ရတနာမှာ ပုလဲနဲ့စိန်နဲ့တွဲထားတာကို အကြိုက်ဆုံးပါပဲ။
ခုတစ်လော ခရီးတွေ တအားများပါတယ်။ တစ်ရက်လောက်နားလိုက် ခရီးထွက်လိုက် နဲ့လိပ်ပတ်ကို မလည်ပါဘူး။ ပြန်ခါလည်းနီးပြီလေ။
မဖြစ်မနေသွားချင်ခဲ့တဲ့နေရာက ပုလဲကျွန်းပါပဲ။ ကဲ ဒီတစ်ခါတော့ရောက်ခဲ့ပါတယ်။
ကြည်ကြည်တို့နေတဲ့နေရာကနေ ကီလို ၁၆၀ လောက် သွားရပါတယ်။ သူငယ်ချင်းတွေ စုပြီးသွားကြတဲ့ခရီးပါ။
ကမ္ဘာပေါ်မှာ ဂျပန်ပုလဲဟာနာမည်ကြီးတာတော့ အားလုံးသိကြမှာပါ။ ကမ္ဘာပေါ်မှာ စိန်ဆိုရင် De Beers ၊ ပုလဲမှာ Mikimoto လို့ကိုပြောရလောက်အောင် နာမည်ကြီးတာကိုး။
ဂျပန်ရဲ့ နာမည်ကြီး ပုလဲ ကုမ္ပဏီ ၂ ခုကတော့ Tasaki နဲ့ Mikimoto (မိကိမိုတို) ပါပဲ ။ ဒီထဲက တစ်ခုက(နာမည်မမှတ်မိ) မြန်မာ့ပုလဲမွေးမြူရေးနဲ့ ဖက်စပ်လုပ်ဖူးပါတယ်။ ခုတော့မသိတော့ပါဘူး။
မိကိမိုတို ပုလဲကျွန်းရဲ့ ဗဟုသုတလေးနည်းနည်းမိတ်ဆက်ပေးပါရစေ။
ဂျပန်လုမျိုးတွေဟာ ပုလဲကို ဟိုးရှေးယခင်တုန်းက ရတနာအဖြစ်အသုံးမပြုခဲ့ကြပါဘူးတဲ့။ ဆေးဖော်ဖို့သာ အသုံးပြုခဲ့ကြပါတယ်တဲ့။
ပုလဲငုပ်သူတွေကို AMA ပင်လယ်ရဲ့ မိန်းကလေးလို့ ခေါ်ပါတယ်။ လက်ရှိမှာလည်း ပုလဲငုပ်သူအများစုဟာ အမျိုးသမီးများသာဖြစ်ပါတယ်။
၁၈၉၃ မှာ Mr. Koichi Mikimoto ဟာ မွေးပုလဲ (ယခုကျွန်မတို့ဝတ်နေကြတဲ့ ပုလဲလုံးလုံးဝိုင်းဝိုင်း လေးတွေဟာ မွေးပုလဲတွေပါပဲ။ သဘာဝပုလဲဟာ မလုံးဝိုင်းသလို အရွယ်ပုမာဏလည်းမကြီးမားပါဘုး။ ကျွန်မတို့မြန်မာပြည်က ကျောက်မျက်ပြတိုက်ထဲမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံးပုလဲ ဆိုတာပဲ ကြည့်လေ လုံးဝန်းမနေပဲ နဲ့ အဖုအထစ်တွေ နဲ့ပါ။ အာရှအလယ်ပိုင်းကသူငယ်ချင်းက မွေးပုလဲဆိုတာ ပုလဲအတုဆိုလို့ culturing pearls နဲ့ artifical pearls မတူဘူးဆိုတာမနည်းကို