကြမယ်
ဟယ် တို့နေရာဘယ်မှာလည်း
video
Video File လေးကြည့်ဖြစ်အောင်ကြည့်သွားပါအုန်း။
မရရင်လည်း YouTube သာသွားကြည့်တော့
http://www.youtube.com/watch?v=f_cMV_i8shI
သြဂုတ်လဟာ ဂျပန်နိုင်ငံအတွက် က အနုမြူဗုံးကျဲချခံရတဲ့ လ လည်းဖြစ်သလို . ကွယ်လွန်သူများ ရဲ့
ဝိညဉ်တွေ မိမိ မိသားစုတွေဆီပြန်လာလည်တဲ့ပွဲ  OBON (အိုဘုန်း)လို့ခေါ်တဲ့ ရက်ရှည်အားလပ်ရက်ရှိတဲ့လလည်းဖြစ်ပါတယ်။ အဲ့လိုပဲ နွေရာသီပွဲ တွေ တစ်နိင်ငံလုံးအတိုင်းတာနဲ့ ကျင်းပကြတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဘယ်နေရာသွားသွား  Yugata လေးတွေနဲ့ ဂျပန်အမျိုးသမီး အမျိုးသားများကိုတွေ့ရတဲ့အခါ ဂျပန်ရဲ့ယဉ်ကျေးမှု့ကျန်နေသေးပါလားလို့ သိရဲ့တဲ့ အချိန်လေးလည်းဖြစ်ပါတယ်။
ညနေခင်းအလှ
ညအလှ
ရေကန်ကြီးထဲမှာ ငါးအပျော်များတဲ့သူတွေကို မျှားထားတဲ့ငါးတွေကို မလိုချင်ရင် ပစ်ထားခဲ့လို့ရအောင် အမှိုက်ပုံးတွေ ထားပေးထားသလို ကန်ထဲက ငါးဟာ (နာမည်တွေရေးထားတယ် မြန်မာလို မရေးတတ်ဖူုး)  စားလို့ကောင်းပါတယ်။ ပြန်ယူသွားကြပြီး ချက်စားကြပါလို့ တိုက်တွန်းထားတဲ့ ဆိုင်းဘုတ်။
ကန်ထဲမှာ သူတို့ရဲ့ အော်ရီဂျင်နယ်မျိုးစိတ်တွေကို စားပစ်မယ့် ငါး အမျိုးစားတွေရှိလာတော့ နောက်ပိုင်းမှာ တစ်ချို့သော ငါးတွေလာလွှတ်ရင် အရေးယူမယ်လို့ ငါးနာမည်နဲ့ ဖော်ပြထားတယ်။ (အပေါ်ဆုံးက ပုံ)
အရင်ပို့စ်တွေ ရှည်ထားလို့ ဒီပို့စ်လေးကိုတော့ ပေါ့ပေါ့ပါးပါးတိုတိုလေးပဲ လုပ်လိုက်ပါတယ်။ အဓိကကတော့ မီးပန်းပွဲကိုပြချင်တာပါ။
Sunday, July 31, 2011
ဂျပန်မှာကျောင်းတက်မည် အပိုင်း(၂)
အရင်အပိုင်း(၁)မှာတုန်းက မရှင်းမလင်းရေးထားမိခဲ့တာတစ်ခုရှိပါတယ်။ ဂျပန်မှာကျောင်းတက်တဲ့အခါ ၁၂ တန်းလို့အလွယ်တစ်ကူရေးလိုက်မိတာပါ။ စိတ်ထဲမှာ ဂျပန်မှာကျောင်းတတ်မည်ဆိုတာကို ဂျပန်သွားချင်တဲ့သူလောက်ပဲစိတ်ဝင်စားမယ်။ ဂျပန်လာမယ့်သူကလည်း ဒါတွေသိထားပါတယ်ဆိုပြီး အလွယ်တစ်ကူရေးလိုက်တာပါ။ နောက်တစ်ခုက တော့ ကျောင်းစရိတ်ကိုရေးမိတာပါ။
ဂျပန်မှာကငွေကို သောင်းအထက်ဖြစ်သွားရင် တစ်သိန်းဆိုတာထက် ၁၀သောင်းတို့ သောင်း၁၀၀ စသည်ဖြင့် အသုံးပြုကြပါတယ်။ ကျွန်မတို့တစ်သန်းလို့ မသုံးပဲ ၁၀ သိန်းလို့ သုံးသလိုမျိုးပေါ့လေ။
