Wednesday, March 30, 2011

ပြန်လာပါပြီရှင်.. ကျန်းမာပကတိ အကောင်းတိုင်းရှိနေပါ၏။

ချစ်ခင်သော မောင်နှမများ အားလုံး... မေလ်းနဲ့ တစ်မျိုး ဖုန်းနဲ့ တစ်ဖုံ   စိတ်ပူပေးကြတာကျေးဇူးပါရှင်။
အိမ်က ညီမလေးချစ်စနိုးနဲ့  ပြောသလိုဆိုရင်  မကြီးကို သမီးတို့ ကပဲ မေတ္တာပျက်တာ ။ ကျန်တဲ့သူတွေ က အတော်မေတ္တာရှိကြတာပါလား  ၅ နှစ်လောက်  အဆက်အသွယ်မရှိသူတွေကလည်း သူတို့ ကိုယ်သူတို့
ပြန်မိတ်ဆက်ပြီး သတင်းမေးကြသတဲ့ . လာလိုက်တဲ့ဖုန်းတွေ ဖြေနေရလိုက်တာတဲ့။ 

ကြည်ကြည်  ဘယ်ရောက်နေသနည်းး)

မောင်နှမတွေကို ဒိုင်လျှိုပြီး ခရီးသွားတာပါ။  ကြိုတင်သာပြောသွားရင်း  စိတ်ပူကြမှာမဟုတ်ဘူး။


၇ ရက်နေ့ တိုကျို
၈ ရက်နေ့  တိုကျို  ဟနေဒါ ကနေ  ကွာလာလမ်ပူ 
၁၁ရက်နေ့  ကေအယ် ကနေ  စ ကို ကူးတော့  ဘက်စ် ကား ပေါ်ကို မက်ဆေ့ခ်ျ ရန်ကုန်ကနေ
ဝင်လာတယ်။  နေ့ လည်  ၂ နာ၇ီလောက် စ ရောက်တော့ ရောက်ရောက်ခြင်း သတင်းကြည့်တော့  ကြေကွဲစရာ။   တိုကျို ဘက်ကို  လွန်ခဲ့တဲ့ အနှစ်  ၅၀ လောက် ကတည်းက  ခန့် မှန်းထားတဲ့ ငလျှင်ကြီးလှုပ်မယ်လို့   ခန့်မှန်းခဲ့ကြတယ်လို့   ဆိုနေကြတာ  ခန့်မှန်းထားတဲ့ နှစ် ၅၀ ဆိုတာကလည်းဒီ နှစ်ပိုက်း အတွင်းတွေ မှာ ပြည့်နေပြီလေ။  တကယ်ပဲ မှန်သွားလေသလား  ။ ကြည့်ရင်းနဲ့
မြို့ တစ်မြို့ လုံးပျောက်သွားလိုက်တာ။  ကမ္ဘာကြီးဟာ ဘယ်နေရာမှာ မှ  စိတ်မချရလေတော့သလား။

ခရီးကတော့
သူငယ်ချင်းတွေနဲ့ လာကြတဲ့ခရီးပါ  ။ ခရီးသွားရင်း ဇတ်လမ်းလေးများရမလားလို့  လမ်းမှာ လေယဉ်ခုံဘေးချင်းကပ်ပဲ ဖြစ်ဖြစ်  ၊ပန်နီဆူလာ မှာ  မြန်မာချောချော ကြီးတွေ များ တွေ့ မလားပေါ့ ။
မလေးမှာပဲ  နည်းနည်း အာပြိုလုပ်လိုက်ရတယ်။  စ ကိုရောက် တဲ့ နေ့ ညမှ ပဲ  ကိုယ့်တံခါး လာခေါက်ခံရတော့   အိုး ရင်တွေ ပန်းတွေ တုန်လို့  ။  တံခါးဖွင့်လိုက်တော့  ကတုံးကြီးနဲ့  လူကြီးတစ်ယောက်  ...အိုးမိုင်ဂေါ့  အခန်းမှားသလား ။ ဘယ်ဟုတ်မလည်း  လွန်ခဲ့တဲ့ နှစ်ပတ်လောက်က  ဗုဒ္ဓဂါယာမှာ ဘုန်းကြီးဝတ်တဲ့ ကိုယ့် အချစ်... သူ ဘုန်းကြီးဝတ်တာ မလာလို့ စိတ်ကောက်နေတာ။ ကိုယ့်မှာလည်း   သူများတစ်ကယ်
ဝတ်သွားမလား စိတ်က တစ်ထင့်ထင့် ။စိတ်က မပြတ်နိုင်တော့ မသွားဘူး  ငရဲကြီးမှာစိုးလို့ ။ လူထွက်ပြီးတာနဲ့
သူက ဟောင်ကောင် .၊ မကာအို တဲ့
 သူ့ အလုပ်ကိစ္စနဲ့ အသွား ကိုယ်ကလည်း နာ့သူငယ်ချင်းတွေနဲ့ နာသွားမှာ ဘာဖြစ်လည်းဆိုပြီးတော့ကို ထွက်လာတာ။ ကိုယ်တော်က လိုက်လာတယ်။  မမချစ် ( ချစ်ကြည်အေး) ကတော့ ပြောရှာပါတယ်။ ကြည်ကြည်တစ်ယောက်  အာပြို မလုပ်နိုင်တော့ဘူးတဲ့း)။

