Thursday, May 9, 2013

ရတု @ 2011


မေရေ ...
ညီမလေး အမျိုးသားအကြောင်းပြောပြမယ်.. နားထောင်မလား လို့မေးလာတဲ့ သူငယ်ချင်း မမွန်ရဲ့ စကားကို ရင်ခုန်မိနေတယ်။ 
တသိမ့်သိမ့်ခုန်ခဲ့တဲ့ ရင်ခုန်ခြင်းတွေပျောက်ဆုံးခဲ့တာတော့ကြာခဲ့ပါပြီ။ 
အပူရှိန်အပြင်းဆုံးရင်ခုန်ခြင်းတွေ ကျွန်မ ဆီရောက်ရှိခဲ့တာ နှစ်အတော်တောင်ကြာခဲ့ပီပဲ။ 

စာဖတ်နေတဲ့ ယူ့ကို ပြောရမှာသနားပေမယ့် ယူ့လူကြီးကို တို့ ဘန်ကောက်မှာတွေ့ခဲ့တယ်။ 
ဟိုဆိုင်က အမျိုးသမီးနဲ့ ။
 တူတူတွေ့ခဲ့တဲ့အဖွဲ့ကတော့ ယူစာဖတ်နေတာ အနှောင့်အယှက်မဖြစ်စေချင်လို့ ပြန်မပြောရဘူးလို့ ကတိတွေပေးထားကြပေမယ့်... နောက်ကျသွားမှာဆိုးလို..့ ငါ့ညီမရယ်လို့ earphone ထဲကနေပြောနေတဲ့ သူငယ်ချင်းကို ကျေးဇူးပဲ တင်ရမလို..
 တဆက်တည်း အသိုင်းအ၀ိုင်းတစ်ခုအတွက် ကျွန်မ ရှက်ရွံ့သွားသလို ဖြစ်နေပါတယ်။

ဆောက်တည်ရာမရတဲ့ စိတ်နဲ့အတူ လက်ထဲမှာ ကိုင်ထားတဲ့ swarovski ဘောပင်ကို ချိုးဖဲ့ပြစ်လိုက်ခြင်လာတယ်။ 
လေယဉ်စီးတဲ့အခါတိုင်း ပါလာတတ်တဲ့ နာရီလေးတွေ တန်းစီချိတ်ထားတဲ့ သစ်သားဘောင်ကားချပ်ကို ပြတင်းပေါက်ကနေ နှင်းတောထဲကို လွင့်ပစ်လိုက်ချင်လာတယ်။
ယူ့ကို ယူ့လူချစ်တာတော့ တို့တွေအကုန်လုံးသိပါတယ်။
 ဒါပေမယ့် ဟိုမိန်းမလည်း မျက်နှာပြောင်လိုက်တာကွာ မသိကြတဲ့လူတွေလည်းမဟုတ်ပဲ။
 သတိတော့ထားပေါ့ နော် … ...

ကျွန်မထိုညက အိပ်မပျော်တော့ ။ အိပ်မပျော်သောရက်တွေ ဆက်နေတာများပါပြီ။ 

.......................................................................................

မေမေ ရထားကြီးဘယ်လောက်စီးရမှာလည်းဟင်။ အင်း ဒီကနေဆို ၃ ဘူတာရပ်မယ်။ ဒါပေမယ့် အကြာကြီးတော့ စီးရမယ် မီးငယ်လေး လို့ဖြေရင်း ကျွန်မလိုပဲ ပါးလွာတဲ့ ဆံပင်ရှိတဲ့ သမီးငယ်ရဲ့ ခေါင်းကိုညင်သာစွာပွတ်ပေးရင်း မနက်ဖြန် စင်္ကပူကို သားအမိနှစ်ယောက်တည်း ပထမဆုံးအကြိမ်ထွက်ကြမယ့်ခရီးအတွက် သမီးငယ်အတွက်လိုအပ်မယ်ထင်တာတွေ ကြိုဝယ်ဖို့ တွေးနေမိတယ်။
ကို တစ်ရက်ကြိုရောက်မယ် လို့ပြောလာတော့ ကျွန်မ စိတ်တိုစွာနဲ့ ဘာလို့တစ်ရက်စောရောက်ရမှာလည်း
အတူတူရောက်ကြလည်းရရဲ့သားနဲ့  လို့ကျွန်မစိတ်မရှည်သလိုပြောမိတော့  ငြိမ်သက်သွားတာတော့
သတိထားမိခဲ့။