အတန်း ၁၂ တန်းဆိုတာကတော့ ဂျပန်မှာ မူလတန်းက ၆ နှစ်၊ အလယ်တန်းက ၃ နှစ် နဲ့ အထက်တန်း ၃ နှစ်၊ စုစုပေါင်း စာသင်နှစ် ၁၂ တန်းပြီးမှ တက္ကသိုလ်ဆိုတာဖြစ်တဲ့အတွက် ကျွန်မတို့ မြန်မာပြည်က ၁၀ တန်းအောင်နဲ့ဆိုရင်တော့ ၂ တန်းလိုပါတယ်။ ဒါကြောင့် မြန်မာပြည့်က ၁၀ တန်းအောင်တွေက ဒီမှာ ဂျပန်စာ ၂ နှစ် ပြန်တက်ရတာပါ။ တစ်ချို့တော့ ဂျပန်စာတစ်နှစ်နဲ့တင် တက္ကသိုလ် ၀င်ခွင့်ဖြေကြတဲ့သူတွေလည်းရှိပါတယ်။
ကျွန်မတို့ခေတ် undergrad တုန်းက မြန်မာပြည်မှာ ၁၂ တန်းရှိရမယ်ဆိုပြီး ခေါ်တာပါ။ ဒီတော့အများစုက ဒုတိယနှစ်တွေပါလာကြတာပါ။ အဲ့ခေတ်တုန်းကအသက်ကို ၁၉ နှစ်ပြည့်ပြီး ၂၂ နှစ်ထက်မကျော်ရဆိုပြီးခေါ်ကြတာပါ။
ဘွဲ့လွန် စကောလာ (Master, Ph.D.) အတွက် ဘာတွေလိုမလည်း။
မာစတာ စပြီးလျှောက်တော့မယ်ဆိုရင် မြန်မာပြည့်ဘက်က
အစိုးရ၀န်ထမ်းအများစုလျှောက်လို့ရကြတာကတော့ ယခင်မွန်ဘူးေ၇ှာ(Monbusho) ယခု
မွန်ဘူးခကခုေ၇ှာ(Monbukagakusho)လို့ခေါ်ကြတဲ့ ဂျပန်ပညာရေးဝန်ကြီးဌာနရဲ့ Fully scholar ပါပဲ။ အပြင်က သူတွေလျှောက်တာအတော်ကိုနည်းပါတယ်။ အပြင်ကနေလည်း(အစိုးရ
ဝန်ထမ်းမဟုတ်သူတွေလည်း)လျှောက်လို့ရပါတယ်။ သူရဲ့အားသာချက်က မာစတာ၂ နှစ်ပြီးလို့ ကိုယ့်ပေ၇ာ်ဖက်ဆာက ထောက်ခံတယ်ဆိုရင် နောက်ထပ် Ph.D. ကိုဆက်တက်လို့ ရတာ က အားသာချက်ပါပဲ။ အများစုက ဆက်ပြီးရကြပါတယ်။ ဘယ်လို ဆိုရင် မာစတာကနေ Ph.D. ဆက်လျှောက်လို့ရသလည်းဆိုရင်တော့ ကိုယ့်ရဲ့ သီးစစ်က အနည်းဆုံး A grade သို့မဟုတ် A+ တော့ရဖို့လိုပါတယ်။ တစ်ချို့သော မေဂျာတွေမှာတော့ ဆရာနဲ့အဆင်ပြေတယ်ဆိုရင် B လောက်ဆိုရင်ကို လက်ခံပေးတာရှိတယ်လို့ပြောပါတယ်။ အစိုးရ၀န်ထမ်းအများစုကတော့ မာစတာပြီးတာနဲ့ Ph.D. ကို ဆက်ပြီးလျှောက်ကြတာ များပါတယ် (တွေ့ရသလောက်ပြောတာပါ)။  အစိုးရ၀န်ထမ်းမဟုတ်သူလည်း အလုပ်မလုပ်သေးဖူးဆိုရင် ဆက်တက်ပေါ့ ။ မာစတာကနေ ဆက်ပြီးတက်မယ့်သူကြတော့ Ph.D. ကို ၃ နှစ်အတွင်းပြီးအောင် လုပ်ရပါတယ်။ မွန်ဘူးရှော စကောလာက အများဆုံး ၅ နှစ်ပဲပေးတဲ့အတွက် ၂ နှစ်ကို မာစတာမှာသုံးလိုက်ပြီဖြစ်တဲ့အတွက်ပါ။ ၃ နှစ်နဲ့ မပြီးသွားတဲ့သူတွေလည်း ရှိခဲ့ဖူးပါတယ်။ လွယ်ကူစွာမတွေးမှိအောင် ရေးရတာပါ။