၁၄ ရက်နေ့ ကြတော့ ဘာလီကိုကူးကြတယ်။  ကို AATO နဲ့ တော့  ဖုန်းပဲ ရလိုက်တယ်။
ခရီးစဉ်အတိုင်းဆိုရင် ၁၇ရက်နေ့  ဂျပန် ပြန်ရမှာ။ လေယဉ်ကလည်း တိုကျို ကို ပြန်စီးရမှာ ။ ဈေးအပေါ်ဆုံးလက်မှတ်ဆိုတော့ တိုကျိုကနေ ထွက်တာ။ အိမ်က လူကြီးက စ မှာကတည်းက  မြန်မာပြည်ပြန်လိုက်ဖို့  ဖိအားပေးနေပြီ။ ဘာလီလည်း လိုက်လာတာပဲ  ။ နောက် ဘာလီနောက်ဆုံးည ဆုံးဖြတ်ချက်ချကြတယ်။ ဂျပန်ကို မပြန်ကြတော့။  အင်ဒိုနီးရှား ၂ ယောက်က ဂျကာတာ ပြန်လေသတည်း။
မွန်ဂို နဲ့ စပိန်က ဘာလီမှာ ၄ ရက်ထပ်နေပြီး အခြေအနေကြည့် ။ ဥဇဘက် ကစ်စတန် ၂ယောက်က သူ့ 
သံရုံးက ဖုန်းလာသည်။ လေယဉ်အဆင်သင့် ရှိသည် ။ ပြန်မယ်ဆိုလျှင်  လာခဲ့ပါတဲ့။ ဒီတော့  ဘာလီ -မလေး - တိုကျိုပြန်မယ့် လက်မှတ်အဆုံးခံ။

ဒါဆို ဒီမြန်မာမလေးကရော...

မမက  မောင်ခေါ်ရာလိုက်မှာလား  အဲ့လေ.. ....

အိမ်ကလူကြီးက လာခဲ့ စ ကိုပြန်ကြမယ်။ သူ့ လက်မှတ်က စ ကနေ မြန်မာပြည်ပြန်ရမှာကိုး။
မနက် ဂိုးရှိုးဖြင့် အားလုံး လေဆိပ်သို့ ချီတတ် ကြ။ ကိုယ်တို့ နှစ်ယောက်က  စ သို့ ပြန်ဝင်  ၂ ရက်လောက်နေကြ.။ မြန်မာပြည်သို့  ၁၉ ရက်နေ့ ရောက်။

