Saturday, June 18, 2011
မ တို့ ပန်းရောင် ၀တ်ပါ။
     ကျွန်မ ဘာအရောင်ကြိုက်လည်းမေးရင်တော့ မဖြေတတ်ပါဘူး။အဖြူရောင် အိပ်ရာခင်းတွေ နဲ့ အဖြူရောင် ညအိပ်ဝတ်စုံတွေကိုတော့  နှစ်သက်ပါတယ်။ အသားမဖြူသူမို့ သိပ်တောက်တဲ့အရောင်တွေကလွဲရင် အသက်အရ အရောင်နုနုတွေကို လည်းနှစ်သက်လာပါတယ်။ သိပ်ပြီးမ၀တ်တာ အနီရောင်နဲ့ ပန်းရောင်ပါပဲ။
ကျွန်မရဲ့ ဆိုက်ကိုက (ငယ်ငယ်တုန်းက)ပန်းရောင် ခြင်ထောင်တို့ အိပ်ရာခင်းတို့ ခင်းထားရင် လုံးဝ
ဝင်မအိပ်တာပါပဲ။ အဲ့လိုပဲ ပန်းရောင်အ၀တ်အစားတွေကို သိပ်ပြီးမသုံးတတ်ခဲ့ပေမယ့် သမီးလေးမွေး တဲ့အချိန်မှာတော့ ပန်းရောင်ကိုချစ်တတ်လာသလို သူ့အခန်းလေးကို ပန်းရောင်လေးတွေဆင်ပေးပြီး နုငယ်တဲ့မိန်းကလေးနဲ့  ပန်းရောင်ဟာ သိပ်ကိုလိုက်ဖက်ကြောင်း လက်ခံမိလာပါတယ်။
ဟော အခု ပန်းရောင်ကို မိမိပတ်ဝန်းကျင်မှာထားဖို့ အကြောင်းအရာတစ်ခု ကြည့်လိုက်ရတယ်။
မိန်းကလေးတွေ ဟာ မိမိပတ်ဝန်းကျင်မှာ ပန်းရောင် တွေနဲ့အဆင်တန်ဆာဆင်ခြင်းဖြင့် မိန်းကလေးဟော်မုန်းက ပိုကြွလာပါတယ်လို့ အလှအပရေးရာ အရေပြားဆရာ
အရင်က အနက်ရောင် အတွင်းခံတွေက ပိုပြီးဆွဲဆောင်မှု့ရှိတယ်လို့ ထင်ခဲ့ကြပါတယ်တဲ့။ အမျိုးသား ၁၅ ယောက်ကို စစ်တမ်းကောက်တဲ့အခါမှ အနက်ရောင်ကို ကြိုက်တယ်လို့ပြောတာ ၂ ယောက၊် အဖြူရောင်ကိုကြိုက်တယ်ပြောတာ ၁ယောက်နဲ့ အနက်ရောင်ဝတ်တာကိုမနှစ်သက်ဘူးလို့ ပြောတာ ၁၀ယောက်နဲ့ အဲ့၁၀ယောက်ကပဲ ချစ်သူ မိန်းကလေးကို အတွင်းခံပန်းရောင် နဲ့ဆို ပိုနှစ်သက်တယ်  လို့အဖြေပေးကြပါတယ်။
လုံးဝဆွဲဆောင်မှု့ မရှိတာကတော့ အဖြူရောင်ပါတဲ့။ ကဲ….
တစ်ဆက်တည်းမှာပဲ ဆရာဝန်မက အလှအပနဲ့ပတ်သတ်တာလေးတွေကိုဖတ်မှိရင် note book မှာကိုယ်တိုင်ချရေး ပြီးမှတ်ထားတာက လည်း ဦးနှောက်ကို အလှအပနဲ့ပတ်သတ်တဲ့ sense ကသွားပြီး ပိုပြီး လှဖို့ဂရုစိုက်မိပါတယ်တဲ့။
ကဲ ပန်းရောင်မကြိုက်တဲ့ မမများ ပန်းရောင် မ၀တ်ချင်ရင်တောင် ပန်းရောင် အဆင်တန်ဆာလေးတွေ မိမိပတ်ဝန်းကျင်မှာထားသင့်ပြီ။
နွေရာသီ မိန်းကလေးနှင့် အနံ
ဂျပန်မှရယ် မဟုတ်ပါဘူး။ အနံအသက်ဆိုတာ ဂရုစိုက်မိကြမှာပါပဲ။ တစ်ချို့သောလူမျိုးတွေ တစ်ခါတစ်လေ ဓတ်လှေကားထဲတောင် အနံမခံနိုင်တာတွေ ရှိပါတယ်။ ဂျပန်ရဲ့ကွန်မြုနတီမှာတော့ အနံအသက်ပြင်းတာဟာလည်း လုပ်ငန်းခွင်မှာ မျက်နှာသာပေးမခံရတာတွေ ရှိတဲ့အတွက် အနံအသက်ဖြစ်စေတဲ့ ဂျိုင်းအောက်က ဂလင်းတွေ ကိုခွဲထုတ်တဲ့ ဆေးခန်းတွေ ဆိုတာလည်းများပါတယ်။
တစ်ချို့အကျိုးပေးကြောင့်လို့ပဲ သဘောထားပေးရမှာပါပဲ.။ကိုယ်တိုင်အနံရှိတယ်ဆိုတာကို လက်ခံမှသာပြုပြုင်ယူလို့ရမှာကိုး။ ကျွန်မသူငယ်ချင်းတစ်ယောက်ဟာ အတော်ကို သန့်ရှင်းပါတယ်။ ဒါပေမယ့်သူ့ရဲ့ချွေးနံက အတော်ကိုပြင်းလို့ သူ့ခမျာ အမြဲတမ်း တစ်နေ့သုံးခါလောက် ရေအိမ်ဝင်ပြီး wet tissue နဲ့ သန့်ရှင်းရေးလုပ်ရှာပါတယ်။ နောက်တစ်ယောက် မြန်မာသူငယ်ချင်းမကတော့ အနံအသက်ဆိုးတဲ့သူမဟုတ်ပဲ သူကတော့တစ်ကိုယ်ရေ သန့်ရှင်းမှု့အားနည်းလို့ဖြစ်တဲ့အနံအသက် ကရှိပါတယ်။
ဂျပန်မှာခုနောက်ပိုင်းက ဆေးထိုးတယ်တဲ့။ ဂျိုင်းက ချွေးနံ ရယ်ထွက်တဲ့ ချွေးကနေ
အ၀တ်အစားကို မစွန်းထင်းအောင်တဲ့။
အောက်ပါအချက်များကို ဖြည့်စွက်ကြည့်ပါ။
၁။ ချွေးသာမန်ထွက်သူ။
၂။ဂျိုင်းအောက်ကနေ စိုတိုတိုနဲ့ ရှိတတ်သူ။
၃။ ဖိနပ်စိုနေတတ်သူ။
၎။ အနံပြင်းတယ်လို့ထင်တဲ့သူ။
၅။ဂျိုင်းချွေးနံက ပြင်းတယ်လို့ထင်မိသူ။
၆။အ၀တ်အစားတွေရဲ့ဂျိုင်းနားမှာ အ၀ါရောင် ရှိတတ်သူ။
၇။ရေကို တစ်နေ့တစ်ခါ ပဲ ချိုးတတ်သူ ( မြန်မာလူမျိုးတွေက တော့ ရေချိုးများတယ်လို့ ထင်ပါတယ်)။
၈။ အနှစ်များများနဲ့ ဟင်းတွေအစားများပြီး သရေစာလည်းစားတတ်သူ။
၉။ဂျိုင်းမွှေး မရိတ်၊ မနှုတ်သူ။
၁၀။ အသီးအနှံနှင့် အသီးအရွက် အစားနည်းသူ။
အဖြေ ၀- ၂ အထိ  အနံအသက် မစိုးရိမ်ရပါ။
     ၃-၅  ချွေးထွက်များသူမို့လို့ ဂျိုင်း အနံ ထွက်မည့်သူဖြစ်ဖို့ ရာခိုင်နှုန်းများပါသည်။
    ၆-၁၀  အနံအသက်အထူးကို ဂရုပြုပြီး. ဆေးထိုးရမည်။ သို့မဟုတ် ဂျိုင်းအား ခွဲ စိတ်ကုသမည့်နည်းလမ်း၇ှာပါတဲ့။
(INRED magazine July 2011) 30 dai no joshi zashi
နောက်ကျွန်မတို့မြန်မာမိန်းကလေးတွေ(ယိုးဒယား၊စင်္ကပူမိန်းကလေးများလည်းတွေ့ခဲ့ပါတယ်)ရဲ့ မှားယွင်းတဲ့ ဖိနပ်စီးမှု့ပါပဲ။pumps လေးတွေ  ခုနောက်ပိုင်းမှာရန်ကုန်မှာလည်း အတော်များများစီးလာကြပါတယ်။ ဒါပေမယ့်ခြေအိတ်နဲ့တွဲ မစီးတာတွေဟာ သာမန်အနံမရှိတဲ့သူတောင် လည်သာ အပိတ်နဲ့ရာသီဥတု ကြားမှာတစ်နေကုန်သာ
ဝတ်ထားရင် ဖိနပ်ချွတ်လိုက်တာနဲ့ ချွေးနံက ထွက်တာပါပဲ။ ပူတယ်ဆိုပြီး ဒီအတိုင်းဝတ်တာက ပိုပြီးတော့ဖိနပ်ကိုလည်း ညစ်ပတ်စေသလို ဖိနပ်အတွင်းသားလည်းကြာကြာမခံတတ်ပါဘူး။ ဂျပန်မိန်းကလေးကလွဲရင် နွေရာသီမှာ pumpsကို အသားကပ်နဲ့တွဲဝတ်တာ ကိုကျွန်မတို့အရှေ့တောင်အာရှနိုင်ငံများက မ၀တ်ကြပါဘူး။
ပုံ။ google photo .ခုနောက်ပိုင်း socks လေးတွေက pumpsအပြင်မထွက်ပါဘူး ခြေအိတ်
ဝတ်ထားတယ်လို့မထင်ရလောက်အောင် ပါးပြီး တိုပါတယ်။
သင်ဟာ pumps လေးတွေကိုနှစ်သက်စွာ စီးသူဆိုရင် ဖိနပ်တစ်ရံကို နှစ်ရက်ထက်ပိုပြီး ဆက်တိုက်မစီးပါနဲ့။အလှည့်ကြပြောင်းစီးပေးခြင်းဟာဖြင့် ဖိနပ်လေးအနားရပြီး အနံအသက်လည်း ကင်းစေပါတယ်။ ဂျပန်မှာတော့ ဖိနပ်ထဲကို မီးသွေးခဲ ထည့်ထားတတ်ပါတယ်။ အနံစုပ်တာကိုး ။ တစ်ချို့လည်း ဂျပန်ယန်း အကြွေစေ့ ကိုထည့်ပါတယ်။ ကျွန်မကတော့ ပိုက်ဆံကို ဖိနပ်ထဲမထည့်ချင်လို့