လေယဉ်ပေါ်မှာလည်း သမီးငယ်သိပ်မအိပ်။ဟိုတယ်ရောက်တော့လည်း  ဖေဖေ့ကိုစောင့်မှာဆိုပီး connection room ဘက်ပြေးလိုက် ရေချိုးခန်းထဲ ၀င်ပြေးလိုက်နဲ့ သမီးငယ်။ ကျွန်မ အကြံအစည်တွေကို ခလေးနားလည်ဖို့က သိပ်ကို စောလွန်းသည်ကိုး။

အား…ကြာ ပါတယ်။ လေဆိပ်မှာသွားစောင့်မယ် ။ ဟုတ်တယ်.. တရက်စောရောက်မယ်ပြောပြီး ကျွန်မတို့လေယဉ်ပေါ်တတ်ခါနီးမှ သူနောက်ကျမယ်ပြောတာလုံးဝလက်မခံနိုင်ဘူး။ခုလည်း ညနေလေယဉ်နဲ့မှရောက်မယ်ဆိုတာမဖြစ်နိုင်ဘူး။ နေ့လည် Flight  မသေချာဘူးလို့ပဲ ဘူးပြောနေတဲ့ သူ ခုသွားကြည့် ရင် ကျွန်မ မှီနိုင်တယ်။ 

ဟုတ်တယ် ငါ..ခလေးကိုယ် ဟိုတယ်ရဲ့  child play room မှာထားခဲ့မယ်။ ငါသွားမယ်။ 

တစ်ခါတည်း ဖွင့်မေးပီး ကျွန်မဘယ်လိုရန်တွေ့မလည်း။ မျက်နှာကို ကုတ်ခြစ်ပလိုက်ရမလား။ အိတ်တွေကို ထိုးခွဲ လိုက်ရမလား ။ရေချိုးခန်းထဲမှာ ရေပန်းအရင်ဖွင့် တီဗီဖွင့်ပီး အော်ဟစ်ပလိုက်ရမလား။  သူ့အတွက်ပါလာတဲ့ ဂေါက်အိတ်ကို သူ့ရှေ့မှာတင် ကျွန်မလက်သည်းနီတွေ မှောက်လိုက်ရမလား ။ မနက်ဖြန်ပြန်ဖို့ လေကြောင်းလိုင်းကို သူ့ ရှေ့မှာ ဘိုကင်ပြောင်းမလား။ သမီးငယ်နဲ့သူ့ကို ထားပီးကျွန်မ ထွက်သွားမလား။ သမီးငယ်ကို အကုန်ရှင်းပြမလား ……………..


လေဆိပ်အ၀ကနေ ပြုံးရွင်စွာထွက်လာပီး  အိတ်ကို ကူသယ်ပေးနေတဲ့ ထိုမိန်းမရဲ့ မျက်နှာ. တတွတ်တွတ်ပြုံးရွင်စွာပြောလိုက် အိမ်ကလူကို တွန်းလိုက် စိတ်ဆိုးတဲ့ပုံလုပ်လိုက်နဲ့ ထိုအမျိုးသမီးမျက်နှာက ကျွန်မထက် အသက် ၉ နှစ်နီးပါးကွာခြားတယ်ဆိုတာ ဘုရားစူး။
ကြည့်စမ်း ကျွန်မနဲ့ချိန်းထားတဲ့နေရာကို လိုက်လာရဲပီး ကျွန်မပြန်မှ သူတို့ဒီမှာ ဘာဇာတ်ခင်းကြမလည်း ကျွန်မ သွေးတွေတပွက်ပွက်ဆူလာပီး လေဆိပ်လုံခြုံရေးရှိမရှိ သတိကြီးစွာကြည့်လိုက်တယ်။