 အမချစ် ရိုက်ပေးသောပုံ.....
 မလေး ရှား ...
ဘာလီ  ဘနားနား ဘုတ်

ခု  ဂျပန်ပြန်ရောက်ပြီ။ ခုလေးတင်ရောက်တာ ...
နောက်မှ အသေးစိတ်ရေးမယ်နော်။

Sunday, March 6, 2011

ခေါင်းစဉ် မတပ် တတ်သော ပို့ စ်

ကျွန်မမျက်ရည် လွယ်တယ်။ ဘာကြောင့် ငိုခဲ့လည်း ဆိုတာကိုတော့ အမှတ်မရတာ များတယ်။
အမှတ်ရစရာ မကောင်းလောက်တဲ့ ငိုချင်းတွေ များခဲ့လိုလည်းဖြစ်မယ်။
ဒါပေမယ့် မှတ်မှတ်ရရ ငိုခဲ့ဘူးတဲ့ အကြောင်းအရာအချို့ လည်း ရင်ထဲမှာ ခုချိန်ထိ ကျန်နေတုန်း။ အဲဒီ့ရင်ထဲမှာ ကျန်နေပါတယ်ဆိုတဲ့ငိုချင်း အချို့ မှာ ချစ်သူနဲ့ကွေ့ကွင်းရလို့ ငိုရတဲ့အငို၊ ကျရှုံးမှု့တွေကြောင့်ငိုရတဲ့အငို၊ သူတစ်ပါး ချောက်ချလို့  ငိုရတဲ့အငိုတွေ တစ်ခုမှ မပါဘူးဖြစ်နေတယ်။ ဒါဆိုဘာအတွက် ကျတဲ့မျက်ရည်လည်း။
ငိုချင်း ၁။
စည်သူလွင်ဆိုတဲ့
အဖေက အသက် ၆၀ ပင်စင်ပြည့်လို့ အထုပ်ထမ်းအပြန် ကျွန်တော့်ရဲ့ အမေ 
ဝါးဒနိတွေသယ်ကာလေ အကျော်ဆိုင် လေး ကားဂိတ်ဘေး  ဒီသီချင်းကိုကြားတော့  ကျွန်မဟာ သီချင်းထဲက စာသား ကောင်မလေးကို ကျောင်းမုန့် ဆိုင် မခေါ်နိုင်တာထက်  သာမန်ဝင်ထမ်းဘ၀ ရိုးသားကြိုးစားစွာအသက် ၆၀ ပြည့် တဲ့အထိ လုပ်ကိုင်ခဲ့ပြီး  ပင်စင်ယူမှ ဘ၀ကို အကြော်သည် ဘ၀နဲ့ပြန်စရတဲ့ ခေတ်ရဲ့ အဖြစ်အပျက်ကို တနုံနုံ ခံစားခဲ့ရတယ်။ သူများနိုင်ငံမှာ သာမန်  ၀န်ထမ်းတွေ ပင်စင်ယူပြီးတဲ့အချိန်မှပဲ   ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို လွပ်လပ်စွာ သင်ယူမယ့်သူတွေ ၊  ခရီးထွက်မယ့်သူတွေ ၊ကျန်ရှိတဲ့  ဘ၀တစ်ခုကို အနည်းဆုံးတော့ အပူပင်ကင်းစွာ နဲ့
 ဖြတ်သန်းကြတော့မယ့်သူတွေ ကိုမြင်ခဲ့တွေ့ခဲ့ရတော့ တို့ ဆီက ပင်စင်စားတွေရဲ့
ဘ၀ တစ်သက်လုံးလုပ်ခဲ့ရတဲ့ အလုပ်လည်းပြီးရော ၆၀ကျော်မှ အကြော်တဲ စပြင်ရပါလားဆိုတာကို တော့ရင်ထဲံမှာ မကောင်းလှဘူး။
တနေ့ အမေနယ်ပြန်တော့ မြို့ အ၀င်မှာ တဲလေးထိုးပြီး သစ်ကိုင်းခြောက်တွေ လိုက်ကောက်နေတဲ့ အဘွားကြီးတစ်ယောက် တွေ့ တော့ မေမေက တူပါတယ်ဆိုပြီး ခဏလေး မေမေ နှုတ်ဆက်ကြည့်မယ် ဘယ်လိုဖြစ်တာပါလိမ့် ဆိုပြီး နှုတ်ဆက်တော့ မေမေ့အသိဖြစ်နေတယ်။  အဲ့ဒီ့မှာ အသက် ၆၀ကျော်ပင်စင်ယူပြီး စစ်တပ်ကနေ  အရာခံဗိုလ် အဆင့်နဲ့ ထွက်လာပါတယ်လို့ အဘိုးကြီးက မျက်ရည်စမ်းစမ်း နဲ့ပြောရှာပါတယ်။  ကျွန်တော့်တို့ ခုမှ ဘ၀ပြန်စရပြီ ဗျာ ဆိုတော့
ကျွန်မ စည်သူလွင်သီချင်းကို နားထဲကနေကြားယောင်လာတယ်။ ဖြုတ်ကနဲ ကျသွားတဲ့မျက်ရည်ဟာ ပုဂ္ဂိုလ်ခင်လို့ တရားမင်လိုက်တဲ့ မျက်ရည်မဟုတ်ဘူး ဆိုတာတော့သေချာတယ်။