Rosemarry အရွက်လေးတွေကို အိတ်နဲ့ထည့်ပြီး ထည့်ပါတယ်။ ရန်ကုန်မှာ ဆိုရင်တော့ ပူစီနံကို ထည့်ထားတတ်ပါတယ်။
မျက်နှာလေး လှပယုံတင်မဟုတ်ပဲ။ ဂရုမထားမိတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးလေးတွေကနေ အလှပဆုံးဖြစ်နိုင်ကြပါစေ။
မှတ်ချက်။ ။  မမွန် (ကောင်းမွန်ဝင်း) loveyourself ကိုဖတ်ပြီး အတွေးရလို့ ရေးပါတယ်။
Tuesday, June 14, 2011
အိုင်ဒီယာ(၃)
ယခုခေတ်မှာ (ရန်ကုန်မှာလည်းရောင်းအားအကောင်းဆုံး)တရုတ်လို hotpot   ဂျပန်လို shabushabu လို့ ကျွန်မတို့ခေါ်နေကြတဲ့ ပူပူုလောင်လောင် အစားအသောက်လေး လူတိုင်းသိကြမှာပါ။  
ဟော့ပေါ့ဆိုတာနဲ့ စတီး ဇလုံကို အလယ်က နေခွဲထားပြီး အစပ်တစ်မျိုး၊ အချိုတစ်မျိုးထည့်တားတာကို ပြေးမြင်မိမှာပေါ့။ ဟိုးအရင်တုန်းကတော့ တစ်မျိုးပါပဲ။
အဲ့ဒီ့ဇတ်လမ်းရဲ့ အစက တော့ စီချွမ်ပြည်နယ်ကနေ မြို့တော် (ဂှန်ဟိုင်းလား၊ပီကင်းလားပဲ ခွင့်လွှတ် မေ့သွားပြီ) တတ်လာတဲ့ လင်မယားနှစ်ယောက်ဟာ ဆင်းဆင်းရဲရဲ နဲ့ ရွှေ့ ပြောင်းလုပ်သားများနည်းတူ အလုပ်ကိုကြိုးစားပြီးလုပ်ကြသတဲ့။  နောက်တော့ အမျိုးသားက စဉ်းစားတယ် ငါတို့ ဟော့ပေါ့လုပ်ရောင်းမယ်ပေါ့၊ ဒါပေမယ့်သူတို့ ဟော့ပေါ့က သူတို့ စီချွမ်ကအတိုင်း အစပ်ကိုအရမ်းထည့်ရောင်းတယ်တဲ့ ၊ အဲ့မှာသူဆီကို လာအားပေးတဲ့ ဘ၀တူ အလုပ်သမားတွေထဲက စီချွမ်ကနေ လာပြီးအလုပ်လုပ်တဲ့သူကတော့ စားလို့ကောင်းတယ်ပေါ့  ဒါပေမယ့်တခြား ပြည်နယ်က လာတဲ့သူတွေကတော့ မင်းတို့ ဟော့ပေါ့ စပ်တယ်လို့ပြောသတဲ့။ ဒါနဲ့ အမျိုးသမီးက နှစ်မျိုးစလုံး စားလို့ရအောင် အိုင်ဒီယာနဲ့ အဲ့ဒီလို ပုံမျိုး  ဇလုံကို အပ်လိုက်သတဲ့။ ပေါက်သွားတာပေါ့။ သူ့ဆိုင်သေးသေးလေးကနေ တဖြည်းဖြည်းကြီးလာလိုက်တာ။ .အခုဆို တရူတ် နိုင်ငံရဲ့ နာမည်ကြီး
မြို့ကြီးတွေ တိုင်း မှာလိုလို သူတို့ဆိုင်ကရှိနေပြီး စုစုပေါင်း ဆိုင်ပေါင်း ၃၅၀ ကျော်သတဲ့။ ၀င်ငွေဟာ ဂျပန်ယန်းတန်ဖိုးအနေနဲ့ဆိုရင် တစ်နှစ်ကို သိန်းထောင်ပေါင်း ၃၅၀ ကျော်သတဲ့။ သူ့ ဆိုင်ကနေ စလိုက်တဲ့ အဲ့နှစ်မျိုးထည့်ဇလုံကို သူဟာမူပိုင်ခွင့်လုပ်ဖို့စဉ်းစားလိုက်ပေမယ့် တခြားသူတွေ လိုက်တုတာ
သူ့ ကိုကြော်ငြာပေးနေသလိုတောင်ဖြစ်ပါတယ်ဆိုပြီး မူပိုင်ခွင့်မလုပ်ဘူးတဲ့။
ဇလုံ တစ်ခု အိုင်ဒီယာပြုလုပ်တာ ....
နောက်တစ်ခုကတော့ ဂျပန်က အိုင်ဒီယာသမားပါပဲ။ ယိုကိုဟားမားရဲ့ ဆိပ်ကမ်း နားမှာ minato mirai ဆိုပြီး ရှိပါတယ်။ အဲ့ဒီ့နားမှာပဲ ရေပူစမ်းတစ်ခုရှိပါတယ်။ သူက အထပ်မြင့်ရေပူစမ်းပါ။ အထပ် ၁၀ထပ်ကျော်မှာတည်ရှိပါတယ်။
 ကျွန်မလည်း သိပ်တော့မမှတ်မိဘူး။ အဲ့အထပ်ပေါ်ကနေ အကုန်လုံးမြင်ကွင်းတွေ မြင်နေရတာတော့ အမှန်ပဲ။ သူက ကားပါကင်၊ နောက်စားသောက်ဆိုင် ၊ နောက်ရေပူစမ်း နဲ့ အပေါ်ဆုံးလေသာထပ် ဆိုပြီးခွဲထားပါတယ်။ရေပူစမ်းထဲမှာတော့ ကနေဘိုး၊ ရှိရှဲဒိုး နဲ့ ကိုဆေး အလှကုန်တွေကနေ လာတင်ထားတဲ့ နမုနာ မျက်နှာ လိုးရှင်းကနေ မျက်လုံးဆိုးဆေး အထိကိုစုံလင်စွာထားရှိပေးထားပါတယ်။
                                                              သွားထားကြောင်းအထောက်အထားဖြင့်
တစ်ယောက်ကိုယန်း ၂၇၀၀ နီးပါးပါ။ တစ်နေကုန် ကြိုက်သလောက်ဝင်လို့ရပါတယ်။
 ဒီမှာနည်းနည်းရှင်းပြချင်ပါတယ်။ ဒီကသဘာဝရေပူစမ်း ဆိုရင် ယန်း ၁၀၀၀ နဲ့အထက်မှာရှိပါတယ်။ ၂၄၀၀လောက်ကောက်တဲ့နေရာတွေကြတော့(suna ) တို့ steam room တို့မှာ ဆားနု တွေ နောက်အရွက်ပေါင်းထုပ်တွေ ပိုပြီးထည့်ထားပေးတတ်ကြပါတယ်။ ရန်ကုန်မှာတော့ အရွက်တွေ ဘာတွေ မထည့်သလို ဆားလည်းမတင်ထားပေးပါဘူး၊ စီဒိုးနား၊ ထရိတ်ဒါးနဲ့ ပတ်ခရွိုင်ရွယ်တို့မှာရှိပါတယ်။တစ်လောက တို့ အတင်းပြောထားတဲ့မင်းသမီးဆို suna ခန်းထဲ ဆီလိမ်း၍
မ၀င်ရဆိုတာကို နားမလည်ပါဘူး။ တစ်ကိုယ်လုံး ဆီတွေ လိမ်းပြီးမှ ၀င်ပါတယ်။(သိချင်လျှင်တိုးတိုးတိတ်တိတ်မေး )။
ဆက်ရအောင်
အဲ့လို အထက်မြင့်မှာ သဘာဝရေပူစမ်းဘယ်လိုများလုပ်လည်းပေါ့။ ဒီနားမှာပဲ တူးလားလို့ ကြည်ကြည်
တွေးခဲ့ဘူးပါတယ်။ လူတွေကလည်း သွားတိုင်းလိုလို စည်တယ်။  တစ်လောက တိုက်တိုက်ဆိုင်ဆိုင်  တီဗီအစီအစဉ်မှာလာရော။  ပိုင်ရှင်ဟာ နယ်က ရေပူစမ်း ပိုင်ရှင်ပါ။ ရေပူစမ်းနာမည်ကြီးတွေ ဆိုရင် ဂျပန်လူမျိုးတွေက တစ်ကူးတစ်က ကိုသွားဝင်ကြတာကိုး။ ဒီလိုနဲ့ သူက နယ်က ရေပူစမ်းရေကို မြို့ နေလူတန်းစား တိုကျို ယိုကိုဟားမား စတဲ့သူတွေကိုပါ အသုံးပြုစေချင်တယ် ဈေးကွက်ချဲ့မယ်ဆိုပြီး စဉ်းစားသတဲ့။  နေ့စဉ် ရေ ဂါလံ ၇၀၀ကျော်ကို သူ့ နယ်ကနေ ၂ နာရီခရီးနဲ့သယ်ပါတယ်တဲ့။ ရေသယ်ဖို့ ရေသယ်တဲ့အခါ ရေအပူချိန်(၇၀ဒီကရီ)  ပြောင်းမသွားအောင် အထူးစီမံထားတဲ့ tanker အရှည်ကြီးနဲ့ သယ်ပါတယ်။
ဒီလိုနဲ့ သူရဲ့ လုပ်ငန်းကိုချဲ့ထွင်ခဲ့ပါတယ်။ သူဟာလည်း ဂျပန်မှာ အဆင့်တစ်ခုသတ်မှတ်ခံရတဲ့သဌေးနာမည်ထဲမှာပါပါတယ်။
သူဟာ တစ်လောက ငလျှင်ဒဏ်ခံရတဲ့ဒေသက လူတွေ ရေပူစမ်းဝင်လို့ရစေရန်ဆိုပြီး အဲ့ဒီ့
သူ့ ရဲ့ရေသယ်ကား နဲ့ပဲ ရေကိုသယ်  ယာယီရေစိမ်တဲ့ ဇလုံ အကြီးကြီးတွေ နဲံ့ ကုသိုလ်ယူနိုင်ခဲ့ပါတယ်။
တို့ ရွာက ရေပူစမ်း ..