ရှင်းပြရပါတယ်။) ကိုအောင်မြင်စွာစမ်းသပ် ပြုလုပ်နိုင်ခဲ့ပါတယ်။ Mr Mikimotoဟာ အဲ့ဒီ့ခေတ်က ပုလဲလုပ်ငန်းရှင်တွေထဲမှာ အသက်အငယ်ဆုံးနဲ့ သူရဲ့ ရည်ရွယ်ချက်ကာတော့ ဂျပန်ပုလဲဟာ ဂျပန်နိုင်ငံရဲ့မြို့တော် တိုကျို ရဲ့ Ginzar ဂင်ဇာ လမ်းမကြီးပေါ်မှာ ကမ္ဘာ့အဆင့်မှီ ပုလဲတိုက်ကြီး အဖြစ် ရပ်တည်နိုင်ရမယ်ဆိုပြီး ကြိုးစားခဲ့တဲ့သူပါ။ အသက်၄၀ မပြည့်ခင်မှာပဲ သူဟာအောင်မြင်သူလုပ်ငန်းရှင်ဖြစ်ခဲ့ပါတယ်တဲ့။
သူ့ရဲ့မွေးပုလဲ လုပ်ငန်း ကိုစတည်ထောင်တဲ့အချိန်မှာ ပုလဲငုပ်ခဲ့သူ အမျိုးသမီးတွေရဲ့ အခန်းက အရေးပါလာပါတော့တယ်။ ပုံမှန်ဝင်ငွေရတဲ့အလုပ်ကို ပုလဲငုပ်ခဲ့သူအမျိုးသမီးတွေ ရရှိသွားခဲ့ပါတော့တယ်။
ခုသွားခဲ့တဲ့ ပုလဲကျွန်းကတော့ ISE( ဂျပန်မှာနာမည်ကြီး ကျောက်ပုစွန်ထွက်တဲ့နေရာ) ခရိုင်မှာရှိတဲ့ Mikimoto ကုမဏီပိုင် ကျွန်းဖြစ်ပြီးတော့ ကျွန်းပေါ်မှာ ပုလဲအရောင်းဆိုင် . Mikimoto အမှတ်တရပြတိုက်နဲ့ ပုလဲဖြင့်လုပ်ထားတဲ့ ရှားပါးလက်ရာ လက်ဝတ်ရတနာများကို ပြသထားတဲ့ ပုလဲပြတိုက်တို့ဆောက်လုပ်ထားပါတယ်။
(ရှေးဟောင်းလက်ရာလေး ပုလဲလုံးသေးသေးလေးတွေနဲ့သိပ်အနုစိတ်လွန်းလို့)
ကျွန်းပေါ်ဝင်ကြေးကတော့ ယန်း ၁၅၀၀ ပါ။ ကျွန်းလေးက ကန်တော်မင်ပန်းခြံလောက်ပဲ ရှိပါတယ်။
ဒါပေမယ့် တစ်နေ့ ၄ ကြိမ်နီးပါး ပုလဲငုပ်ပြတဲ့ show လေးကလည်း လာရောက်လည်ပတ်သူ ဧည့်သည်များကို ဆွဲဆောင်ထားပါတယ်။ သာမန်ကြည့်တဲ့နေရာနဲ့ အထူးခန်းဆိုပြီး ကြည့်တဲ့နေရာ ၂ နေရာခွဲထားပါတယ်။ အထူးခန်းက ဂျပန်လူမျိုးများကို ယန်း ၅၀၀ ထပ်ကောက်ပြီး နိုင်ငံခြားသားများကို အင်္ဂလိပ်လို သီးသန့်အသံသွင်းထားတဲ့ စကားပြောတိပ်ခွေကိုလွှင့်ပေးပါတယ်။ နိုင်ငံခြားသားကို ပိုက်ဆံလည်း မကောက်ပါဘူး။ (ကျေနပ်မိသား)
ပုလဲငုပ်သူဟာ ဘာကြောင့်အမျိုးသမီးများတာလည်းတဲ့ ?