ငိုချင်း ၂။
နာဂစ်ပြီးစမှာပဲ  ရင်းနှီးတဲ့ ပတ်သတ်ရာပတ်သတ်ကြောင်း ဂျပန်တွေက ချက်ချင်းဆိုသလို မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေ ကိုသွားလှူချင်တယ် လို့ပြောလာတယ်။ သက်ဆိုင်ရာကိုဆက်သွယ်ပြီးဘာလိုလည်း မေးတော့ ဘုန်းကြီးကျောင်းမှာလာနေရတဲ့လူတွေ ကို လိုချင်တာလာမေးမလားလို့ ဖိတ်ခေါ်လာတယ်။ ဒါနဲ့ပဲ ဒလ ကိုကူးသွားတော့ ဒလက ဘုန်းကြီးကျောင်းမှာ နေတဲ့သူတွေက ခြင်ထောင်ရရင်ကောင်းမယ်။ခြင်ကိုက်တယ် တဲ့။မိသားစုခြင်ထောင်ကြီးကြီးတွေ လိုချင်တယ်တဲ့။ ဒါနဲ့အလှူရှင်ရောက်လာတော့ သိမ်ကြီးဈေးထဲ ခြင်ထောင်တွေ ရသလောက်လိုက်
ဝယ်ကြတယ်။ဆိုက်စုံ အလုံး ၂၀၀ကျော်ရတယ်။ တံဆိပ်တွေ ကပ်အပြီး သွားလှုမယ်ဆိုတော့
အိမ်ကရော ရုံးကရော ကျွန်မကို မသွားစေချင်ကြဘူး စိတ်ပူတာပါသလို မမြင်သင့်တာတွေ မြင်ပြီး ကျွန်မလန့် လာမှာစိုးလို့ ။ အင်တာနက် က ကြေကွဲဖွယ် ပုံတွေခုထိ ကျွန်မ သေချာမကြည့်ရဲဘူး ။
ဒီလိုနဲ့ ခြင်ထောင်တွေသယ်ပြီး အဲ့ဒီ့ဘုန်းကြီးကျောင်း ရှိရာ ဟိုဘက်ကမ်းကိုသွားပြီး လှူခဲ့တယ်။ အပြန်မှာ ခလေး၃နှစ်သားနဲ့  ၅နှစ်သားလေးတွေ ရှိနေတဲ့ မိသားစုတဲကလေးတစ်လုံးကို တွေ့တော့ အလှူရှင် ရော ကျွန်မရော ၀င်မိတယ်။ မိသားစုရဲ့ ပုံစံကိုကြည့်ပြီး  အလှူရှင်ဟာ မျက်ရည်ဝဲ နေတယ်။
ကျွန်မလည်းမခံစားနိုင်ဘူး ။ ပါလာတာလေးပေးပြီး ရင်ထဲမှာတော့ အတော်ကို နာကျင်ပြီး မခံစားနိုင်ဘူး။
သူတို့မိသားစုနဲ့
ကျွန်မတို့ အပြန်အလှန် စကားတွေ အများကြီးမပြောကြဘူး။  သူတို့ ရဲ့ ကျေးဇူးတင်တဲ့ မျက်လုံးတွေကို နားလည်တယ်။   တဲရဲ့ဘေး ရေစပ်စပ်ကလေးမှာ  ဒန်အိုးအဖုံးထဲ အနီရောင်သန်းနေတဲ့ ထမင်းကို ငါးပိစိလေးတွေကို  ကျော်ချက်ပုံစံလေး နဲ့ ထည့်ပြီး မိန်ရှက်စွာစားနေတဲ့ ခလေးနားကို ဂျပန်က ဒူးထောက်ပြီး သကြားလုံးလေးပေးတော့ အဲ့ဒီ့ ၃ နှစ်သားအရွယ်ခလေးက သူစားနေတဲ့ ထမင်းပန်းကန်လေးကို   ဂျပန်ဦးလေးကြီး ကို လှမ်းပြီး စားပါအုန်းဆိုတဲ့ အမူုအယာလေးနဲ့
ကျွေးတယ်။ ဒီကလေးဟာ သူကိုယ်တိုင်လည်း ဗိုက်ဆာနေသလို ရှိတာနဲ့ စားနေရတဲ့ဘ၀မှာ
သူ့ နားလာသူဟာလည်း သူ့ လို ဘ၀တူ ပဲလို့ ထင်ပြီးကျွေးလိုက်တာ။ သူ့ မျက်လုံးလေးတွေ ကို ကြည့်ရင်း ကျွန်မနားလည်လိုက်တယ်။
ဂျပန်ဦင်္းလေးကြီးရဲ့ အင့်ကနဲ့ ရှိုက်လိုက်သံ ကျွန်မကိုယ်တိုင်လည်းကြားလိုက်တယ်။
အဲ့ဒီ့ည က ကျွန်မ အိမ်ရောက်တော့ အတော်ကို သည်းသည်းထန်ထန်ငိုနေမိတယ်။ အိမ်ကလူတွေ က ကျွန်မဘာတွေမြင်ခဲ့လို့ လည်းဆိုပြီးပဲ စိတ်ပူနေတယ်။

(အဲ့ဒီ့နှစ် ၉ လပိုင်းမှာ ဂျပန်ကို ကျွန်မ အလုပ်ကိစ္စနဲ့လာတော့ ဂျပန်အဘိုးကြီးတစ်ယောက်အိမ်ကို သွားလည်တယ်။ ၂၀၀၇  သူမြန်မာပြည် လာတုန်းက ရိုက်ထားတဲ့ ပုံတွေ ထုတ်ပြတယ်။ ၂၀၀၇ ခုနှစ်သူသွားတဲ့ အချိန်မှာ တွေ့ မြင်ရတဲ့ ဒလ ဟာ သူ ဂျပန်ခေတ် တုန်းက ရန်ကုန်မှာနေဖူးတုန်းက သွားလည်တဲ့ ဒလနဲ့ ဘာမှ မကွာခြားပါလား ။ခု မုန်တိုင်းထိတော့ ဘယ်လိုများပိုဆိုးလည်းလို့ မေးရှာတယ်)