ကြည်ကြည် ရန်ကုန်မှာ အလုပ်လုပ်တုန်းက မြစ်ကြီးနား၊ လားရှိုး ၊ အင်းလေးခရီးစဉ်ကို ဂျပန်စစ်ပြန်အဘိုးကြီး အဘွားကြီးတွေ နဲ့ ၂၀၀၂ လောက်တုန်းက ခရီးထွက်ဖူးပါတယ်။
ကန့် ဘလူ လားပဲ အဲ့မှာ ညအိပ်တော့ သူတို့ က ရေနွေးစိမ်ချင်တယ်။ ရေနဲ့ပဲ ချိုးနေရတာကိုး။ သံစည်ပိုင်းကို အောက်ကနေ မီးဖိုတည်ပြီး ၀င်ကြတယ်ရှင်။ ကြည်ကြည်ကတော့ ကြည့်လိုက် ငရဲသားတွေ မီးမြိုက်တာကိုမြင်ယောင်လိုက်နဲ့ ။
ခရီးစဉ်က ခေါင်တိုင်ကိုရောက်ေ၇ာ ညဘက်ကြတော့ ခေါင်တိုင်ဟိုတယ်ကနေ ရေပူစမ်းသွားပါရောလား။ သူတို့ထင်တဲ့ရေပူစမ်းမျိုးမှ မဟုတ်တာ။ အကုန်လုံး ရေကူးကန်လို ထဲကို ၀င်ကြပြီးတော့ ရေကန်ဘေး
အ၀တ်လျှော်နေကြလို့ တဲ့ အဖွားကြီးတွေ က မ၀င်ကြဘူး။
နောက်တော့ မန်းလေးပြန် မန်းလေးကနေ လားရှိုးကိုတတ်တော့ နိုင်ငံခြားသား ၆ ဒေါ်လာလားပဲ ရေပူစမ်း အံမယ်သူကတော့ အခန်းနဲ့ ရှင်၊၊ ဂျပန်တွေက ဂျပန်ရေချိုးနည်းတိုင်းချိုးလို့ ရပြီဆိုပြီး ပျော်နေရော။
ကြည်ကြည်လည်း တစ်ခန်းပေါ့။ ရေချိုးဇလုံ အဖြူကကွယ် အ၀ါရောင်ကိုညစ်လို့ ၊ အခန်းတွေကလည်း ညှီစို့စို့  စိုတိုတို။ တော်ပြီငါတော့ ဒီအထဲတော့ ၀င်မချိုးတော့ဘူးလုပ်နေတုန်း ဘေးခန်းက အဖွားကြီး အော်ပြီးတံခါးဖွင့်လိုက်သံကြားတယ်။
ရေပိုက်ခေါင်းဖွင့်လိုက်တော့ ရေပူမလာခင် ရေအေးတွေ ဆင်းလာတယ်။ ရေအေးနဲ့ အတူပါလာတာက တီကောင်တဲ့  .. အဖွားကြီး က နန်းဒေ၀ီ နဲ့း)
ချမ်းမြေ့ပါစေ။
Friday, June 10, 2011
သစ်တောနဲ့ သစ်ပင်ချစ်ခင်တဲ့လူမျိုး ......
အမှန်တော့ခေါင်းစဉ်က မြန်မာ့အလင်းမှာ မိုးရာသီပါတတ်တဲ့ခေါင်းစဉ်လေးပါ။
သစ်တောနဲ့သစ်ပင်ချစ်ခင်တဲ့လူမျိုး၊ xxxxx ရွှေတိုက်ကိုစိုး ဆိုတာလေ အကုန်မမှတ်မိဘူး။
-------------------------
မြေသင်းနံဆိုတာလေး ကိုအတော်များများနှစ်သက်ကြမှာပါ။ စာတွေထဲမှာလည်းဖတ်ဖူးနေတာပဲလေ။ မိုးစပြီးရွာကစမှာ ရတတ်တဲ့အဲ့အနံလေး။  တစ်နေ့ကသူငယ်ချင်းတွေနဲ့စကားပြောရင်း  သတိထားမိလိုက်တယ်။ မုတ်သုံ ရာသီမှာ နေကြတဲ့ သူတိုင်း မြေသင်းနံကို ချစ်ကြတယ်လို့။
အနံတောင်ခွဲခြားလိုက်တာလို့တော့ မထင်ပါနဲ့ရှင့်။  ဂျပန်က မိုးရွာပြီးကာစ အနံ့ကတော့မကောင်းဘူး။ အထူးသဖြင့် ကျွန်မတို့လို နယ်မှာနေရတဲ့သူတွေပေါ့။ တောရိပ်တောင်ရိပ် တော့ရှိပါရဲ့။ မိုးရွာပြီးရင် အပင်တွေကနေရတဲ့ အနံက စိမ်းရွှေရွှေကြီး။
ဂျပန်မှာ ၀တ်မှုံအလာဂျီ အဖြစ်များတာက ၄ လပိုင်း အဓိကကတော့ sugi လို့ခေါ်တဲ့ ထင်းရှုးတွေပေါ့။ ဂျပန်ဟာ စစ်ပြီးကာလာမှ နိုင်ငံပြန်လည်တည်ဆောက်ဖို့အတွက်ဆိုပြီး အားလုံးလိုလိုတောတွေ၊ တောင်တွေမှာ ထင်းရှူးကို အင်တိုက်အားတိုက်စိုက်လိုက်ကြတာ ခုတော့ ထင်းရှုးတွေရဲ့ သက်တမ်းကလည်းရင့်လာရော် လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်ကနေစပြီးတော့ ဒီထင်းရှုးမှုန့် အလာဂျီဆိုတာကစတော့တာပါပဲ။ လက်၇ှိမှာ ဂျပန်နိုင်က ဟာ သစ်တောမြေကိုတော့နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ရှိပေမယ့် လယ်ယာမြေကတော့လုံးဝ နိုင်ငံခြားသားပိုင်ဆိုင်ခွင့်မရှိပါဘူး။ ဟိုကိုင်းဒိုး ကျွန်းရဲ့ အတော်များများသော တောတွေဟာ ခုချိန်မှာတရုတ်၊ ကိုရီးယားကနေ ပိုင်တာများပါတယ်တဲ့။ သစ်တော လုပ်ငန်းတွေ သိပ်မလုပ်တဲ့အတွက်
သစ်တောနဲ့ အသက်မွေးသူတွေ အလုပ်အကိုင်ရှားပါးလာပါတယ်။
(မြန်မာပြည်မှာတုန်းက မြန်မာပြည်က ထင်းရှုးတွေကို ထွက်သလောက်ယူမယ်ဆိုတဲ့ ကိုရီးယားတစ်ယောက်တွေ့ဖူးတယ်။ စပ်စုကြည့်တော့ ခေါင်းတလားလုပ်ဖို့တဲ့) ။
တရုတ်ကျောင်းသူနဲ့စကားပြောကြတော့ သူဟာဂျပန်နိုင်ငံရဲ့ လူနေအိမ်ဘေးမှာ လယ်ကွက်တွေ ရှိနေတာကို အံ့သြောပါတယ်တဲ့။ အဲ့ဒီ့မှာ ဆရာက ရှင်းပြတာက ဂျပန်ဟာ လယ်ယာမြေလို့ သတ်မှတ်ထားတဲ့နေရာကို လယ်မလုပ်တဲ့သူကို ပြန်မရောင်းရဘူးလို့ သတ်မှတ်ထားပါတယ်တဲ့။ လယ်ယာမြေကို ကုမ္ပဏီတွေက ၀ယ်တယ်။ လယ်ယာအတွက်အသုံးပြုခြင်းမရှိပဲ တစ်ခြားသော လုပ်ငန်းအတွက် လုပ်ကိုင်ခွင့်မရှိလို့ဆိုပါတယ်။
ဆရာ့ကို ကျွန်မက စောဒကတတ်လိုက်တာက ဆရာတို့ဂျပန်ဟာ ကိုယ့်သစ်တောတွေတော့ ထိန်းသိမ်းတယ်။ ဖွံဖြိုးဆဲနိုင်ငံတွေဆီကနေ သစ်တွေဝယ်တယ်။ ဒါဟာကော်ဖီတို့၊ ၀ါ တို့တွေ ၀ယ်သလို fair trade တော့မဟုတ်ဘူး။အဲ့ဒီ့အတွက်ဘယ်လို ပြန်ပြီးလုပ်ပေးပါသလည်းလို့ မေးမိပါတယ်။ ဒါနဲ့ဆရာက မလေးရှား၊ အင်ဒိုနီးရှားမှာ သူတို့တွေပြန်ပြီး အပင်စိုက်တဲ့လုပ်ငန်းရဲ့ အောင်မြင်မှု့၊ ပူးပေါင်းတဲ့ဒေသရဲ့ အကျိုးခံစားခွင့်၊ မပူးပေါင်းတဲ့ဒေသရဲ့ disadventages တွေကိုပြန်ပြီးရှင်းပြပါတယ်။
အင်ဒိုနီးရှားရဲ့သစ်တောပြုန်းတီးမှု့မှာ သူနိုင်ငံရဲ့စီးပွားရေးတော့တတ်သွားတယ်လို့ဆိုပါတယ်။ (သူငယ်ချင်းက အင်ဒိုနီးရှားပရော့ဂျတ်လုပ်နေသူ)။
သူတို့ဟာ Growth first, Clean up later စနစ်နဲ့အင်ဒိုနီးရှားနိုင်ငံကို  ပုံသွင်းခဲ့ကြလို့ ရေတိုမှာ အကျိုးခံစားလိုက်ရပေမယ့် ရေရှည်ရဲ့ ထိခိုက်မှု့ ကို ခံရတယ်ဆိုတာကို empirical result ဘက်ကနေ တင်ပြသွားပါတယ်။
ကဲ တောင်ကြီး ကလော လမ်းက ကတုံးဖြစ်နေတဲ့တောင်တွေ ...........တို့တွေဘာလုပ်ရပါ့မလည်း။
ကျွန်မတို့ ခုလို ခေတ်မှာ Growth first Clean up later ဆိုတာ ကိုက်ညီမှု့တော့မရှိတော့ဘူးထင်တယ်။
clean up လုပ်စရာ မရှိတော့တာလား....