တစ်ချို့ကတော့ လာကတည်းက Ph.D. အတွက်ဆိုပေမယ့် ၁ နှစ်ကိုတော့ research student အနေနဲ့ တက်ရပါတယ်။ စကတည်းက Ph.D. အတွကလက်ခံပေးထားပြီးလို့ လာတယ်ဆိုပေမယ့် စာမေးပွဲတော့ဖြေရပါသေးတယ်။ သူတို့လိုမျိုးကြတော့ ၁ နှစ် research နဲ့ နောက်၎ နှစ်ကို Ph.D. အတွက်
အေးဆေးလုပ်နိုင်ကြတာလည်းရှိပါတယ်။
ဒီပို့စ်မှာအဓိက ရေးမှာကတော့ အစိုးရ၀န်ထမ်းမဟုတ်သူများအတွက်  မာစတာအတွက် စကောလာလျှောက်မယ်ဆိုရင်ပါ။
အထက်မှာပြောခဲ့တဲ့ ၁။ Monbusho
                            ၂။ ADB Asian Development Bank
                            ၃။ World Bank
စကောလာတို့ဖြစ်ပါတယ်။
လတ်တစ်လောမှာ World Bank ကနေ မြန်မာ တွေလည်းစကောလာရတာတွေ့ပါတယ်။ နှစ်ရှည်တော့မဟုတ်ပဲ ၆ လ တို့ဘာတို့တော့မြင်ဖူုးပါတယ်။
World Bank ကနေ လက်ရှိ ၂ နှစ် စကောလာနဲ့ လာထားတဲ့သူငယ်ချင်းနိုင်ငံခြားသားတွေကတော့အတော်ကို level မြင့်ပါတယ်။ ကိုယ့်သင်ယူမယ့်မေဂျာအခြေခံ မရှိခဲ့ကြဘူးသူတွေ ပါလာကြပေမယ့် သူတို့တွေက သင်ယူမယ့်မေဂျာကို တစ်ချို့ မာစာတာ ပြီးထားပြီးသားတွေပါပါတယ်။ ဒါကသိထားရအောင်ပြောတာပါ။ ခက်လွန်းတယ် မရနိုင်ဘူးလို့ပြောတာမဟုတ်ပါ။
မြန်မာ တွေအတွက် အခွင့်အရေးများများရနိုင်တာဆိုရင် ADB နဲ့ မွန်ဘူးရှော စကောလာပါ။
ကျွန်မတို့မြန်မာနိုင်ငံဟာလည်း ADB အဖွဲ့ဝင်ဖြစ်တဲ့အတွက် ADB ရဲ့ စကောလာကိုလျှောက်လို့ရတာပါ။ ADB ရဲ့သဘောတစ်ရားဟာ အမျိုးသမီးတွေရဲ့ ဘ၀ကိုမြင့်တင်ဖို့ဆိုတဲ့ သဘောတရားများရှိလေသလားပါ။ (ဆရာရဲ့ တရားဝင် မဟုတ်တဲ့ပြောစကားပါ)။
လက်တလောမှာလည်း ADB နဲ့ လာကြတဲ့ ကျောင်းသား၊သူမှာ ကျောင်းသူက ပိုများသလားလို့လေ။
ဘယ်မေဂျာတွေ လျှောက်ကြသလည်း
MBA, MPA, Public Policy, IR, Eco. မေဂျာတွေများပါတယ်။ လက်လှမ်းမှီသလောက် ရေးချတာပါ။တခြားမေဂျာတွေလည်းရှိပါတယ်။
၂၀၁၂ စာသင်နှစ်အတွက် ရန်ကုန်က ကျွန်မနဲ့အလုပ်တူလုပ်ခဲ့ဘူးတဲ့ ညီမလေးတစ်ယောက် ဒီနှစ်အောင်ပါတယ်။  ၉ လပိုင်းဆို လာမှာပါ။