ငိုချင်း ၃။
မှတ်မှတ်ရရ သားအကြီင်္းကိုမွေးအပြီး ၄၅ ရက်ပြည့်လောက် ဖြစ်မယ်။ အမျိုးသမီးဆေးရုံရှေ့နားက မီးပွိုင့်
မိနေတုန်း  ကိုယ့်လိုပဲ ဆနွင်းတွေ ၀ါဝါ၀င်းဝင်းနဲ့ အမျိုးသမီးတစ်ယောက် ခလေးသေးသေးလေးရင်မှာပိုက်လို့  ကားနားကပ်လာတယ်။ အားနည်းနေတဲ့ ပုံနဲ့ အမျိုးသမီး သူ့ ရဲ့
 နို့ ပိန်ပိန်လေးကို အငမ်းမရ ဆွဲနေတဲ့ ရက်သားအရွယ်ခလေးငယ်။  အမျိုးသားက ကိုယ်ဝန်နဲ့ ကတည်းက ပြစ်သွားတယ်။ ခုရွာပြန်ဖို့ ပိုက်ဆံမရှိဘူုးတဲ့။ သူဟာ တစ်ကယ်ကို ခလေးမွေးထားသူ ဆိုတာ မွေးထားသူအချင်းချင်းနားလည်လိုက်တယ်။ သူ့ကို ကူညီလိုက်ပြီး ဒီလူ့လောကရယ်လို့ စရောက်လာကည်းက  လမ်းမပေါ်မှာတောင်းနေရတဲ့ လူမမယ်ကလေးလေး အကြောင်းတွေးရင်း  တလမ်းလုံး သည်းထန်စွာ ငိုလာမိတယ်။
ဒီလိုအမျိုးသမီးတွေ  ဒီလိုခလေးမျိုးတွေ ဘယ်လောက်တောင်ရှိနေမလည်း ။ ငါ ဘာလုပ်ပေးနိုင်မလည်း ဆိုတဲ့ အတွေးနဲ့အတူ ဘာကိုစိတ်တိုမှန်းမသိ ဘယ်သူ့ ကိုစိတ်တိုမှန်းမသိခဲ့။

ငိုချင်း ၄။
အိမ်ထောင်မကျခင်အထိတော့  မိဘမဲ့ ခလေးတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေ မှာ နှစ်စဉ်လှူတဲ့ အလှူတွေ၊အိမ်ရှိ အိမ်သားတွေ ရဲ့မွေးနေ့ တိုင်း ထမင်းကျွေး လစဉ်လိုအပ်တာ
ဝယ်ပေးတိုင်း  ပိုက်ဆံပဲ အလှူထည့်ပေးခဲ့တယ်။ ညီမဖြစ်သူ ခေါက်ဆွဲတွေ ၊ကြာဇံတွေ ဓမ္မာရုံကနေ အိုးတွေ၊ ဒယ်တွေ ငှားပြီးကျော်လှော်  ကားပေါ်တင်ပြီးသွားလည်း ခလေးတွေကိုကျွေးတာသိနေတော့ လိုက်သာသွားတယ် မပြီးခင် အရင် ပြန်လာခဲ့တာများတယ်။ သူက ခလေးတွေ ဆီအသွားများသလို ကျွန်မကတော့ နှင်းဆီကုန်း ၊စိတ်ကျန်းမာရေး ဆေးရုံနဲ့ သံယာ့ဆေးရုံကိုပဲ အသွားများခဲ့တာကိုး။
အိမ်ကတော့ ငွေပဲ လှူမနေနဲ့ လူကိုယ်တိုင်လည်း ကူအုန်း အမြဲပြောတာတော့ ၀န်ခံပါရစေ။
 ဒီလိုနဲ့ သားကြီး ရက် ၃၀ ပြည့်မှာတော့  ခလေးတွေ ရှိတဲ့နေရာ ကိုရောက်ခဲ့ပြန်ရော။
 အ၀တ်မစုံမလင် ခြေထောက်မှာ ဒဏ်ရာ ဗရပွနဲ့  ထမင်းကို မိန်ရေရှက်ရည်စားနေကြတဲ့ခလေးတွေ ကြည့်ရင်း ရင်မှာ ဆို့ နင့်လာတယ်။ ညီမဖြစ်သူက သူကိုယ်တိုင်ဘာကြောင့်အလုပ်ရှုပ်ခံပြီး ချက်ရလည်းဆိုတာ သိပြီလား။ လက်ရာအပြောင်းအလဲမှာ ခလေးတွေစားကောင်းအောင်လို့တဲ့။
ထမင်းစားပြီးတော့ ကျောင်းထိုင်ဆရာတော်က ကလေးတွေ  လာကြဟေ့ အလှူရှင်ကို ကျေးဇူးစကား
လာဆိုလို့ လည်း အော်လိုက်ရော
ခလေးတွေ ပြေးလာပြီး  ကျေးဇူးစကားကို သေချာညီညွတ်စွာဆိုကြပြီး  ထိုင်ကတော့လိုက်တဲ့ အချိန်မှာ
ခုချိန်ထိ ကိုယ့်အထက်  မိဘ မောင်နှမတွေကိုပဲ ကန်တော့ခဲ့ဖုူးသူကျွန်မ။ ယခု ကိုယ်တိုင်ပထမဦးဆုံး အကန်တော့ခံလိုက်ရတဲ့အချိန် သူတို့ ကို လာကျွေးမွေးလို့ သူတို့ ကန်တော့တာကို သိလိုက်ရတော့ ကျင်ကနဲနေတဲ့ ခံစားမှု့  သားသမီးအရွယ်လေးတွေ ကို ကြည့်ရင်း အိမ်အပြန်လမ်းမှာ ရှိုက်ပြီးငိုခဲ့ဘူးတယ်။