ကျောင်းအပြန်လမ်းမှာသစ်တောတွေကိုငေးရင်း ...တွေးလာမိတဲ့အတွေးစတစ်ခု...
...
  ခေါင်းကို ခါလိုက်တယ်...အိုး ငါဟာ ထင်းတစ်ချောင်းပါလေ...အလွယ်တစ်ကူကျိုးမှာပဲလို့ ......
Friday, June 3, 2011
မတူတဲ့ သူတို့ဓလေ့၊ မြန်မာနဲ့တူတဲ့ သူတို့စကားပုံများ
လူမျိုးတွေရဲ့ ဓလေ့ထုံးစံ ယုံကြည်ရာတွေက တစ်ခါတစ်ခါ  ဖလှယ်တဲ့အခါမှာ စိတ်
ဝင်စားစရာလေးတွေ ၇ှိလာတတ်ပါတယ်။
ဂျပန်လိုသိပ်တော်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဂျပန်ကျောင်းဆရာဟောင်းနဲ့  မြန်မာစကားနဲ့ ဂျပန်စကားဘယ်စာလုံးပိုများလည်းဆိုတာတွေ ကြည့်ပြီး ကိုယ်လည်း ရေးချင်တဲ့ အကြောင်းရာလေးတွေပေါ်လာပါတယ်။
ကဲအဓိကကတော့ မတူတဲ့ ဂျပန်တွေရဲ့ ဓလေ့လေးတွေကို
မိတ်ဆက်ပေးချင်လို့ပါ။ ဂျပန်လူမျိုးတွေဆိုရင်  ဖိနပ်အသစ်စပြီး စီးတော့မယ်ဆိုရင် မွန်းလွဲမှာ ထုတ်မစီးကြဘူး။
ညဘက်ကြမှ အသစ် စီးမယ်ဆိုရင်လည်း မနက်ကတည်းက ဖိနပ်ချွတ်မှာ ချထားကြတယ်။
နောက် ဂျပန်အမျိုးသမီးတွေဟာ နာရေးဆိုရင် အနက်ဝတ်ပြီး ပုလဲလေးတစ်ကုံးဆွဲလေ့ရှိတယ်။ ၁ ကုံးပဲ ဆွဲရမယ်တဲ့။ နှစ်ကုံး မဆွဲရဘူး။ နှစ်ပူဆင့်တတ်တယ်တဲ့။
နောက်ပြီးတော့ ထမင်းစားနေရင်းနဲ့ ဥပမာ ဟင်းတစ်တုံးကို လူနှစ်ယောက်က သူတို့ တူတွေကိုယ်စီနဲ့ အတူတူခပ်မယူုဘူး။ တစ်ခါက သူများယုတဲ့ဟင်းတုန်းက ချော်သွားလို့ ကိုယ့်တူလေးနဲ့ဝိုင်းပြီးထိန်းပြီး သူ့ပန်းကန်ထဲအရောက် ထည့်လိုက်တော့ နောက်မှ ရှင်းပြရှာတယ်။ နာရေးပြီးလို့ အရိုးအိုးထဲကို အရိုးထည့်တော့မယ်ဆိုရင် မိသားစုက အဲ့လို တူတစ်စုံစီကိုင်ပြီး  အရိုးကိုဝိုင်းပြီး အတူတူ ဆယ်ပြီး အရိုးအိုး ထဲကို ထည့်ကြတာတဲ့။
ကျွန်မတို့ မြန်မာတွေ က အိမ်နောက်ဖေး ကျီးသာရင် ဧည့်လာမယ်လို့ ယူကြပေမယ့် သူတို့ ကတော့ အိမ်ခေါင်းမိုးမှာကျီးအုပ်ပဲ ဖြစ်ဖြစ် ကျီးဝဲတာကို မကြိုက်ကြဘူး ။နာရေးကြားတတ်တယ်လို့ ပြောကြတယ်။
ဂျပန်ဘုရားကျောင်းတွေရဲ့ အ၀င်ဝမှာလည်း ကျွန်မတို့လို့ ပဲ ခြင်္သေ့ ရှိပါတယ်။ ကျွန်မတို့ခြင်္သေ့နှစ်ကောင်က ပါးစပ်ဟကြပေမယ့် သူတို့ ကတော့ တစ်ကောင်က ဟ ပြီး တစ်ကောင်က ပါးစပ်ပိတ်ထားပါတယ်။ ဂျပန်အက္ခရာရဲ့ အ ဆိုတဲ့ အစနဲ့ အွန်းဆိုတဲ့ အဆုံးကို ယူထားပါတယ်။ အဓိပါယ်နောက်မှ၇ှင်းပါ့မယ်။
သူတို့တွေရဲ့ အိမ်ရှေ့လေးတွေမှာ ဖား ရုပ်ကလေးတွေချထားလေ့ရှိတယ်။ ဖားကို ဂျပန်လို (noun)အနေနဲ့ဆိုရင် kaeru လို့ခေါ်တယ်။ Verb အနေနဲ့ သုံးရင်တော့ kaeru ဆိုတာက  ပြန်လာတယ်။ ပြန်တယ်လို့ အဓိပ္ပါယ်ရတယ်။ ခန်းကြီးကွာပေမယ့် အသံတူ နေပါတယ်။  ဒီတော့ ခရီးထွက်တာပဲဖြစ်ဖြစ် အိမ်ကနေအပြင်သွားသူ အေးချမ်းစွာပြန်လာနိုင်ပါစေ၊ ကောင်းမွန်တဲ့အရာထွက်သွားတာမှန်သမျှ ပြန်
ဝင်လာပါစေဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့။ ကျွန်မကတော့ အခန်းကျဉ်းတော့ ဒီလိုသေးသေးလေးပဲချထားတယ်။
ကိုကိုရယ်၊ ကြည်ကြည်ရယ၊် သမီးရယ် သားရယ်ပေါ့။
သူတို့ စကားပုံ ……
ဂျပန် ခန်းကြီးတွေက ဆင်ဆင်တူတာတွေများတယ်။
ကျွန်မ ဂျပန်စာစ သင်ခါစက
ဖတ်လိုက်တဲ့ စာကို ဆရာမရီတာ မျက်ရည်တောင်ထွက်တယ်။
ပန်းကန်ကို ပန်းကန်နဲ့ဆေးပါတဲ့။ အမှန်က  သွေးကိုသွေးနဲ့ဆေး CHI WO CHI DE ARAU
သဘောက တော့ လှေမျော လှေနဲ့လိုက်။  ပန်ကန်ခန်းကြီးနဲ့ သွေးဆိုတဲ့ခန်းကြီးက အတော်ကိုဆင်တယိ။
ကျွန်မတို့ရဲ့ ကျွဲပါးစောင်းတီးကိုတော့  
သူတို့က မြင်း နားမှာ ဘုရားစာ တဲ့   UMANO MIMI NI NEN BUTSU
မိဘမျက်နှာ အိုးမဲသုတ်  ဆိုတာကြတော့
မိဘမျက်နှာ ပါ ပြေးကြည့်ချင်လာတဲ့ အရူး တဲ့  OYANO KAO GA MITAKU NARU YOU NA BAKA.