မရတော့.. လုံးဝမရတော့....ကျွန်မရဲ့  ပိုက်ဆံအိတ်ထဲမှာရှိနေတဲ့ မျက်မှန်ဘူးကို ရုတ်တရက်ဆွဲထုတ်ပီး သူ့တို့ဆီ အပြေးသွားပီး မျက်မှန်ဘူးနဲ့ ထိုအမျိုးသမီးမျက်နှာကို ပေါက်လိုက်ပေမယ့် တုန်ရီနေတဲ့လက်တွေကြောင့် ထိုအမျိုးသမီးရဲ့ ရင်ဘက်ပေါ်ကို သာမှန်သွားတယ်။  ရုတ်ရုတ်သဲသဲ မဖြစ်လာခင် ငါ ထပ်လုပ်မယ်လို့ စိတ်ကိုဆုံးဖြတ်တာနဲ့ လက်ကဖုန်းကိုပါဆွဲထုတ်ပီး အိမ်ကလူ မျက်နှာကို ရွယ်လိုက်တယ်။ မှင်သက်မှိနေကြရာကနေ အသက်ဝင်လာကြတဲ့ပုံစံနဲ့ သူတို့နှစ်ယောက် ...
မေ. မင်းဘာလုပ်တာလည်းတော်စမ်း။ မင်း မလုပ်နဲ့  ကိုယ်တောင်းပန်တယ်။ ကိုယ်တာဝန်ယူပါတယ်။
ကိုယ်ရှင်းပါ့မယ်လို့ တတွတ်တွတ်ပြောနေတဲ့ သူ့ကို ကျွန်မ အမုန်းတရားများစွာနဲ့ ကြည့်လိုက်တယ်။ ကျွန်မကြောက်တယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ၇ှုံးနိမ့်မှာ ကျွန်မကြောက်တယ်။

ခံပြင်းမှု့. ရှက်ရွံမှု့ .. နာကျည်းမှု့ များနှင့်အတူ ကျွန်မပါးစပ်ကထွက်လာတာတွေ က 

ဘာ..လူကြီးတွေလည်း ...ရှင်လည်းအရှက်မရှိ... သတိမရှိဘူး လို့ သူမျက်နှာကို ကြည့်ရင်းအော်မိသလို

အထင်သေးစွာ.... မုန်းတီးစွာ... ချိုးချိုးဖဲ့ဖဲ့ ပြောလိုက်ချင်တဲ့ စိတ်တို့နဲ့အတူ

ဟဲ့.. ဒီမှာ ..ငါအကောင်းကြီးရှိသေးတယ် ။ နင်ကြောင်တောင်မနှိုက်နဲ့။ သောက်ရှက်မရှိတဲ့ မိန်းမ 
နင် ရွစရာလူ အဲ့လောက်ရှားလား ။ ငယ်ငယ်ရွယ်ရွယ်ဆိုလည်း ထားပါတော့ ...
ခုတော့….........(ကျွန်မ အော်ဂလီဆန်လာတယ်)
လေဆိပ်ကထွက်လာတဲ့  မျက်နှာပေးနဲ့တအားကို ကွာခြားသွားသော ထိုအမျိုးသမီးရဲ့ မျက်နှာမှာ လူမိသွားတဲ့ကြောက်ရွံမှု့တွေအပြည့်။
တွေ့မယ် နင့်အသိုင်းအ၀ိုင်းကို ငါလာခဲ့မယ်။ နင်  လည်း အရှက်ကွဲစေရမယ်။ 
 ရောင်းနေတော့ မြင့်မြတ်ပါတယ်ဆိုတဲ့ ရတနာ လုပ်နေတဲ့အလုပ်က အောက်တန်းစားအလုပ် ဆိုပီးမရပ်မနားကျွန်မပြောနေမိတယ်။ 
 
ကျွန်မနားကို ရဲတွေရောက်လာပီး ကျွန်မရဲ့ အိတ်ကနေ စဆွဲပါတော့တယ်။
 Mam.. Mam.. please ..follow  us  ဆိုပီးပြောလာတဲ့အခါမှာတာ့ ကျွန်မ ငိုကြွေးမိလိုက်ပါတော့တယ်။