အမျိုးသား ပုလဲငုပ်သူတွေလည်းရှိပေမယ့် ဒီနယ်မြေအမျိုးသမီး ပိုများပါတယ်။ အမျိုးသမီးတွေရဲ့ အရည်ပြားအောက်မှာ အဆီလွာ တစ်ရှူး အပို ပါရှိပါတယ်တဲ့။ ဒါကြောင့်အမျိုးသမီးတွေက အအေးဒဏ်ကို ပိုခံနိုင်ပါတယ်လို့ ဆိုထားပါတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုအောင့်ထားနိုင်ပါတယ်လို့လည်း ရှင်းပြထားပါတယ်။ ဟိုးယခင်ကတည်းက ဂျပန်မှာအမျိုးသားတွေက ငါးမျှား နေတုန်း အမျိုးသမီးတွေက ပင်လောက်အောက်က စားလို့ရတဲ့ ရေမှော်တွေ နောက် ခရုတွေ ကို ကမ်းရိုးတန်းတစ်လျှောက်လိုက်ရှာရင်းနဲ့ ရေအောက်ငုပ်သူတွေမှာ အမျိုးသမီး ပိုများလာပါတယ်လို့လည်း ဆိုထားပါတယ်။
အမျိုးသမီး ဒိုင်ဗာ(diver)တွေ လည်ပင်းမှာကမာခွံလေးတွေ ဆွဲထားကြပါတယ်။ ကမာခွံထက် ကမာခွံကိုခြစ်ပြီးပုံဖော်ထားတာလေး တွေ သတိထားမိလို့မေးကြည့်တော့ အန္တရယ်ကင်းအဆောင်ပါတဲ့။
ဟိုးရှေးရှေုးတုန်းက မင်းသမီးတစ်ပါးဟာ ဒီ ISE အိဆေး နယ်မြေကိုရောက်လာပါတယ်တဲ့။ နေနတ်မင်းကြီး ဆက်လက်နေထိုင်ဖို့အတွက် နေရာလာရှာတာပါတဲ့။ အဲ့ဒီ့မှာ အမျိုသမီး ရေငုပ်သူ Ama တွေက ဒီနယ်မြေမှာနေထိုင်နေကြပြီး မင်းသမီးကို ကမာဆက်သပါတယ်တဲ့။ ကမာအသားကိုစားပြီးလိုက်တဲ့ မင်းသမီးဟာ အရသာကောင်းလွန်းတဲ့ ကမာသားနဲ့ နှစ်စဉ် နေနတ်မင်းကြီးကို ပူဇော်ဖို့ သူက အမိန့်ပေးခဲ့ပါတယ်တဲ့။ ဒါကြောင့် ယခုချိန်ထိ နှစ်စဉ် ရေငုပ်သူတွေဟာ ကမာတို့ ခရုတို့နဲ့ နှစ်စဉ်နတ်တင်ကြပါတယ်တဲ့။
ရေငုပ်သူတွေဟာ ဘာ လက်နက်ကရိယာမှမပါပဲ ရေအောက်ကို ငုပ်ပါတယ်။ ပြီးတော့ လက်နဲ့ပဲ ကောက်ယူခဲ့ပြီး တစ်ခုစီဆည်ပြီး ပြန်တက်လာကြပါတယ်။ သူတို့ဟာ ရေသံယာဇာတတွေ ကို မပျက်စီးစေရအောင် သဘာဝမဟုတ်တဲ့နည်းတွေနဲ့ မဖမ်းပါဘူးတဲ့။ ပုလဲငုပ်သူတွေဟာ အဖြူရောင်
ဝတ်စုံအင်္ကျင်္ီအဖြူ လုံခြည်အဖြူ တွေနဲ့ငုပ်တာပါ။ ထမီတွေ လန်မသွားတာတော့အတော်ကို အံ့ရော်ပါပဲ။