ပွင့်သောပန်းတိုင်းမွှေးစေချင်ပါတယ်ခလေးတို့ရေ



ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် ပို့ စ်တွေ တစ်ခုပြီးတစ်ခုတင်နေမိပေမယ့် ဘလော့ ၃  ပတ်လောက် နားပါအုန်းမယ်။   ကျွန်မ ခလေး၊ ကလေး ဆိုပြီး နှစ်မျိုးသုံးထားမိပါတယ်။


လေးစားစွာဖြင့်
ကည်ကြည်




Friday, March 4, 2011

မတို့အတွက် လှပစေသော စားသောက်နည်း kireina shokutaku

အလှအပဂရုစိုက်နည်း ပို့စ်ရဲ့ ဧည့်စာရင်းစစ်လိုက်တော့ အလှအပဆို ကိုယ့်ညီမတို့ အတော်ကြိုက်သကိုး …ဒီတော့ ထပ်ရေးလာချင်ပြန်ရော။

ဒီတစ်ခါက အစားအသောက်ကို ရေးမယ်ကွယ်။ နည်းနည်းလေကြော ရှည်ချင်တယ်။ ငယ်ငယ်တုန်းက နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲရဲ့ ပြဇတ်ကိုကြည့်ဖူးတော့ အဲ့ဒါလေး နည်းနည်းပြောမယ်နော်။ တွံတေးသိန်းတန် ရိုက်ဖူးခဲ့တဲ့ စစ်ကားပေါ့ အဲ့ကားထဲမှာ မင်းသမီးနာမည်က စိုးတဲ့။ တွံတေးသိန်းတန်က ဘင်္ဘောပေါ်တက်ပြီး ရှေ့တန်းထွက်တော့ မယ့် အခန်းလားပဲ  မင်းသမီးက ကိုသိန်းတန် ကိုသိန်းတန် စိုးသင်္ဘောလိုက်ခဲ့မယ် လို့ အော်တာပေါ့လေ   ကိုသိန်းတန်ကလည်း မလိုက်နဲ့ စိုး မလိုက်နဲ့  ကိုယ်က တာဝန်နဲ့ သွားရတာ လို့ ပြန်ဖြေတယ်။

အဲ့ဒါကို လှောင်တာပေါ့ကွယ်။ ပြဇာတ်လည်းပြန်က ရော  မင်းသမီးလုပ်တဲ့ အခြောက်က သူ့ရည်းစား စစ်သား သင်္ဘောပေါ်တက်သွားတော့  သူကလည်း ရုပ်ရှင်ထဲကလို အော်ပြီးပြောတာပေါ့လေ။ ကိုသိန်းတန် ကိုသိန်းတန် စိုးသင်္ဘောပေါ် လိုက်ခဲ့မယ် ဆိုတော့ အဲ့ဒီ လူရွှင်တော်က မလိုက်နဲ့ စိုး ကိုယ်တောင် ၀ရမ်းနဲ့ သွားရတာ ဆို တော့ ပရိသတ်တွေ တအုန်းအုန်းပေါ့..။ ၀ရမ်းဆိုတာ စစ်သားတွေ ခရီးသွားရင်ထုတ်ပေးတဲ့ ခရီးစရိတ်မကုန်တဲ့ လက်မှတ်လို့  ပဲ ခလေးဘ၀က နားလည်ခဲ့တာကိုး။