SEKEN SHIRAZU ဆိုတာ ကြတော့  လောကအကြောင်း မသိသူ
ကျွန်မတို့အနေနဲ့ဆို ရေအိုင်ကို ပင်လယ်ထင်တဲ့ ဖားငယ်ပေါ့လေ
လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ရပ်ပါရစေ။
ချစ်ခင်စွာဖြင့်
ကြည်ကြည်
Tuesday, May 10, 2011
နှင်းတွေ ပျောက် နွေရောက်ပြီမို့ 
ဂျပန်မှာ ဒီနေ့စပူတယ်။ ရာသီဥတုက ချက်ချင်းကို ပြောင်းလည်းသွားတာ မြန်လိုက်တာ။ ဒီနေ့ အပူချိန်က ၈ လပိုင်း အပူချိန်မျိုး အရင်တစ်ပတ်ကအထိ cardigan အပါးလေးထပ်မှ အပြင်ထွက်လို့ရတာကနေ ဒီနေ့ ကစပြီး ပင်လယ်သွားလို့ရတဲ့ အနေထားမျိုး ဖြစ်နေပြီ။
ဖူကူရှိမား နယူးကလီးယား ဓာတ်အားပေးစက်ရုံ ပြသနာကြောင့် တိုကျိုဧရိယာဘက်တွေမှာ ဒီနွေရာသီအတွက် မီးအလုံအလောက် ရနိုင်ဖို့မလွယ်သလို။ ဂျပန်အလယ်ပိုင်းဘက်ကို ပေးနေတဲ့ shizuoka ပြည်နယ်မှာရှိတဲ့ နယူကလီးယား ဓာတ်အားပေးစက်ရုံကိုလည်း အကယ်၍များ ထပ်ပြီးငလျှင်သို့ မဟုတ် ဆူနာမီဖြစ်ပေါ်ခဲ့သည် ရှိသော် ယခုအခြေအနေမျိုး ထပ်မဖြစ်လာနိုင်ရန် ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ...။ နယူကလီးယား ဓာတ်အားပေးစက်ရုံကို ရပ်နားဖို့ ၀န်ကြီးချုပ်ရဲ့ တောင်းဆိုမှုကို အဲ့ဒီ့ နယူးကလီးယား ဓာတ်အားပေးစက်ရုံ ကုမ္မဏီကလည်း လက်ခံလိုက်ပါတယ်။ လောလောဆယ် ပြန်လည်စစ်ဆေးမှု အတွက်ရပ်ထားပေးမယ်။ ပြန်လည်ပြီးလည်ပတ်ဖို့ကို သင့်လျော်တဲ့ အနေအထား၊ အန္တာရယ်ကင်းတဲ့ အနေအတား ရှိမယ်ဆိုမှ နောက် ၃နှစ် ၄ နှစ်လောက်မှ ပြန်ပြီးလည်ပတ်မယ်လို့ ဆိုပါတယ်။ သူက နာဂိုရာဘက်ကို ပေးနေတာကိုး။ ပင်လယ်ကမ်းခြေမှာပဲ ရှိနေတဲ့အတွက် သူတို့စိုးရိမ်ပြီး ဖြစ်လာခဲ့သည် ရှိသော်ဆိုတဲ့ ကြိုတင်ပြင်ဆင်ချက်တွေမှာ အစိုးရရော၊ စီးပွားရေးသမားတွေရော၊ ပြည်သူရော ပူးပေါင်းကြတယ်ဆိုတာ မြင်လိုက်ရပါတယ်။ ဓာတ်အားပေးစက်ရုံ အနေနဲ့ ကလည်း သူတို့ကို ပြည်လည်ပြီးတော့ ကြည့်ရှုပေးဖို့ တောင်းဆိုထားပါတယ်။
အဲ့ဒီ့တော့ ကျွန်မတို့ နေတဲ့ ဒေသတစ်ဝိုက် kansai(ကျိုတို၊ ကိုဘေး၊ အိုဆာကာ၊ နာရာ) ဧရိယာမှာလည်း ဒီနှစ် နွေရာသီအတွက် မီးခြွေတာဖို့ကို လှုံဆော်မှု တွေရှိလာပါပြီ။ အင်တာဗျူးတွေမှာ အရပ်သူအရပ်သားတွေက ဒါကို တတပ်တအား ပါဝင်ကြမယ်လို့ ဖြေကြပါတယ်။ တစ်နိုင်ငံလုံး အခြေအနေက ဒီလိုဖြစ်နေတော့ အခုလို ပြည်သူတွေက ပါဝင်ပူးပေါင်းကြမှသာလျှင် nihon hitotsuni narou (စည်းလုံးခြင်းဖြင့် ပြန်လည်ထူထောင်ပါအံ့) ဆိုပါတယ်။ အားကျစရာပါ။
တစ်ခါက တီဗီအစီအစဉ်တစ်ခုမှာ တနေကုန် အာလူး မီးဖုတ်ပဲစားရမယ်ဆိုတဲ့ ခလေးငယ်တွေရဲံ့ ကျောင်းက အိမ်စာကို ကလေးတွေလိုက်နာသလို အိမ်က လူကြီးတွေက လည်း လိုက်နာပြီး ပံ့ပိုးပေးကြတာကို ကြည့်ဖူးပါတယ်။ ဂျပန်ဟာ စစ်မဖြစ်ခင်မှာရော စစ်ပြီးတဲ့နောက်ပိုင်းမှာတော့ပိုဆိုးစွာ အစားအသောက်ရဲ့ ငတ်ပြတ်မှုဒဏ်ကို ခံခဲ့ရတော့ ဘယ်လောက်ပဲ ယခုအချိန်မှာတိုးတက်နေပါစေ အကယ်၍ များစစ်ဖြစ်ခဲ့သည်ရှိသော သို့မဟုတ် ယခုလို သဘာဝဘေးဒဏ် ခံခဲ့ရသော်ဘယ်လို ရင်ဆိုင်မလည်းဆိုတာကို နားလည် သဘောပေါက်စေရန် ဆိုတဲ့ရည်ရွယ်ချက် နဲ့ဒီလို ပညာပေးမျိုးတွေ ကို လုပ်လေ့ရှိပါတယ်။ ငလျှင်မတိုင်မှီအထိ လုပ်ငန်းရှင်အနေနဲ့ နေခဲ့သူတွေ၊ အိမ်ပိုင်ယာပိုင်နေခဲ့သူတွေ ယခုအချိန်မှာ သူများယာထဲမှာ အပင်ရိတ်နေကြတာတွေ၊ ကယ်ဆယ်ရေးစခန်းတွေမှာ နေကြသူတွေ ကိုမြင်လိုက်ရတာဟာ ကျွန်မတစ်ခါမှ လေးလေးနက်နက် မတွေးခဲ့ဘူးတဲ့ မမြဲခြင်းဆိုတဲ့အရာ ကိုတုန်လှုပ်စွာ သတိတရား ရလိုက်ပါတယ်။
ကယ်ဆယ်ရေး စခန်းတွေမှာ နေရသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာတဲ့သူတွေ၊ သန့်ရှင်းရေး အားနည်း လာမှု့ကြောင့် ကူးစက်ရောဂါတွေ ရဲ့အကြောင်းတွေ စစခြင်းမြင်လိုက်ရသလို၊ တစ်ဖက်ကလည်း တိုကျို ပြည်နယ် စည်ပင်သာယာရေးပိုင် တိုက်ခန်းတွေမှာ ပြောင်းလာတဲ့ မိသားစုတွေအတွက် ၆ လ အိမ်ငှားခ လွတ်ကင်းခွင့်တွေ၊ ဒုက္ခသည်တွေရဲ့ ကျန်းမာရေး အာမခံတွေအတွက် လျော့ပေါ့ စဉ်းစားပေးမယ့်အစီအစဉ်တွေကလည်း သာဓုခေါ်စရာပါ။ ဒီလိုပဲ အိမ်၊ ကား အကြွေးနဲ့ ၀ယ်ကြတဲ့ ဒီလိုနိုင်ငံမျိုးမှာ အိမ်လည်းပျောက် ကားလည်းမျောသွားပေမယ့် အကြွေးကတော့ ဆက်ပြီး ဆပ်နေရအုန်းမယ့် ဒုက္ခတွေ။ ပြန်လည် ထူထောင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးတွေ နိုင်ငံခြားကလတင်သွင်းရမယ့် ပစ္စည်းတွေအတွက် ဂျပန်ယန်းဈေးများ ကျလေမလားလို့ တွက်ကြည့်မိပေမယ့် ယန်းဈေးကတော့ လောလောဆယ် မာလျှက်ပါပဲ။ ဂျပန်အစိုးရက သိမ်းထားတဲ့ ဒေါ်လာတွေပဲ သုံးမလားမသိဘူး ဆိုပြီး မဆီမဆိုင်တွေးမိနေပါတယ်။
ကျွန်မ ဆရာတစ်ယောက်ဆို သူငယ်ငယ်က စစ်ပြီးတော့ ထမင်းမနပ်မှန်ခဲ့သလို ထမင်းရှိတော့လည်း ဟင်းဆိုတာ မတွေးဖူးခဲ့ဖူး။ ume boshi လို့ခေါ်တဲ့ မက်မန်းသီးအစိုနှပ်နဲ့သာ ထမင်းကို စားခဲ့ရတယ်လို့ ပြောပါတယ်။ အမေရိကားက စစ်သားတွေဝင်လာတော့ ကိုကာကိုလာ ပါလာတယ်တဲ။့ အဲ့ဒီ့စစ်သားတွေက ဖန်ခွက်ထဲမှာ ကိုလာကိုထည့်ပြီး နေရောင်မှာ သောက်လိုက်တော့ လူသွေးတွေလို့ သူတို့က ထင်သတဲ့။ ခလေးဆိုတော့ အရပ်ထဲမှာလည်း အမေရိကန်စစ်သားတွေက ထွားထွားကြီးတွေ လူသွေးသောက်တယ်လို့ ပြောကြတော့ တစ်ကယ် ယုံနေတာတဲ့။ အသားစား ကြမ်းပြီးထွားကြိုင်းတဲ့ လူတွေကို ကြည့်ပြီး သူတို့ က အရပ်စကားနဲ့ yaban (အရိုင်းအစိုင်းတွေ)လို စိတ်နာနာနဲ့ ခေါ်ကြတော့ ဂျပန်လူမျိုးတွေ ချွတ်ပြီး ရေတူတူ ချိုးကြတဲ့ဓလေ့ကို မြင်တဲ့ အနောက်တိုင်းသားတွေက ဟင် ငါတို့ကို yaban လို့ခေါ်တယ်။ တစ်ကယ်က နင်တို့ကမှ yaban လို့ ပြန်ပြောသတဲ့ ။
ကျွန်မ မူလတန်းကျောင်းလေးကို မြန်မာပြည်နဲ့ ပတ်သက်တဲ့ အရာလေးတွေ သွားပြောပြတော့ ကျောင်းမှာ သူတို့နဲ့အတူ နေ့လည်စာကို အတူတူစားရပါတယ်။ အလှည့်ကျခ လေးလေးတွေက အတန်းထဲကို ထမင်းအိုးတွေ ဟင်းအိုးတွေ သယ်တယ်။ကျန်တဲ့ခလေးတွေ က တန်းစီပြီး ထမင်းဟင်းကို ယူကြတယ်။ မီနူးက ငါးတစ်တုံး (နေ့စဉ် မပါမနေရ ၊ နို့တစ်ဗူး၊ ပဲဟင်းချို) တို့ဟူး၊ အရွက် ပြုတ်။ ဂျပန်ရဲ့ မူလတန်း ကျောင်းတွေက နေ့လည်စာ ကိုကျောင်းကနေ ထုတ်ပါတယ်။ တစ်လကို ၂၈၀၀ယန်းလောက် ပေးရပေမယ့် မိဘကလာပြီး မပေးနိုင်ပါလို့ လက်မှတ်လာထိုးရင်လည်း အလကားကျွေးပါတယ်။ တစ်ချို့ ကားသာ ၀ယ်စီးနေတာ ခလေးအတွက် ကျောင်းထမင်းဖိုး မသွင်းနိုင်ပါလို့  လာပြီးလက်မှတ်ထိုးတဲ့ သူတွေ ရှိသတဲ့။
ဘယ်သူကတော့ ပေးတယ် ဘယ်သူကတော့ မပေးဘူးဆိုတာ ကျောင်းက လျှို့ဝှက်ထားတဲ့ အတွက် နင်ကတော့ ပေးတယ်။ နင်ကတော့ မပေးပဲစားတယ် ဆိုတာတွေလည်း ကင်းတာပေါ့။ ဒီလိုပဲ ရန်ကုန်က ကျောင်းတွေကလို ပဲပြုတ်ပဲပါတဲ့ ခလေး၊ အသားဟင်းပါလာတဲ့ ခလေးဆိုတာမျိုးတွေ မရှိတော့သလို။ မစားချင်တာ မကြိုက်တာလည်း မရှိတော့ ယေဘုယျအားဖြင့်တော့ အားလုံးဟာ အတူတူစားတယ်။ ဆင်းရဲချမ်းသာ သိပ်မကွာတော့ တာတော့အမှန်ပါပဲ။ ပန်းအမျိုးအစားစုံလင် ပြီး ရေခံမြေခံကောင်းတော့ ဂျပန်နိုင်ငံဟာ ရာသီအလိုက် မဟုတ်ပဲ လအလိုက် ပွင့်နေတဲ့ပန်းတွေ ကတော့ စုံပါတယ်။ အထူးသဖြင့် ဒီလဆိုရင် ပန်းအမျိုးစား ပေါင်းစုံ လှလွန်းစွာပွင့်နေသလို ပန်းဝတ်မှုံ အလာဂျီကလည်း အတော်ကိုဆိုးပါတယ်။
မှတ်ချက်။....။ ရေးချင်လွန်းလို့ ရေးလိုက်ပါတယ်။ စာလုံးပေါင်းမှားရင် ပြင်ပေးသွားကြပါ။
ချမ်းမြေ့ကြပါစေ။
ကြည်ကြည်
Sunday, April 17, 2011
စတော်ဘယ်ရီ ချယ်ရီ ရော ရင်
ပျောက်သောသူရှာရင်တွေ့ မရေးသောသူကြာရင်မေ့ .......