 
မေမေ . မေမေ . မေမေ..မေမေ..မေမေ 
မျက်ရည်လည်ရွဲနဲ့ ကျွန်မကို ကြည့်ပီး သမီးငယ်ကပါမျက်ရည်ဝဲလာတယ်။
ရင်ခွင်ထဲဆွဲ သွင်းလိုက်တဲ့အချိန်မှာပဲ ကျွန်မအိပ်မက်ကို ကြောက်ရွံလိုက်တာ။ ကိုယ်နှုတ်အမှုရာတွေ ကြမ်းတမ်းလိုက်တဲ့ကျွန်မ။
သမီးငယ်ကို ညစာအဖြစ်ခေါက်ဆွဲဗူးလေး ပြုတ်ကျွေးလိုက်တယ်။ ဆောရီးသမီးရယ် အပြင်ထွက်ဖို့ မေမေ့မှာ ခွန်အားတွေမရှိဘူး။ နံရံအပြည့် မှန်တွေထဲမှာ ပေါ်နေတဲ့ ကိုယ့်ကိုကိုယ်
ဟုတ်တယ်.. ကျွန်မမလှဘူး။
 ဟုတ်တယ်.. ကျွန်မ မနူးညံ့ဘူး။ 
ဟုတ်တယ်... ကျွန်မ မာကျောတယ်။  
ကျွန်မ ခွန်အားတွေ ယူနေရပါပြီ။

********************************************
တခါးခေါက်သံအဆုံး ကျွန်မအသက်ကို ပြင်းပြင်းရှုလိုက်တယ်။ 
ကျွန်မတို့သားအမိကို ကြုံးဖက်လိုက်တဲ့ သူ့ကို ကျွန်မ ကြောက်ရွံနေတယ်။ အလိုက်သင့်ပြန်ဖက်ရင်း သူ့ကုတ်အင်္ကျီထဲလက်နှိုက်မိနေတယ်။  boarding pass နဲ့ဗူးလေးတစ်ဗူး......
အခုညနေမှစီးလာတဲ့ ထိုင်ခုံလက်မှတ်တစ်ခု..baggage tag တစ်ခု ၊ ဗူးလေးကို လက်မနဲ့ကော်ပီးသူ့နောက်ကျောကနေ ကြည့်လိုက်တော့ ကျွန်မလက်သည်း ခွံလောက် တဖျတ်ဖျတ် လက်နေတဲ့ အရာနှစ်ခု …
ချစ်တဲ့ မေအတွက်  happy  anniversary…………….

ကို…ကျွန်မ ဒီအလုပ်တွေ စိတ်မ၀င်စားဘူးနော် ကျွန်မ ပြန်ရင်လည်းအဲ့ အလုပ်လုပ်မှာမဟုတ်ဘူးလို့ ဗူးလေးကို သူ့ကုတ်အင်္ကျီထဲပြန်ထည့်ပီး ပြောလိုက်တယ်။

ကျွန်မကို တည့်တည့်ကြည့်ပီး ပြုံးရွှင်စွာနဲ့ သူခေါင်းညိတ်တယ်။ မင်းလည်းဒါပီးရင်   ကျောင်းဆက်မတတ်နဲ့တော့ ကိုယ်အဆင်မပြေတော့ဘူး နေရတာ။

ကျွန်မလေ သိပ်ကို ပျော့ညံ့လွန်းသူပါ။
 နောက်ထပ်အိမ်မက်တွေတော့မမက်တော့ ဘူးလို့ ကဲ ဘယ်သူပြောနိုင်မလည်း...............