Mr Mikimoto က မှာခဲ့တဲ့စကားရှိပါတယ်တဲ့။ အကုန်မစားပါနဲ့။ ဗိုက်မတင်းခင် စားနေတာကိုရပ်လိုက်ပါဆိုတဲ့ စကားကို လက်ကမ်း စာစောင်မှာရေးထားတာဖတ်ရပါတယ်။ သဘောကတော့ ရသမျှ အကုန် ထုတ်မသုံးပါနဲ့ဆိုတဲ့သဘောပါပဲ။
သူတို့တွေ ဆောင်းမှာရော ငုပ်ကြပါတယ်။ ရေထဲမှာအနေကြာသူတွေ ဖြစ်တဲ့အတွက် ရေပေါ်ပြန်တတ်လာတာနဲ့ မီးလှုံတဲ့ အလေ့အထကိုလည်းတွေ့ခဲ့ပါတယ်။
ယုံချင်ယုံမယုံချင်နေပါတဲ့။ သူတို့ပုလဲကျွန်းမှာ နဂါးရှိတယ်လို့ ယုံကြည်ကြပါတယ်တဲ့ မိကိမိုတိုပုလဲကျွန်းမှာ သဘာဝရေတွင်းရှိပြီး အနီးနားက ကျွန်းမှာလည်း သဘာဝရေတွင်း၂တွင်းရှိပါတယ်တဲ့ အဲ့ဒီ့တွင်း ၃တွင်းဟာ ဆက်နေပါတယ်တဲ့။
ပြတိုက်ထဲမှာတော့ လူကျလာတဲ့အပေါ်မူတည်ပြီး ၁၀ မိနစ်တစ်ခါလောက် ၀န်ထမ်းတစ်ယောက်က ပုလဲ ထုတ်လုပ်နည်းအဆင့်ဆင့်ကို ရှင်းပြပါတယ်။
ထုတ်လုပ်ချင်တဲ့ပုလဲအရောင်ပေါ်မူတည်ပြီး ကမာခွံကိုရွေးသလို ပုလဲအမဲရောင်ထုတ်လုပ်မယ်ဆိုရင် ကမာ အတွင်းသားအမဲတစ်ဝက်လောက်ရှိတဲ့ကမာကို ရွေးပါတယ်တဲ့။ ပုလဲအနက်ရောင်စီးရီးထဲကနေဆိုရင်တော့ အစိမ်းရောင်ပုလဲထွက်လာရင်တော့ အကောင်းဆုံးပါတဲ့။ အဖြူရောင်စီးရီးထဲကနေတော့ ပန်းရောင်ပုလဲ ကဈေးအရ ဆုံးပါတဲ့။
ပုလဲဖြစ်စေအောင်လုပ်မယ့် ကမာကောင်ထဲထည့်လိုက်မယ့် အတွင်းသားကိုတော့ အမေရိကား မီစစ်စီပီ ကနေရတဲ့ ကမာခွံကို ဖြတ်တောက် လုံးဝန်းအောင်လုပ်ပြီး ပုလဲအဆံအဖြစ်ထည့်ပါတယ်။ လိုချင်တဲ့ဆိုက်ပေါ်မူုတည်ပြီး ထည့်ပါတယ်တဲ့။ စိတ်ထဲမှာ ပုလဲကြီးတာဟာနှစ်ကြာလို့မဟုတ်ဘူး အဆံကြီးကြီးထည့်ရင်ကြီးမှာပဲလို့ပါ သဘောပေါက်လိုက်ပါတယ်။