ဒီမှာတော့ ဆာကူရ တွေပွင့်လို့ ကြွေတောင်ကြွေပြီ ။ကြည့်လို့ရမယ်ဆိုလည်း ဒီတစ်ပတ်က နောက်ဆုံးပါပဲ။ လတ်တလော ဘာတွေလုပ်နေလို့ ငြိမ်သွားတာလည်းလို့ မေးတဲ့သူတွေကို စာတွေများလို့ ရယ် မုဒ်မ
ဝင်ဘူးလို့ ပဲ ပြောပါရစေ။
ကိုယ်တွေ နေတဲ့နေရာနဲ့ကဝေးပေမယ့်   တိုကျိုဘက်အခြမ်းကတော့ နေ့တိုင်းနီးပါးကို အနည်းဆုံးတနေ့ ၂ ကြိမ်လောက်တော့  ငလျှင်သတင်းက တွေ့ နေရတယ်။ အသိတွေနဲ့ဖုန်းပြောလည်း မူးနေတာပ
ဲလို့ ပြောကြတယ်။ ပြန်လည်ထူထောင်ရေးတွေလည်း လုပ်နေကြပေမယ့် ပျက်စီးမှု့ ကနည်းတဲ့ အတိုင်းအတာမဟုတ်တော့ အတော်အချိန်ပေးရအုန်းမယ်။ လွန်ခဲ့တဲ့ လအထိ မာနေတဲ့ ဂျပန်ယန်းဈေးကလည်း ခုတဖြေးဖြေး တန်ဖိုးကျလာပြီ။   ငလျှင်ကြီးနောက်ပိုင်းမှာ ဂျပန်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ၀င်လုပ်နေကြတဲ့ တရုတ်လူမျိုးအများစု နောက် အခြားနိုင်ငံခြားသားတွေ အတော်ကို ပြန်သွားကြတယ်။ တစ်လနီးပါး ပိတ်ထားတဲ့ တိုကျို ဒစ်စနေလန်း လည်း စနေ နေ့ကပြန်ဖွင့်တယ်။
ကျွန်မတို့ တွေ လည်း ခရီးကပြန်လာပြီးကတည်းက တစ်ချို့ လည်း ကိုယ့်စာကိုယ်ပြီးအောင်အမြန်လုပ်ကြ ဘွဲ့မယူပဲ စာတမ်းတင်ပြီးသည်နှင့်ပြန်ကြမယ့်သူတွေ ကျွန်မလည်းစာတမ်းတင်ပြီး တာနဲ့အိမ်ပြန်ဖို့ အစီအစဉ်ဆွဲပြီး ဘွဲ့ယူခါနီးမှပဲ ပြန်လာတော့မယ်လို့ ဆုံးဖြတ်။ စာတမ်းတင်ပြီးတာနဲ့ ဘွဲ့ယူတာက တစ်လခွဲနီးပါး အချိန်ရသည်။   တစ်ချို့  လည်း လိုအပ်သလောက်အ၀တ်အစားသာထားပြီး အကုန်ပြန် ပို့ နေကြသည်။ အားလုံးတူညီစွာတွေးမိသည်က ငါတို့ ကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုကိုယ်တိုင်မကြုံလိုက်ရတာ ဘုရားမကြတာပဲလို့ ။
ကျွန်မက  ဆက်နေဖို့ မနေဖို့ကို အစက မရေမရာ။ ခုတော့မိသားစုကလည်းကိုယ့်နောက် လိုက်မနေနိုင်သည့်အတူတူ ဆက်တက်ဖို့ ဆိုတာလည်းဆန္ဒမရှိတော့။ ဒီကြားထဲ မနှစ်က တိုကျိုမှာနေတုန်း အိမ်ရှေ့အိမ်ကို ညကြီးမင်းကြီး ဆေးရုံကားရောက်လာ ဆေးရုံတတ်မည့်သူက ဆေးရုံကားပေါ်ပါသွား မိန်းမဖြစ်သူက ခလေးလေးပိုက်ပြီး အိမ်တွင်ကျန်ခဲ့။ ဘေးပတ်ဝန်းကျင်ရဲ့ ခလေးကြည့်ပေးမယ်လေ လိုက်သွားလို့ ပြောမယ့်သူမရှိ။ လူနာလည်း တစ်ယောက်တည်း လူနာရှင်လည်းတစ်ယောက်တည်း.။ ထို မြင်ကွင်းမြင်မိကတည်းက အတော်ကိုေ၇ှာ့ခ် ဖြစ်ခဲ့ရသည်။ ကိုယ်လည်း အားငယ်တတ်တဲ့ အမျိုးကိုး….(မချစ်လေသံ..တိုက်ဆိုင်၍ယူသုံးသည်)။
ပါ့သ်က ချစ်မမ ကတော့ညည်းပြန်ပါအေ တဲ့။ စ က မမ ကတော့ ညည်း ပြန်မယ်လုပ်တာ
မှန်တယ်အေ့တဲ့။
ဒီထက်ကြာရင်လည်း အိမ်က ဖေဖေခေါ်သလို မယ်မဒန်း ဖြစ်တော့မည်။ အိမ်က လူလည်း နောက်ထပ်အိမ်တစ်ဆောင်မီးတစ်ပြောင် မဖြစ်ဘူးလို့ အာမမခံနိုင်။ ကဲဒါကတော့ လတ်တလော အခြေအနေ။
ဂျပန်မှာ ဆာကူရ. ကျွန်မနှင့်ချယ်ရီ
ပထမဆုံး ကျွန်မ ဆာကူရကိုမြင်ဘုးတာ 19xx (နှစ်အတိအကျမရေးတာ သည်းခံ)
ကျွန်မရဲ့ဆယ်ကျော်သက်ကိုကုန်ခါနီး..ဟဲဟဲ….