လွမ်းလျှက်  
 ကြည်ကြည်

Tuesday, February 5, 2013

Capsule Hotel and Sauna နှင့်မြန်မာပြည်ကခရီးသွား



မြန်မာနိုင်ငံမှာ နိုင်ငံခြားသားဧည့်သည်များအတွက် အခန်းလုံလောက်မှု့ မရှိ ခြင်းများကိုတော့ ခရီးသွားလုပ်ငန်းနှင့်နီးစပ်သူများသာမက မနီးစပ်သူများပါ သိရှိပီးသား သတင်းဖြစ်ပါလိမ့်မည်။
2012 ခုနှစ်ရဲ့ ၃ လပိုင်းကနေ စလို့ Myanmar Boom ရယ်လို့နိုင်ငံရပ်ခြားခရီးသွားများနှင့် ခရီးသွားလုပ်ငန်းအေဂျင်စီတွေက ဆိုကြပါတယ်။
ခုတော့ Myanmar Boom ဟာတဖြည်းဖြည်းနဲ့ ပြန်ကျလာပါပီလို့လည်း ပြောကြပြန်ပါတယ်။ leisure market လို့ခေါ်တဲ့ အလည်အပတ် သပ်သပ် ခရီးသွားများဝင်ရောက်လာရန် နှင့် တည်ငြိမ်သော ခရီးသွား လုပ်ငန်းဖြစ်လာဖို့ကတော့ နောက်ထပ် ၂ နှစ်လောက်တော့ စောင့်ရပါလိမ့်အုန်းမယ်လို့လည်း ဂျပန်နိုင်ငံက ခရီးသွားလုပ်ငန်းကြီးများက ဆိုကြပြန်ပါသေးတယ်။ 4 stars ကနေအထက်ဟိုတယ် တစ်လုံးပီးစီးဖို့ကို အနည်းဆုံး ၃ နှစ်ကနေ ၄နှစ်လောက်တွက်ချက်ပြသူတွေရှိသလို ဗီယက်နမ် နိုင်ငံမှာ ၁၄ထပ် လောက်ဟိုတယ် တစ်လုံးကို  ၉လလောက်နဲ့ အပြီးဆောက်တာမျိုး ကိုလည်း  ပြောကြပြန်ပါသေးတယ်။ ရုတ်တရက် လုပ်သားအင်အားမလုံလောက်လို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ရပ်သွားရတယ်ဆိုတာမျိုးတွေကို လည်းတွက်ချက်ပြပြန်ပါတယ်။
လတ်တစ်လောမှာတော့ ၀ယ်ပီးသားခရီးစဉ်တွေကလွဲရင် နောက်ထပ် အသစ်သော အလည်အပတ် သီးသန့်ဖြင့် လာရောက်မယ့် ခရီးသွားတွေဟာ မြန်မာပြည်ကို ရှောင်လာကြသလို ကျွန်မတို့ဆီကို ခရီးစဉ် စုံစမ်းမေးမြန်းလာသူများဟာလည်း စီးပွားရေးကိစ္စဖြင့်လာရောက်သူမည့်သူတွေ ကပဲ ၈၀ ရာခိုင်နှုန်းအထက်မှာရှိပါတယ်။
ခရီးသွားလုပ်ငန်းမှာ Business travelers  ဧည့်သည်တွေအပေါ်မှာထက် နယ်မြေဒေသအသစ်ကို လာရောက်လေ့လာမည့် sightseeing travelers   တွေကိုသာရေရှည်မှီိခိုလို့ရမှာပါ။ Travelers များလာမှသာလျှင် အခြေခံလူတန်းစားတို့ရဲ့ ၀င်ငွေပိုမိုရရှိလာမှာဖြစ်ပါတယ်။

တည်းခိုရန်နေရာမလုံလောက်ခြင်းကြောင့် အခန်းခဈေးနှုန်းတွေမြင့်တတ်နေခြင်းဆိုရာမှာ
တည်းမရတဲ့နေရာတွေများလို့  တည်းလို့ရတဲ့နေရာမှာသာ စုပြုံနေခြင်းလို့လည်း မြင်မိပါတယ်။

ဂျပန်လူမျိုးတို့သည် ရေချိုးရန်နေရာကျယ်ကျယ်ဝန်းဝန်းနှင့် ဆောင်းနား (ချွေးထုတ်ခန်း)ရှိသည်ဆိုလျှင် ဘယ်လိုပဲ အိပ်ရအိပ်ရ အိပ်နိုင်သည်ဟုထင်ပါသည်။ ရေချိုးခန်းပါသောဟိုတယ်များတွင်နေသော်လည်း အများသုံး ရေပူစိမ်ကန်ကျယ်ကျယ်ဝန်းဝန်းရှိသည်ဆိုပါက မိမိအခန်းတွင် မချိုးပဲ ရေပူစိမ်ကန်ကျယ်ကျယ်ဝန်းဝန်းတွင်သွားရောက်ချိုးကြသည်ကိုက ဂျပန်လူမျိုးတို့ ၏ အလေ့အကျင့်များဖြစ်ပေသည်။
Capsule Hotel and Sauna  ဆိုသော်ဆိုင်းဘုတ်များအား ဂျပန်နိုင်ငံရဲ့ မြို့ကြီးတိုင်းလိုလိုနဲ့
တိုကျိုမြို့ ရှိဓတ်ရထားလိုင်းပေါ်မှ ဘူတာတွေနဲ့ နီးတဲ့နေရာတွေမှာ တည်ရှိတတ်ပါတယ်။