ပုလဲ ရဲ့တန်ဖိုးဟာ နှစ်ရှည်ရှည်ထားလေ ကောင်းလေ ကြီးလာလေ မဟုတ်ပါဘူး ။ အနည်းဆုံးတော့ ၃ နှစ် ကနေ ၅ နှစ်လောက်တော့ထားကြပါတယ်တဲ့။ ဖြတ်တောက်ထားတဲ့ကမာ(ပုလဲအဆံ) ကမာကောင်အသားရဲ့ဘေးသားးလေးတွေကို ၅ ဆင်တီလောက်စိတ် လှီးပြီး တစ်ခါတည်းတခြားသက်ရှိကမာကောင်ရဲ့အခွံကို ဟပြီး အထဲကို ဇာဂနာလိုမျိုးနဲ့ထည့်ပါတယ်။ ထည့်လိုက်တဲ့ ၅ ဆင်တီလောက်ရှိတဲ့ကမာသားရဲ့ ဆဲလ်တွေနဲ့ ပုလဲအဆံလို့ခေါ်ရမယ့် အရာက ထည့်ပြီးမှ အတူတူမပူးပေါင်းဖူုးဆိုရင်တော့အဲ့ဒီ့အကောင်ဟာ မအောင်မြင်ဘူးတဲ့။ အောင်မြင်မယ့် ပုလဲကတော့ တစ်ပတ်လောက်အတွင်းမှာ ပုလဲအဆံကို
ဆဲလ်တွေက အလွှာ ၆၀ လွှာလောက် ဖုံးအုပ်ထားပြီးဖြစ်ပါတယ်တဲ့။ (ပုလဲဝတ်ရတာ ရင်တော့နင့်စရာနော်)
ပုလဲ၁၀၀ မှာ ၅ ရာခိုင်နှုန်းလောက်က ကွာလတီပုလဲ. ၂၀ ရာခိုင်နှုန်းက ရောင်းတန်းပုလဲ ၃၀ရာခိုင်နှုန်းလောက်က အသုံးမ၀င်တဲ့ပုလဲနဲ့ ကျန်တဲ့ရာခိုင်နှုန်းက တော့ အညံတန်းပုလဲလို့ ပုံနဲ့တစ်ကွရှင်းပြထားပါတယ်။
ပုလဲအမျိုးမျိုးထွက်ရာ မြေပုံမှာ တို့နိုင်ငံလည်းပါတယ်ဆိုတာ လာကြည့်တဲ့သူတွေ သိမှာပါလေ
ပုလဲဆိုင်ကို ရောက်ပြီးသကာလမှာတော့ မြန်မာပြည်မှာဝယ်ဝတ်ရတာအတန်ဆုံးပါပဲလို့ ကျေနပ်စွာကောက်ချက်ချနိုင်ခဲ့ပါတယ်။
ဒါလေး ၀ယ်ခဲ့တယ်။ ရေချို ပုလဲ နားဆွဲ နဲ့ လော့ကတ်လေး ပါ. လိုချင်တာ ကတော့တခြားပါ ဒါလေးနဲ့ပဲ ကျေနပ်ခဲ့ပါတယ်။ တစ်စုံလုံးကို ယန်း ၆ထောင်ကျော်လောက်ပါပဲ။ ၀တ်စုံအနက်လေးနဲ့ဆို လှမယ်း)
အိမ်ပြန်ရောက်တော့ မြင်လာတဲ့ဈေးတွေနဲ့ ကိုယ့်နိုင်ငံမှာ
ဝယ်လို့ရတဲ့တန်ဖိုးတွေနဲ့ပြန်ယှဉ်ကြည့်မိတယ်။နောက် ကျေနပ်တယ်။တို့လူမျိုးတွေ ရတနာပို
ဝတ်နိုင်ကြတယ်လို့။
အောက်ပုံလေးကတော့ နှစ်သက်မိသောအရာထဲကတစ်ခုပါ။ညီမလေး ဆွဲပေးတဲ့ဒီဇိုင်းကို လုပ်ထားတာပါ ။ ကြိုက်လွန်းလို့ ပေါ့ပေါ့ပါးပါးပွဲလေးတွေဆိုဝတ်မိပါတယ်။ ဂျပန်မှာတော့ ဒီိလိုကြီးကြီးတွေကို အဖွားကြီးတွေပဲ ၀တ်ကြပါတယ်။
ကဲခရီးစဉ်တွေ တစ်ခုပြီးတစ်ခုတင်ဆက်ဖို့ အစီစဉ်ရှိပါကြောင်း
လေးစားစွာဖြင့်
ကြည်ကြည်