ပထမဆုံးဂျပန်ကိုရောက်တာက ဧပြီလ သင်္ကြန်ကျခါနီး ရက်ပိုင်းအလိုမှာ မြန်မာပြည်ကနေထွက်လာရရော လေယဉ်ပေါ်ကနေခြေချပြီး ရထားစစီး တာ နဲ့ ဆကူရာတွေကိုမြင်လိုက်တဲ့ မြင်ကွင်း ၊ ရန်ကုန်မှာ ပိတောက်ဝါ၀ါတွေ မြင်လာသူက ၁၂ နာရီ နီးပါး ကွာသွားသည့်နောက် နောက်ထပ် ပန်းရောင်ပန်းတွေ အများကြီးမြင်လိုက်ရတဲ့ မြင်ကွင်းက  ကျွန်မဘယ်သောအခါမှ မေ့မရနိုင်ခဲ့သည့်မြင်ကွင်း။ နွဲ့ယဉ်ဝင်းရဲ့ 
ဝေးတစ်မြေကိုသွားတဲ့ ဂျပန်က မောင့်ရဲ့စာ ဆိုတာက သူ့ အချစ်လည်း ကျွန်မလိုပဲ ဒီလိုအချိန်မျိုးရောက်လာသူဖြစ်ပေလိမ့်မည်။
အတုတွေ အစစ်ထက်လှနေတဲ့ ခေတ်မှာ  မနှစ်က မှ စိုက်တဲ့ ဆကူရာ ကိုင်းကူးပင်လည်း ဆေးထိုးပေးထားတော့ကျောင်းထဲမှာပွင့်နေပြီ။ တစ်ချို့ နေရာတွေ လည်း ဆေးထိုးပြီးစိုက်ခဲ့တာ နှစ်၅၀ သက်တမ်းတဲ့။ ခုသက်တမ်းကုန်ခါနီးပြီတဲ့ နောက်မပွင့်ရင်ဒီလိုနေရာဘာနဲ့ ဆွဲဆောင်မလည်း
လို့ စိတ်ပူနေကြသူတွေ ရှိသည်။ ပွင့်တာကတော့ အပင်မသေမချင်းပွင့်မည့်အပင်ကတော့ ရှိမှာပါပဲ။စိုက်ပျိုးရေး သမားတွေကတော့ နားလည်ပေလိမ့်မည်။
ဟနမိ(hanami) ချယ်ရီပန်းပွဲတော်ပေါ့လေ။ ချယ်ရီပင်တန်းတွေအောက်မှာ နေရာကြိုယူထားကြပီး ပန်းပင်တွေအောက်မှာ ပန်းတွေရဲ့အောက်မှာ ပန်းတွေကိုငေးမောပြီး စကားပြောကြ ။စားကြသောက်ကြ တဲ့ပွဲ (ဟိုးအရင်ကတော့ရန်ပွဲတွေဘာတွေဖြစ်ကြသည်)။ သူတို့ ရိုးရာ ပွဲ တစ်ခု။
စတော်ဘယ်ရီ ချယ်ရီရောရင် တော်တန်ရုံလူပင်  ဆိုတဲ့ စိမ်းမို့ မို့ ရဲ့သီချင်းလိုပါပဲ။ ချယ်ရီပေါ်ချိန်က စတော်ဘယ်ရီလည်းပေါ်ချိန်ကိုး …ဒါပေမယ့်စားတဲ့ချယ်ရီသီး (sakuranbo)ဟာ ဒီဆာကူရာ ချယ်ရီ ပင်ကမဟုတ်မှန်းတစ်ချို့ လည်းမသိကြ။
နောက်ဒီပန်းချယ်ရီ မှာမှ စားလို့ ရတဲံ့ ချယ်ရီပန်း ပွင့်ရွက်နဲ့  စားလို့ မရတဲံ့ ချယ်ရီပန်းကရှိသေး ။
တို့ ရွှေပြည်မှာ အ၀ါရောင် မယ်ဇလီဖူုးတွေ တွေ့ တိုင်းစားလို့ ရမယ်ထင်တာ။ စားလို့ ရတဲ့ အပင်က သပ်သပ်လို့ ပြောကြတာပဲ။
ဒီမှာလည်း စားလို့ ရတဲ့ ချယ်ရီပန်းပင်က အရွက်ရဲ့ ရနံတို့ အရွက်ရော ပန်းပါ ချဉ်ဖတ်လေးစိမ်ပြီး မုန့်တွေထဲထည့်တာကသပ်သပ်။
ဒီလိုရာသီ ဒီလိုချယ်ရီတွေ နောက်ဘယ်တော့မှ ပြန်ကြည့်ရမလည်းတော့မသိ။…
ချယ်ရီပွဲတော်
နေခြည်မှာရွှေရည်လောင်း ငါတို့ စာသင်ကျောင်း
 တွေ့ လား ကိတ်ပေါ်မှာ ဆာကူရာပုံနဲ့ ဆာကူရာ ပန်းချဉ်ဖတ်လေး
ကျွန်မနှင့်သင်္ကြန်..
အသက်ကြီးလာမှ ရန်ကုန်သင်္ကြန်ကို ပြန်ပြီး ဆော့ကစားချင်စိတ်က ပေါက်လာတယ်။ ကျွန်မက သင်္ကြန်လည်ရမှာ ကြောက်သူ … အိမ်ရှေ့ ရေပုံးထားပြီး ဖြတ်သမျှကားသာ ပက်သူ။
ခု သင်္ကြန်ပုံတွေကြည့်ပြီး ကျွန်မသူငယ်ချင်း ဂျပန်မလေး ရန်ကုန်သင်္ကြန်လာလည်တာ သတိရသွားသည်။ ၂၀၀၀လောက်တုန်းက ပေါ့ ။ သင်္ကြန်ဆိုတာ ရေလောင်းတယ်နော် တစ်ကိုယ်လုံးရွှဲမှာလို့ ပြောထားခဲ့တော့ သူ ကလည်ရင် ရေကူးဝတ်စုံနဲ့  လည်ဖို့ ပါလာတယ်တဲံ့ ။ ရေစိုမှာကိုး သူတွေးတာမလွန်လောက်ဖူး။
နောက်နားမလည်တာက လည်ကြပတ်ကြတော့ နိုင်ငံခြားသားတွေက ရော်ဘာဖိနပ်စီး ရေစိုခံစီးကြပေမယ့် တို့ ရွှေမြန်မာမိန်းကလေးတွေက လေဒီရှုးစီး ကြိုးသိုင်းအလှတွေစီးပြီး အပျက်စီးခံကြတာကို
သူတို့ ကအံသြကြတယ်။ ကျွန်မလည်း အဲ့လိုတွေးဖုးတယ်။ ဟော ခုလည်းသင်္ကြန်ပုံတွေမှာ မိန်းကလေးပုံတွေမှာ လေဒီရှုးတွေ ဘွတ်တွေ က အထင်းသား ။
ရန်ကုန်ပြန်လျှင်ယူသွားရန် စာရင်းမှာ တစ်ခုထပ်တိုးလိုက်ပြီး မင်နီနဲ့ ရေးလိုက်တယ်။
မြန်မာပြည်သင်္ကြန်သုံးရန် ၀ယ်ရန်စာရင်း
၁။ စကဒ်တိုတို
၂။ အင်္ကျင်္ီကျောတစ်ဝက် အနက်ရောင်
၃။ ခရမ်းရောင် ဆံပင်ဆိုးဆေး
၎။နှတ်ခမ်းနီ အနက်ရောင်
၅။ကြောင်ကြောင်ကျားကျား ခြေအိတ်…
၆။ မိုးတွင်းစီးရော်ဘာဘွတ်ဖိနပ်။
photo from google
ဒီပုံက ၁၉၉၆ လောက်က ဂျပန်မှာ ခေတ်စားသွားတဲ့စတိုင်
မြန်မာပြည်သင်္ကြန်နဲ့ ကိုက်မလားပဲ။
gankuro လို့ ခေါ်တယ်။ တစ်ကိုယ်လုံးကိုနေလောင်တဲ့မိပ်ကပ်အရောင်လိမ်း မျက်လုံး နဲ့ နှုတ်ခမ်းကို အဖြုဆိုးတာ။ ဆံပင်ကို ရွှေရောင်မှာ မှ အဖြူရောင်ဟိုက်လိုက် ထပ်ဖောက်။ ဖက်ရှင်ဆိုတာ တစ်ပတ်လည်နေတာပဲကိုးနော်။
photo from google
 ချစ်ခင်စွာဖြင့်
ကြည်ကြည်
Saturday, April 2, 2011
တို့ တွေရဲ့ ရန်ကုန် (အတင်းစကားမဆိုနဲ့ကွယ်)
အစကတည်းကမှ လေယဉ်ကို  ၃နာရီထက်ဆို ပိုမစီးချင်တဲ့သူ..ဂျပန် ရန်ကုန်ခရီးစဉ်ဆို အမြဲ ၆ နာရီနီးပါး ။
ခုတစ်ခေါက်ခရီးစဉ်ကတော့ရှာမှ ရှားပဲ။
ဟနေဒါ- ကွာလာလမ်ပူ...၇ နာ၇ီ
စကာၤပူ - ဘာလီ   ၂ နာရီ နီးပါး
ဘာလီ -စကာၤပူ    ၂ နာရီ နီးပါး
စကာၤပူ - ရန်ကုန်  ၃ နာရီ နီးပါး
ရန်ကုန် - ဘန်ကောက် - ၁နာရီင်္ ၅ မိနစ်
ဘန်ကောက်- ကန်ဆိုင်း   ၆ နာရီ
ဒီကြားထဲ အစီအစဉ်မရှိပဲ  ရန်ကုန်ပြန်ရတော့ လေယဉ်လက်မှတ်ကလည်း ဈေးတတ်ချိန် နောက်ပြီး ခရီးစဉ်အတိုင်းမဟုတ်တော့ ဘာလီ စင်္ကာပူ ၊ စင်္ကာပူ- ရန်ကုန် ၊ ရန်ကုန်- ဂျပန် လက်မှတ်တွေက အပိုကုန်တွေ ဖြစ်သွားတော့တာပေါ့ ။ မိသားစုနဲ့ နေလိုက်ရတယ်ဆိုတဲ့ အမြတ်တစ်ခုနဲ့ပဲ ဖြေသာရပေမယ့် ရောက်လေရာ ဗီဇာကဒ်နဲ့ ပဲ ဖြေရှင်းနေရတော့  ပြန်ရင်တော့  ဒီတစ်လ ၀ယ်ချင်တာလေး သွားချင်တာလေး ချုပ်တည်းရတော့မယ့် အပြင် ထုံးစံအတိုင်း အိမ်ကနေ နည်းနည်းလေး မစပါအုန်းဆိုပြီး ပြန်တောင်းခဲ့ရတယ်။
 ရန်ကုန်မှာလည်း ဒီတစ်ခါ စားစရာ တွေ ၀ယ်တာကလွဲလို့  ဘာမှ အပိုမကုန် မ၀ယ်မိအောင် နေ