ကတ်ပစူးဆေးတောင့်သကဲ့သို့ လုံးဝန်းသော အခန်းအနေထားရှိသလို
အခန်းထဲတွင်နေရာအပိုမရှိအောင် ကျဉ်းမြောင်းစွာတည်ရှိသည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။
Luxury Trip မှလွဲ၍ သာမန် ခရီးသွားတို့သည်မိုးလင်းသည်နှင့်ထွက် မိုးချုပ်မှပြန်ရောက်ကြသည်ဖြစ်သည့်အတွက် သန့်ရှင်းသပ်ရပ်၍ လုံခြုံသော ကျေချစရာနေရာတစ်ခုရှိလျှင် ပြည့်စုံပီဖြစ်ပါသည်။
အကြောင်းအမျိုးမျိုးတို့ကြောင့် မိုးချုပ်သည်အထိ အပြင်တွင်၇ှိနေသောသူတို့သည်လည်းကောင်း၊တစ်နယ်မှတစ်နယ်သို့ ညအိပ် အလုပ်ကိစ္စဖြင့်ခရီးထွက်လာရသော  နက်ကတိုင်ဝတ် ၀န်ထမ်းမှသည် လူရွယ်ပိုင်းတော်တော်များများကို လည်း  ထိုသို့သော Capsule ဟိုတယ်များတွင် တွေ့ရှိရလေ့ရှိသည်။
Five Stars Hotel, Business Hotels, Capsule Hotel and Sauna, ryokan (ဂျပန်စတိုင်တည်းခိုခန်း)၊ minshuku (ဂျပန်စတိုင် Bed and Breakfast), ( Love Hotels ဟုခေါ်ကြသော ဟိုတယ် အပေါ်ဘက်တွင်နီယွန်မီးချောင်းများထိန်ညီးအောင်ထား၍ ဟိုတယ် အောက်ခြေ နှင့်ခြံစည်းရိုးအား မီး မှိန်မှိန်ထွန်းထားပေးသော ဟိုတယ်အရောင်မှာလည်း ပန်းရောင်များ  ခရမ်းရောင်များနှင့်တန်ဆာဆင်ထားသည့်) များစွာ ရှိကြပါသည်။
တိုကျိုမြို့  ရှင်းဂျူကုမြို့လည်ခေါင်ရှိ five stars ဟိုတယ်များ ဈေးနှုန်းမှာ နံနက်စာဈေးနှုန်းမပါ ယန်း၂သောင်းကျော်မှစ၍ရှိကာ Business hotel များ မှာ တစ်ညလျှင် နံနက်စာဈေးနှုန်းမပါ ယန်း၇၅၀၀ မှစပါသည်။ five stars ဟိုတယ်များ အခန်းအကျယ်ဝန်းမှာ အနည်းဆုံး 280 sqf ရှိ၍ Business hotel များမှာ
တစ်ယောက်အိပ်ခုတင်တစ်လုံး နှင့်ဘေးတွင် လျှောက်လမ်းသာသာရှိသောအကျယ်အ၀န်းသာရှိလေသည်။
Capsule Hotel and Sauna ဟိုတယ်များမှာကား အောက်ပါပုံအတိုင်း ဖြစ်ပါသည်။