ကျွန်မ တိုက်တိုက်တွန်းတွန်းနဲ့ လိုအပ်တဲ့ဂိုက်လိုင်းတွေပေး (သူကအင်တင်တင်ဒါတောင်) ဒီဘက်က လိုချင်လောက်တဲ့အချက်နဲ့လည်းသူက ကိုက်ညီတယ်လို့ထင်လို့ အတင်းလျှောက်ခိုင်းလိုက်တာ အောင်ပါတယ်။ (ကျွန်မ တအားဝမ်းသာမိလို့ပါ။ ကိုယ်တိုင်သူများပေးတဲ့စကောလာစားနေရတော့ သူများတွေကိုလည်း ကိုယ့်လိုခံစားစေချင်တဲ့စေတနာနဲ့ တိုက်တွန်းမိလိုက်တာပါ) လိုအပ်တဲ့အင်ဖော်မေး၇ှင်းတွေ ကျွန်မ ၃ ယောက်လောက်ကို ၂၀၁၀ တည်းက လှမ်းပြီးပို့ပေးပါတယ်။
တစ်ယောက်မှတုတ်တုတ်မလှုပ်ဘူး ။ ဒီနှစ်ထပ်ပြီး အဲ့ထဲက နောက်တစ်ယောက်ကို ဒီဘက်ကနေ ဆူဆူဆဲဆဲ (ခင်လွန်းလို့ပါ) လျှောက်ပါဘာညာဆိုမှ လျှောက်တော်မူတယ်။ အိုင်တီ လျှောက်တဲ့သူကတော့ ဒီနှစ် အခွင့်အရေးမရသွားရှာပါဘူး။
ADB စကောလာကို လျှောက်မယ်ဆိုရင် ၂ လပိုင်းလောက်မှာလိုအပ်တာတွေ ကျောင်းကို လှမ်းပို့ရပါတယ်။
၃ လပိုင်းလောက်ဆိုရင် လျှောက်တာကို လက်ခံတယ်မခံဘူးဆိုတာကို ကျောင်းကပြန်အကြောင်းကြားပါတယ်။
ကျောင်းက လက်ခံတယ်ဆိုတာနဲ့ ကျောင်းနဲ့အင်တာဗျူးပါတယ်။ နောက်ကျောင်းနဲ့ ဗျူးတဲ့အခါ မေလ်းနဲ့ လှမ်းပြီး ပေ၇ာ်ဖက်ဆာနှစ်ယောက်က အမေးအဖြေ တွေ၊ ပုဒ်ဆာလိုမျိုးနဲ့ ကိုယ်တင်မယ့် စာတမ်းအကြောင်းကို ကိုယ်ဘယ်လောက်ပြင်ဆင်ထားလည်းဆိုတာကို မေးတာတွေပါ။
ကျွန်မလည်းဒီတစ်ခေါက်မှ ဆရာတွေ လှမ်းမေးတာမြင်ဖူးတာ. (ကျွန်မတို့စကောလာနဲ့ နည်းနည်းကွာတယ်) တစ်နှစ်ထက်တစ်နှစ် ခက်လာသလိုလည်းမြင်ရတယ်။ အဲ့လိုဖြေရတဲ့အခါမှ အီးမေလ်းပြန်ဖို့ကို အချိန်သတ်မှတ်ပေးထားပါတယ်။ နောက် ဆရာက ဖုန်းဆက်ပြီး အင်္ဂလိပ်လိုမေးဖြေတွေလည်းလုပ်တာတွေ ရှိပါတယ်။
ဖြေပြီးလို့ တစ်လလောက်အကြာမှာတော့ ADB စကောလာအတွက်ရတယ်မရဖူးဆိုတာ လှမ်းအကြောင်းကြားပါတယ်။
လျှောက်တဲ့အခါ ဘာတွေလိုလည်း
၁။ကိုယ့်ရဲ့ပတ်စပို့တ် ကော်ပီ
၂။အိမ်ထောင်စုစာရင်း နိုတြီ .နဲ့  အိမ်ထောင်စုစာရင်း ကော်ပီ
၃။မှတ်ပုံတင် ကော်ပီ နဲ့ နိုတြီမူရင်း
၎။ ဘွဲ့လက်မှတ်ကော်ပီ နဲ့ နိုတြီ မူရင်း
၎။နောက်ဆုံးထိတတ်ခဲ့တဲ့ ဘွဲ့ လက်မှတ် (တစ်ချို့မာစတာ ပြီးထားတဲ့သူတွေအတွက်ပါ)
၅။ကိုယ့်မှာရှိ့တဲ့ သင်တန်းလက်မှတ်တွေ
၆။လုပ်ငန်းခွင်ကနေ recommendation letter လုပ်ငန်းခွင်အတွေကြုံ  ၂ နှစ် အနည်းဆုံးရှိရပါမယ်။
၇။ ကိုယ်ဘာကြောင့် လျှောက်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်..