ဒီလိုနဲ့ အသက်ကလေးရလာတော့ ဒီမှာ ကျောင်းလာတက်ရော အဲ့တုန်းက မြန်မာသူငယ်ချင်း ကောင်လေးက တိုကျိုမှာရှိတဲ့ မြန်မာကောင်မလေးနဲ့ ကြိုက်ကြရော။  တိုကျိုက ကောင်မလေးက ကောင်လေးနဲ့ တူတူလာနေချင်တယ်။ ဒီမှာပဲ အလုပ်ရှာမယ်ပေါ့။ ကောင်မလေးက အကုန်အကျလည်း သက်သာချင်ပြီ ။ နောက်ကောင်လေးနဲ့ နေရင်း အခန်းစားရိတ် ထမင်းစားရိတ် သက်သာမယ်လို့ တွက်တယ်တဲ့ ။ အလုပ်ထွက်ခဲ့မယ်ဆိုတော့ သူငယ်ချင်းက ကြည်ကြည်ကို တိုင်ပင်ရော ငါဘယ်လို ပြောရမလည်း မလာစေချင်ဘူးဟာတဲ့ ယဉ်ယဉ်ကျေးကျေး လေးပြောချင်တယ်တဲ့။ အဲ့တုန်းက သင်ပေးလိုက်တယ်  မလာနဲ့စိုး ကိုယ်တောင် စကောလာနဲ့ စားရတာလို့ ခုလည်းဒီလိုပဲ ဘလော့ဂါ မမတွေရဲ့ ဟင်းချက်နည်းတွေ သွားသွားကြည့်ပေမယ့် ကိုယ်တိုင် ချက်ပြုတ်ဖို့ အတွက် ကြတော့ မလုပ်နဲ့ စိုး ကိုယ်တောင် ကျောင်းကမက်စ်မှာ စားနေတာလို့ ပဲ ပြောရမှာပါပဲ။ ကဲအခုမှ စမယ် တကယ့် main part ကို ဒီက food coordinator နဲ့ food decorator  တွေက ကျန်းမာရေးရှု့ ထောင့်၊ အလှအပရှူ့ ထောင့်ကို ဦးစားပေးတဲ့ မီနူးတွေ ပိုရေးလာကြပါတယ်။ အဲ့ဒီမှာ Detoxify  ဂျပန်လိုတော့ ဒဲ့ တောက်စု လို့ ခေါ်တဲ့ မီနူးလေး တွေ ထဲက ကျွန်မဖတ်မိတဲ့ မီနူးလေးကို တင်ပြပါရစေ။ ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အညစ်အကြေး နဲ့ သွေးထဲမှာပါဝင်နေတဲ့ ရောဂါဖြစ်စေနိုင်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားခြင်း အဆိပ်ထုတ်ခြင်းဆိုတဲ့ Detoxify ရဲ့အဓိပ္ပါယ်ပါပဲ။ Detoxify ရဲ့ ရလဒ်ကောင်းကတော့ အသားအရည် လှပလာစေပြီးတော့ သွေးလည်ပတ်မှုလည်း ကောင်းမွန်လာစေပါမယ်။

ဝဥ က  အမျှင်ဓတ်တွေ ရယ် ဒိန်ချဉ်ထဲမှာပါတဲ့ ( latic acid ) တွေဟာ အူလမ်းကြောင်းတလျှောက်ကို သန့် စင်စေပါတယ်။နောက်တစ်ခုကတော့ ကျောခုံး အပြာရောင်ရှိတဲ့ ငါးတွေမှာပိုပါတတ်တဲ့ ဒီမှာတော့ (ပင်လယ်ငါးပေါ့လေ) မှာတော့ DHA(omega-3 fatty acid)၊ EPA (long chain of Omega 3 polyunsaturated essential fatty acid) တွေဟာ နှလုံးကို ပိုမိုကျန်းမာစေပြီး သွေးလည်ပတ်အားကောင်းမွန်စေပါတယ်တဲ့။


ကဲမီနူးကတော့

ထောပတ်သီးနှင့် ဂရိုတ်ဖရုသုပ်

  ထည့်ရမယ် အရာတွေကို ပြောမယ်ကွယ် ။ ပုံကြည့်တာနဲ့ သုပ်တတ်ကြမှာပါ။
ထောပတ်သီး တစ်ခြမ်း 
ဂရိတ်ဖရုတစ်လုံး
ဆလတ်ရွက် နှစ်ရွက်
ငရုတ်ကောင်း(အမဲ) နည်းနည်းတဲ့  အိုခေနော်………….