မှတ်ချက်၊   ဓတ်ပုံများအား google image မှယူပါသည်။

ဈေးနှုန်းမှာကား နံနက်စာမပါ တစ်ညလျှင် ယန်း၃၈၀၀ မှ ယန်း ၄၀၀၀ထက်မပိုပေ။ အခန်းထဲတွင်ကား တီဗီ၊ နံရံကပ်စာကြည့်မီးလုံးငယ်၊ နံရံကပ် မီးခိုးငွေသတိပေးစနစ်၊ အရေးပေါ်ဓတ်မီးငယ်၊ နံရံကပ် အပူအအေးပေးစက် များတပ်ဆင်ပေးထားပါသည်။
 Five stars hotel  မှသည် capsule ဟိုတယ်အထိ တူညီသည်မှာ အနံသက်ကင်း၍ သန့် ရှင်းသောပတ်ဝန်းကျင်ရှိကာ ပိုးသတ်ထားသော အိပ်ရာခင်းတို့ ဖြင့် ဖြူဖွေးတောင့်တင်းနေမှု့များဖြစ်သည်။
မြန်မာပြည်ရှိ Guest house များ INN များ Motel အများစုတို့မည်သည် Capsule ခန်းထက်သာလွန်သော်အကျယ်အ၀န်းရှိလေသည်။
တစ်ဦးတစ်ယောက်တည်း ခရီးထွက်လာသူများ၊ ကျောပိုးအိတ်သမားခရီးသွားများနှင့် အတွက်
အိပ်ချိန်ရှည်ကြာစွာမလိုအပ်သူများ အတွက်  ကျယ်ဝန်းသောအခန်း နှင့် ပြည့်စုံသော နံနက်စာထက် သန့်  ရှင်း၍ သပ်ရပ်သော အိပ်စက်စရာနေရာတစ်နေရာ သာလိုအပ်ပါသည်ဆိုလျှင်
ကျွန်မတို့မြန်မာနိုင်ငံရှိ ကျောချစရာနေရာ ရောင်းနေသော ဆိုင်းဘုတ်ရွဲ့စောင်းကာ ချေးအထပ်ထပ် ရှိသော လှေကားနှင့်  ဟိုတယ်အမည်ခံထားသော၊တည်းခိုခန်းအမည်ခံထားသော အိပ်ယာများစွာတို့အား လုံခြုံ၍ သန့်ရှင်းသော အိပ်ယာအဖြစ်ပြောင်းပေးမည် ဆိုပါက  လတ်တစ်လောတွင် လိုအပ်လျှက်ရှိသော အခန်းဈေးနှုန်းကြီးမြင့်မှု့ပြသနာ . အခန်းမလုံလောက်မူ့  ပြသနာ များအတွက် ဖြေရှင်းပေးနိုင်လိမ့်မည့်ဟု ယုံကြည်ပါသည်။
ဂျပန်နိုင်ငံမှ ဂျပန်လူမျိုး အခြေခံဝန်ထမ်းလစာ  ၁၄၀၀၀၀ ယန်းမှ တစ်ညလျှင် ယန်း၄၅၀၀ အခန်း တည်းလျှင် တည်းခိုသူမှာသူ့ ဝင်ငွေ၏ ၃.၂ % နှုန်းခန့့်ဖြစ်၍   မြန်မာပြည်ရှိ    မြန်မာလူမျိုး အခြေခံ ၀န်ထမ်းတစ်ဦးလစာ   ၇၀၀၀၀ ကျပ်ငွေမှ အနိမ့်ဆုံး တည်းခိုခန်းခ ၆၀၀၀ ကျပ်ဆိုလျှင် ၀င်ငွေ၏ ၈.၅ %နှုန်းခန့်  ဖြစ်ပါသည်။ ယခုလက်ရှိ နိုင်ငံခြားသားများ တည်းခိုနေသော ရန်ကုန်မြို့ ပေါ်ရှိ အနိမ့်ဆုံး Guest house များမှာ ခေါင်းအုံး တစ်လုံး  စောင်တစ်ထည် အသံမည်သော အဲယားကွန်းနှင့် ဆေးလိပ်နံ စွဲနေသော အခန်းများမှာ တစ်ညလျှင် ၁၁ ဒေါ်လာမှ ၂၅ ဒေါ်လာအထိ ဖြစ်ကြပါသည်။ 

   kosan / ခရီးသွားဆိုသော ကလောင်အမည်ဖြင့်  ၂၀၁၂ ခုနှစ်တွင် ၏Life and Success ဂျာနယ်တွင် ပါရှိုပြီးဖြစ်ပါသည်။

ခရီးသွားလုပ်ငန်းနှင့်ပတ်သတ်တဲ့ ပို့စ်တွေ အချိန်ရသလောက်ရေးသွားမှာဖြစ်ပါတယ်။


လွမ်းလျှက် 
ကြည်ကြည်



Thursday, January 3, 2013

အက်ကိုး (ပဲ့တင်သံ)