၈၊၊နောက် ကိုယ်စာသင်ပြီးရင် ဘာဆက်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် (နိုင်ငံကိုပြန်မှာလား ဆိုတာပါ ရေးကြပါတယ်) ။
အင်္ဂလိပ်စာ IELTS သို့မဟုတ် TOFEL ဖြေထားတဲ့ရမှတ်
၉။ ကိုယ့်ရဲ့ သီးစစ် ပရိုပိုဆယ်။. အနည်းဆုံး A4 8 ရွက်လောက်ရေးတာတွေ့ပါတယ်။
ဒါတွေကို အကုန်လုံး Post mail နဲ့ပို့ရတာပါ။
သတ်မှတ်ချက်က TOFEL ဆိုရင် ၅၅၀ အနည်းဆုံးပါ။ လက်၇ှိအောင်လာကြတဲ့သူတွေဟာ ၆၅၀ အထက်မှာရှိကြပါတယ်။
နိုင်ငံခြားတိုင်းပြည်တစ်ခု မှာ မာစတာပြီးထားပြီးသူတွေ လျှောက်လို့မရပါဘူး။
ယခု စကောလာတွေဟာ အင်္ဂလိပ်လိုသင်မယ့် course တွေပါ။ နိုတြီ လည်းပဲ အင်္ဂလိပ်လို ပဲလိုအပ်တာပါ။
(ယခုအောင်တယ်ဆိုတဲ့သူငယ်ချင်းလေးက အင်္ဂလိပ်စာမှာအမှတ်က အရမ်းကိုမြင့်သလို ဂျာမန်ဘာသာကိုလည်းကျွမ်းကျင်တဲ့ သူ လက်၇ှိမှာ နာဂစ်ပြန်လည်ထူထောင်ရေးဒေသမှာ(NGO) အလုပ်လုပ်နေသူပါ။ လက်ရှိလုပ်နေတဲ့အလုပ်နဲ့ပတ်သတ်တဲ့အကြောင်းရာကို ပရိုပိုဆယ်အနေနဲ့ရေးသွားပါတယ်။)
ပရိုပိုဆယ်. (ကိုယ့် ဘာအကြောင်းရာကို သီးစစ်လုပ်မှာလည်းဆိုတာ အတိအကျရေးရပါမယ်။ ဒါပေမယ့် ကျောင်းရောက်ပြီးမှ ဒေတာအနေထားပေါ်မူတည်ပြီး သီးစစ်ခေါင်းစဉ်ကိုပြောင်းလို့ရပါတယ်။
ဆရာနဲ့ညှိပြီးပြောင်းတဲ့သူတွေရှိပါတယ်။
ကိုယ်ရေးပီးတင်လိုက်တဲ့ သီးစစ် ခေါင်းစဉ်ပေါ်မူတည်ပြီး ကိုယ့်အပေါ်ဗျူးမယ့် ဆရာ လက်ခံမယ့်ဆရာ ကျောင်းက သတ်မှတ်တယ်ထင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဗျူးတဲ့ဆရာမတူကြလို့ပါ။
လိပ်မူတဲ့အခါ ကျောင်းကို ပဲ လိပ်မူကြတာပါ။ ဘယ်ဆရာရယ်လို့ လိပ်မူတာမဟုတ်ဘူးလေ။
အသက်ကန့်သတ်ချက်။ မြန်မာပြည်အတွက်ကို ၃၅ ထိ pass ပေးတဲ့ပုံရှိပါတယ်။ အများစုကတော့ ၂၂ နှစ်ပြည့်ပြီး ၂၈ ထက်မကျော်ရလို့ လည်းသိရပါတယ်။ ၃၅ နဲ့အောင်လာတဲ့သူတွေရှိသလို( မြန်မာ) အသက်ငယ်ပေမယ့် လုပ်ငန်း အတွေ့ကြုံ ၂ နှစ်မရှိလို့ ကျတဲ့သူ (နိုင်ငံခြားသား) တွေလည်းရှိပါတယ်။
လတ်တစ်လော မွန်ဘူးရှောစကောလာနဲ့ ရောက်နေသူက လုပ်ငန်းအတွေ့ကြုံ မရှိလို့ ADB ဖြေလို့ မရခဲ့ဘူးလို့ ပြန်၇ှင်းပြဖူးလို့ပါ။
ဘာလိုအကြောင်းရာတွေ ရေးကြသလည်း ။
သူများတွေရဲ့သီးစစ်ခေါင်းစဉ်တွေကို ဘလော့မှာ ပြန်ပြီးဒီအတိုင်းတင်ဖို့ဆိုတာမဖြစ်နိုင်လို့
အနီးစပ်ဆုံး ရေးပေးလိုက်ပါတယ်။
Monetary Policy and …………………………………
Financial development and…………………………………….