ဒိန်ချဉ်ဆယ်လိုရီ ရောသမမွှေ
ဆယ်လိုရီ  ၄၀ ဂရမ်
ဒိန်ချဉ်     ၁၈၀ စီစီ
ပျားရည်  စားပွဲတင်ဆားဇွန်း ၂ ဇွန်းတဲ့   အိုခေနော် 
ဆယ်လိုရီက အရွက်မထည့်ဘူးနော် အရိုးလေးကို ပါးပါးလေးလွှာတာ။
လုပ်စားကြည့်တာတော့ စားလို့ကောင်းသလိုလိုပဲ ။


ဆာဒင်းငါး ကျော်နှပ်

ဆာဒင်းငါးအားအသားလွှာကို ၄ လက်မလောက် အတုံးလေးတွေတုံး ပြီးရင်ဂျုံမှု န့် နဲ့ နယ်မယ်။
ငါးကို နယ်တဲ့အခါ ပဲငံပြာရည်အကျဲ၊ သကြား၊ ဆာကေး  (ဂျပန်အရက်) မရှိရင်လည်း မသိဘူး တော် ဘာထည့်ရမယ်ဆိုတာ။   

အပေါ့အငံကိုယ့်ဘာသာကိုယ်မြည်းပေါ့ကွယ်။
ပြီးရင် ကျော်မယ်။ ပြန်နှပ်တော့မယ်ဆိုရင် ထည့်ရမှာက ဂျင်းပြားလွှာလေးတွေရယ် ကြက်သွန်မိတ်ကြီး ပါးပါးလှီးပြီးထည့်ပါ။ အိုးပေါ်က ချတော့မယ်ဆိုတာနဲ့ နှမ်းအဖြူ ကို ဖြူးပါ။  အိုခေလားကွယ်…..

မီဆိုး(miso) ၊ ၀ဥ ဟင်းချို

မီဆိုးအလွယ်တကူ မရနိုင်တဲ့မြန်မာပြည်လိုနေရာမျိုးမှာဆိုရင်တော့ (ရန်ကုန်က ဂျန်ကို ဆိုင်မှာတော့ရပါတယ်) ပဲပိစပ်ဟင်းချို လေးချက်ပြီး ၀ဥလေးခတ်လိုက်တဲ့သဘောပါပဲ။
ပိုလှချင်ရင်တော့ မုန်လာဥနီ၊ ဟင်းနုနယ်။ ကြက်သွန်ဖြူ ၊ ကြက်သွန်မိတ် ထည့်ပါလေ။
အိုးးးးးးခေ….

ကျွန်မတစ်လောက အမျိုးသမီးတွေအတွက် အရိုးပွတို့၊သွေးထဲက သကြားဓာတ်၊ ဆားဓာတ် စတာတွေ အလကားစစ်ပေးနေတာလေး တွေ့လို့ သွားထိုင်ကြည့်တော့ အသက် ၇၀ အဘွားကြီးရဲ့ အရိုးကျစ်လစ်မှု့ ကျန်းမာမှု့ က ၁၀ နှစ်ငယ်နေတယ်။ သဘောကတော့ အဘွားကြီးရဲ့ အရိုးအဆစ်တွေက အသက် ၆၀ကျော်တစ်ယောက်မှာရှိတဲ့ အရာတွေတဲ့။ ကျွန်မကတော့ လက်၇ှိအသက်နဲ့ အဖြေက တူနေတယ်။၄၀ကျော်ရင် အရိုးတွေဘာတွေ ပွရင်လည်းပွနိုင်တယ်တဲ့။ သွေးလည်ပတ်မှု့ ကတော့ လက်၇ှိအသက်ထက် ၁ နှစ်ငယ်တယ်။ မဆိုးဘူး။ သွေးထဲမှာဆားဓတ်တော့များနေတယ်တဲ့ သွေး ကြည်လင်အောင်လို့ ပဲပိစပ် Nato နေ့ တိုင်းစားပါတဲ့။ အခုမီနူးက အဲ့ဒီ့က အစားအသောက်စစ်ဆေးရေးက ဆရာဝန်မ ပေးလိုက်တဲ့ မီနူးပဲ.

အမျိုးသမီးတိုင်းကြည့်ကောင်းရမည်။ လှတာမလှတာက ဘ၀ပေးကုသိုလ်ကံ

ဝန်ခံချက် ။ ဒီပို့ စ်တင်ရင်းနဲ့ ဆရာမင်းဒင်ကိုမေးကြည့်တော့ အဲ့ဒါစစ်ကား မဟုတ်ဘူးတဲ့ ။ စိုးမိုးမေတ္တာတဲ့
ကြည်ကြည်ကတော့ ငယ်ငယ်က လူပျက်တွေ ပျက်တာပဲသိတာကိုး။

ကြည်ကြည်