「遊ぼう」っていうと
  「遊ぼう」っていう。

  「ばか」っていうと
  「ばか」っていう。

  「もう遊ばない」っていうと
  「遊ばない」っていう。

  そうして、あとで
  さみしくなって、

  「ごめんね」っていうと
  「ごめんね」っていう。

  こだまでしょうか、
  いいえ、だれでも

asobou te iu to
asobou  te  iu
bakatte iu to
bakatte iu

mouasoba nai te  iu to
asobanai te iu

soshite  atode sabishiku natte
gomen ne te iu to
gomen ne te iu

kodamadeshouka,
iie , daredemo


ပဲ့တင်သံများလား

ကစားရအောင်လေ လို့ပြောတော့
အင်းကစားရအောင်လေ …..
သွား..အရူး…လို့ ပြောတော့
သွား..အရူး… တဲ့
တော်ပီ မကစားတော့ဘူး ပြောတော့
တော်ပီ မကစားတော့ဘူးတဲ့..
ဟော ..
မကြာခင် အထီးကျန် ဆန်လာသလိုဖြစ်တော့
တောင်းပန်တယ်နော်
လိုကျေးအေးတော့
တောင်းပန်တယ်နော် တဲ့


ရေးသူက  ဂျပန်အမျိုးသမီး ကဗျာဆရာမ သီချင်းရေးသူ  kaneko Misuzu (1903-1930) က ရေးတဲ့စာကို ထုတ်ဝေသူ ဂျပန်လူမျိုး Mr. Yasaki Setsuo ကနေ အောက်ပါအတိုင်းပြန်ပီးရေးပါတယ်။


ကျွန်တော်တို့တွေဟာ ပဲ့တင်သံရဲ့ခေတ်တစ်ခုမှာ ကြီးပြင်းခဲ့ကြပါဖူးတယ်။
ချောလဲလို့
နာလိုက်တာ လို့ပြောရင်
ကျွန်တော်တို့ပတ်ဝန်းကျင်က နာတော့ပေါ့ နာလိုက်တာလို့ ပဲ့တင်သံပြန်လာပေးကြပေမယ့်
အခုကျွန်တော်တို့ရဲ့   ခေတ်ရောက်လာတော့
နာလိုက်တာလို့ ဆိုလာတဲ့ စကား ကို မနာပါဘူး လို့  ပြန်ပြောခံရပါတယ်။
တစ်ကယ်တော့ နာလိုက်တာ လို့ ပြောလိုက်လို့ နာလိုက်တာလို့ ပြန်ပီး ပဲ့တင်သံကြောင့် ကျွန်တော် တို့ရဲ့နာကျင်ချင်းတစ်ဝက်ကို ခွဲပေးရလိုက်လို့ ပေါ့ပါးသွားတဲ့အရာနဲ့
ပတ်ဝန်းကျင်ရဲ့ ပဲ့တင်သံမရှိတဲ့အခါမှာတော့ နာကျင်မှု့ ၁၀၀ ရာခိုင်နှုန်းကို ကျွန်တော် တို့ပဲ ခံစားပီး
မျှဝေမခံစားပေးတဲ့ ပဲံ့တင်သံမရှိတဲ့ ပတ်ဝန်းကျင်တစ်ခု အဖြစ်ပြောင်းလည်းလာနေတာတော့ အမှန်ပဲ  မဟုတ်လား .။


ကြည်ကြည် လည်းပဲ
ချစ်သူနဲ့ ကွဲလို့ ခံစားနေရတဲ့ ကျွန်မသူငယ်ချင်းတစ်ယောက်ကို ကျွန်မ သူနဲ့ အတူဝင်ပီး ခံစားပေးလိုက်တယ်။
သူငိုသလို ငိုတယ်။ သူဒေါသထွက်သလို ထွက်ပေးလိုက်တော့ ကျွန်မသူငယ်ချင်း ခံစားမှု့တွေ ပေါ့ပါးလာတာကို တွေ့ရတယ်။
အဲ့အချိန်မှာသာ သူ့ကို ခံစားမနေစမ်းပါနဲ့ ဟာ သူကြင်မှ ကိုယ်ကြင်ပေါ့လို့ပြောလိုက်ရင်  ခံစားနေတဲ့သူမ ဟာ
ကျွန်မစကားတစ်ခွန်းကြောင့် အားတင်းသွားရင်တော့ကောင်းတာပေါ့ကွယ်။ အဲ့လိုမဟုတ်ပဲ ပတ်ဝန်းကျင် သို့မဟုတ် အနီးစပ်ဆုံးကျွန်မကို ရှက်ရွံအားနာတာနဲ့ သူဘာသာသူ သပ်သပ်တိုးတိတ်စွာ ထပ်ခံစားနေမှာကို မလိုလားမိလို့ပါပဲ။



လွမ်းလျှက် 
ကြည်ကြည်