Fiscal policy and ………………….: The case study on ………………………….
Regional Development of………………….sector and ………………………
Micro credit firm and constraints……………….
Deforestation and regional economy…………………………….
Women Empowerment and ……………………………….
Remittance and……………………….
Migrant Labour issue and……………………………
Trade and ………………
Safety net နှင့်…………………………………..
ကျွန်မဆိုရင် (………….) role on မဟာမဲခေါင်ဒေသနှင့် The case study on (…….) ပါ။
အထက်မှာတင်ပြလိုက်တဲ့ခေါင်းစဉ်တွေဟာ သာမန်ခေါင်းစဉ်တွေပါ။ ကွန့်နိုင်တဲ့ကျောင်းသားတွေရဲ့ပေပါတွေလည်း ရှိပါတယ်။
ဘယ်လိုလူတွေလာကြသလည်း ဆိုရင်တော့ ဘဏ်တွေမှာ လုပ်နေကြသူတွေ များပါတယ်။
နောက်တစ်ခုက Theorically နဲ့တင်မဟုတ်ပဲ စာတမ်းတွေကို empirical analysis လုပ်ရပါတယ်။
အဲ့လိုလုပ်ရတဲ့အခါမှလည်း ဆရာအများစုကတော့ micro level ကိုကြိုက်နှစ်သက်ကြပါတယ်။ မြန်မာကျောင်းသားတွေကတော့ macro level ကိုပဲ အသုံးများကြပါတယ်။
မြန်မာပြည်က တစ်ချို့သောတင်လာတဲ့ ပေပါတွေ အရမ်းကောင်းပါတယ်။ ဒါပေမယ့် လက်ရှိမှာမြန်မာပြည်ကို ပြန်ပြီး contribute လုပ်နိုင်မလုပ်နိုင်ဆိုတာတွေလည်းဆရာတွေက စဉ်းစားသလို ကိုယ်တင်လိုက်တဲ့ပေပါကို တာဝန်ယူပြီး လုပ်ပေးမယ့် ပရော်ဖက်ဆာ မရှိဘူး ။ သို့မဟုတ် သူများလုပ်ပြီးသားဆိုရင်တော့ …………………………………. 
သူနဲ့ကြမှ တိုက်တိုက်ဆိုင် ဆိုင် .. သူနဲ့ကြမှ…. တိုက်တိုက် ဆိုင်ဆိုင် လို့ ဆိုရယုံပဲ ရှိပါတော့တယ်။
နောက်ပို့စ်မှာလျှောက်လို့ရတဲ့ ကျောင်းလင့်ခ်တွေ၊ အသုံးစရိတ်တို့ ၊
ကျောင်းပြီးရင်ဆိုတာလေးတွေ ဆက်ပြီးရေးပါ့မယ်။ ဒီပို့်စ်ကို မှတ်မိသလောက်အကြောင်းရာများနဲ့ ရေးလိုက်ပါတယ်။
(ပြန်ပြင်ဆင်ချက်)စကောလာလျှောက်နည်းကို အစိုးရ၀န်ထမ်းမဟုတ်သူတွေ အတွက်ရည်ရွယ်ပြီးရေးတာပါ။ ဒါပေမယ့် ကျွန်မအသုံးနှုန်းမှာ အပြင်လူ  တို့ အပြင်ကနေလို့ သုံးထားမိပါတယ်။ အပြင်ကနေဆိုတာ အစိုးရ၀န်ထမ်းမဟုတ်သူ  ကျွန်မတို့လို့ သာမန်ရိုးရိုးအပြင်ကလူကို ဆိုလိုတာပါ။
အစိုးရ၀န်ထမ်းဆိုမှတော့ ကျွန်မမရေးလည်း  နှစ်စဉ်ခေါ်တဲ့စကောလာကို သိကြတာပဲလေ။
ခုကျွန်မ ရေးတဲ့ပိုစ့်က  ကျွန်မတို့လို့  သာမန်ရိုးရိုး အပြင်ကလူတွေက စကောလာလျှောက်နည်းကို သိတဲ့သူနည်းတဲ့အတွက် ပြန်ဝေမျှလိုက်ခြင်းပါပဲ။
လေးစားစွာဖြင့်
ကြည်ကြည်