လို့ အိမ်က လူကတောင် ဟယ် တော်လိုက်တာ အမြဲ အဲ့လိုနေနိုင်ရင်သိပ်ကောင်းမှာပဲ တဲ့ ။ ဒီကြားထဲ မေလ်းကို ဖတ်တော့ နောက်လတွေကနေစပြီး စကော်လာလျှော့တယ်။
ရန်ကုန် ဆိုတာထက် ရကုန်ဆိုရင် ပိုမှန်မလား ။ အကုန်လုံး ငြီ်းလိုက်ကြတာ။ ချမ်းသာတဲ့သူလည်း ငြီးတယ်။ အလယ်အလတ်လည်း ငြီးတယ်ဆိုတော့ ကျန်တဲ့သူတွေ ဘယ်လိုနေမလည်း စဉ်းစားသာကြည့်။ ကျွန်မက အမြဲ ပြန်မယ် ပြန်မယ် ဆိုပြီးကြွေးကြော်နေတဲ့သူတောင် တခြားသူတွေကို(တစ်ကိုယ်ရေ တစ်ကာယသမားတွေ) ပြန်မလာနဲ့ လို့ သာ တိုက်တွန်းလိုက်ချင်တော့တယ်။
ဘယ်နှယ့်ကွယ် ဂျပန်မှာ ဆီတစ်ပိသာ မြန်မာငွေ ၃၀၀၀ကျပ်လောက်ပဲ ရှိတယ်။ မြန်မာပြည်မှာ ဆီတစ်ပိသာ ၃ ထောင်ကျပ်နဲ့ ရလို့ လား ။ ဆန်တစ်အိတ်ကို လေးသောင်း၈ ထောင်တဲ့ (မေမေပြောတာ)။
ဥပမာ  ဘီယာတစ်ပုလင်း ၁၅၀၀နဲ့ ကျပ်တွက်ရအောင်။သာမန် အလုပ်သမားတစ်ယောက်ရဲ့ လစာ ၆သောင်းကျပ်နဲ့တွက် သူ့ ရဲ့ လစာရဲ့ ၂.၅ % ကိုယ်သုံးနေရပြီ။ ကမ္ဘာ့ တတိယ စီးပွားရေး အင်အားကြီးနိုင်ငံရဲ့ ဈေးနဲ့တွက်ကြည့်လေ ။ဘီယာတစ်ပုလင်းကို မြန်မာငွေ ၂၈၀၀ ကျပ်နဲ့ တွက်မယ်ဆိုရင် သူတို့ ရဲ့ ကြမ်းတိုက် သန့် ရှင်းရေး အခြေခံလုပ်သားတစ်ယောက်ရဲ့လစာ မြန်မာငွေ ၁၄ သိန်းနဲ့ လျှော့ပေါ့ပေါ့တွက။် ဘီယာတစ်ပုလင်းအတွက် သူ ၀.၂ ရာခိုင်နှုန်းပဲသုံးလိုက်တယ်။ ကဲ ဘယ်က ဈေးကြီးသလည်း။
အများကြီးလည်းမဆွေးနွေးနိုင်ပါဘူးမြင်သမျှလေးပြောပြမယ်။
ခုတစ်လော ရန်ကုန်မှာ ၀န်ဆောင်မှု့ က ဒီလောက်မကောင်းပေမယ့် ကော်ဖီဆိုင်လှလှလေးတွေ ထပ်ထွက်လာတယ်။ အောင်ပွဲခံနေတာကတော့ ဓမ္မာစေတီလမ်းပေါ်က coffee circle (ကြာပြီ) နောက်နာမည်ကြီးလာတာက coffee Jasper. ရွှေဘထမင်းဆိုင်လမ်းထဲက .. ကော်ဖီတစ်ခွက်ကို ၂၂၀၀လောက်ကနေစတယ် ။ ဆိုင်အပြင်အဆင်ရတော့ လက်ခံပေးလိုက်မယ်။
 ကဲ ဒါဆိုရင် အင်းလျားကန်ဘောင်မှာ လူတိုင်းဝင်ထွက် စားသောက်လို့ ရအောင် လုပ်ပေးထားတဲ့ အရသာလည်း၇ှိတဲ့ နာမည်လည်းရှိတဲ့ မင်းလမ်း မုန့် တီ
အောက်ကပုံများကြည့်ပါ။
ဂုံးပေါင်း ၄ ကောင်တစ်ပွဲ ၄၀၀၀ကျပ် ..ပုစွန်စိမ်းသုပ်တစ်ပွဲ ၅၀၀၀ ကျပ်ပါ။
အမည်းရောင်ကေ၇ညှိ သုပ်၊ဘေးက ပန်းကန်ထဲက ပုဇွန်စိမ်းသုပ်
အော်ရန်ကုန်  ရန်ကုန်..
ကားဂိတ်မှာရပ်နေကြသူတွေ ဈေးထိပ်မှာ ရပ်နေကြသူတွေ နေအပူကြောင့်လားပဲ အ၀တ်တွေက ပိုပြီး အရောင်မှိန်နေသလိုပဲ။  ရာသီဥတုကတော့ မတ်လနဲ့ မလိုက်အောင်ကို နေလို့ ထိုင်လို့ ကောင်းခဲ့တယ်။ သိပ်မပူဘုူး ။ မီးလည်း မဆိုးဘူး ပျက်လည်းခဏပဲ။
ဘယ်နေရာတွေ စည်သနည်း။
pub သို့ မဟုတ် cafe လို့ အမည်ခံထားတဲ့ နိုက်ကလပ်တွေ အတော်ကိုစည်တယ်။ လူကိုညှပ်နေတာပဲ။
ခေတ်စားတဲ့သီချင်းက အောင်လရဲ့ တောင်းပန်ပါတယ်ဆိုလားဘာလား။သင်္ကြန်သီချင်းလည်း DJ ကပွတ်နေတာပဲ။
ဟိုတယ်ဝင်းတစ်ခုတည်းမှာတင် ကလပ် ၂ ခု၇ှိတယ်။ နိုင်ငံခြားသားတွေ လည်းအုပ်စုလိုက်များတယ်။ ကလပ်အတွင်းလုံခြုံရေးဝန်ထမ်းတွေကတော့ ဘယ်ကနေဘယ်လိုရှာထားလည်းမသိဘုး နည်းတဲ့ ဒေါင်တွေ ကိုယ်လုံးတွေ မဟုတ်ဘူး။  အမူးလွန်နေတဲ့ ကောင်မလေးတွေကို သန့် စင်ခန်းဝအထိသေချာတွဲ ပို့ တယ်။ 
နောက် ကမ္ဘာအေးဘုရား လမ်းပေါ်နားမှာပဲ ၇ှိတဲ့ ကလပ်တစ်ခုကတော့ အံမယ် မိန်းကလေးတိုင်းပေးမ
ဝင်ဘူးတဲ့ နေရာကျဉ်းလို့ တဲ့ ။ သူက မနက် ၅ နာရီထိ ဖွင့်တယ်။ သန့်စင်ခန်းဝင်တော့ ခုနာမည်ရှိတဲ့ မင်းသမီးတစ်လက်နဲ့ တွေ့ တယ်။ သန့် စင်ခန်းစောင့်အဖွားကြီး ရဲ့ သမီးရေ သမီးကို
အားပေးနေတယ်နော် ။ ဆက်ကြိုးစားသမီး နော် ဆိုလို့ ကြည့်လိုက်မိတယ်။ သူကတော့ ကလပ်ကို ၃ နာရီလောက်မှရောက်လာတာတဲ့။ ကားကို ဆိုင်နောက်က ခြံဝင်းထဲမှာ ရပ်ထားတော့ ပြန်တော့မယ်အလုပ် စောနမင်းသမီး ဈေးညှိနေတာတဲ့ ။ကိုယ်ကားပေါ်တတ်တော့ သူက ခေါင်းကြီးငုံနေရှာတယ်။
 သောက်ညှင်ကပ်ကပ်နဲ့ ကားမီးထိုးပေးလိုက်တယ်။  ကလပ်လာတဲ့ မင်းသားတွေ ကတော့ ထားပါတော့ လေ ။
နောက် ခုတစ်လော ရေပေါ်ဆီ အဲ့လေ  လူငယ်တို့ စုဝေးတတ်တဲ့နေရာက  နန္ဒာလှိုင်ရဲ့ ဆိုင်ပဲ။
စားလို့ လည်း ကောင်းတယ်။ နေရာနဲ့ ဆိုရင်တော့ ဈေးလည်း အင်း မဆိုးပါဘူးပေါ့လေ....
ရန်ကုန် ရန်ကုန်  ...အတော်ပြောင်းသွားတယ်။ ဟိုးအရင်က  ကလပ်ကောင်းကောင်းဆိုရင် စီဒိုးနားအောက်၊ ပါ့ခ်ရွိုင်ရယ်အောက် ၊ ကန်တော်ကြီး ဟိုတယ်အောက် (memberonly) လောက်သာရှိတာ။
ခုအဲ့နေရာတွေက လူမစည်ဘူးတဲ့။
ကားကြီးကားငယ်နဲ့ လာနိုင်တဲ့ လူငယ်အမျိုးသားလေးတွေ များတယ်။ သဌေးဖြစ်ရတာထက် သဌေးသားဖြစ်ရတာ ကံကောင်းတယ်ဆိုတာ အမှန်ပဲ။  နောက်တို့ လို အသက်ကြီးကြီး အန်တီကြီးတွေကတော့ မရှိသလောက်ပါပဲ။ တို့ လို လာစပ်စုတာပဲ ဖြစ်ရမယ်။
ကန်ဆိုင်း လေဆိပ်ရောက် တော့ ဧပြီလရဲ့ လေနုအေးရယ်  မပြောင်းလဲတဲ့ ချယ်ရီပန်းပွင့်တွေက
သူ့ အချိန်မို့ ပွင့်နေတယ်။ Reentry ကောင်တာမှာသွားရပ်တော့ okaeri (welcome back)
လို့ နှုတ်ဆက်လိုက်တဲ့ ဂျပန်အရာရှိ .. လေဆိပ်ကနေ ထွက်လာတော့
ရထားဈေးနှုန်းလည်းမတတ်ဘူး.။ဆန်ဈေးနှုန်းကလည်းအရင်အတိုင်း ။ရေသန့်ဗုးကလည်း အရင်အတိုင်း..
အော် ငါ့အပေါ်သစ္စာရှိတဲ့ ဂျပန်ရေ ..လို့ စိတ်ထဲကတွေးရင်း 
ရန်ကုန် အတင်း များ ပြီးပါပြီ ။.....
ဘယ်မင်းသမီးလည်း သိချင်ရင် တိုးတိုးတိတ်တိတ်မေး၊  ဘယ်နေရာလည်းမေးချင်ရင် လည်းတိုးတိုးတိတ်တိတ်မေး
ကြည်ကြည်